အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။
အစောပိုင်းတုန်းကတော့ တောင်ကိုရီးယား အစိုးရဟာ အီရန်စစ်ပွဲကြောင့် ခြိမ်းခြောက် ခံလာရတဲ့ နိုင်ငံတကာ ရေကြောင်း သွားလာမှုတွေကို ကာကွယ်ဖို့ အီရန်ကမ်းလွန် ဟောမုဇ်ရေလက်ကြား တဝိုက်ကို တပ်တွေ စေလွှတ်ဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
တောင်ကိုရီးယား အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးကြောင်း မကြာသေးခင်က မှတ်ချက်ပေးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မှာတော့ လီက သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ ဟောမုဇ်ဆီ တပ်တွေ စေလွှတ်ဖို့ မဟာမိတ် အမေရိကန် အစိုးရဆီက ဖိအားပေးမှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ တကယ်လို့ တပ်တွေ စေလွှတ်ဖြစ်ရင်တောင်မှ တိုက်ခိုက်ရေး မစ်ရှင်တွေမှာ လုံးဝ မပါဝင်ဘဲ ရေကြောင်း သွားလာမှု လုံခြုံရေးအတွက် အကူအညီပေးဖို့ပဲ သီးသန့် ဆောင်ရွက်မယ်လို့ အရင်ကတည်းက လီက ပြောဆိုထားဖူးပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာတော့ လီက တောင်ကိုရီးယားဟာ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခမှာ ဘယ်လိုပုံစံနဲ့မှ ဝင်ပါမှာ မဟုတ်သလို တပ်တွေလည်း ဖြန့်ကျက်မှာ မဟုတ်ကြောင်း၊ ဒီကိစ္စကို သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း အသိပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အပြီးသတ် ဆုံးဖြတ်ချက်အရ တောင်ကိုရီးယားဟာ စစ်ရေးဖြန့်ကျက်မှုတွေကို ဘယ်လိုပုံစံနဲ့မှ လုပ်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
လီရဲ့ ဆုံးဖြတ်ချက်ဟာ ထရမ့်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို တိုက်ရိုက် ဖီဆန်လိုက်တဲ့ သဘောဆောင်ပြီး အိမ်ဖြူတော် အတွက်တော့ စိတ်ပျက်စရာ ဖြစ်လာနိုင်ပါတယ်။ တခြားနိုင်ငံတွေလိုပဲ တောင်ကိုရီးယားဟာ နိုင်ငံရဲ့ ကုန်သွယ်စီးပွား ရေယာဉ်တွေ၊ ရေနံတင်သွင်းမှုတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လုပ်သင့်တာတွေကိုတော့ ဆက်လုပ်သွားမယ်လို့ လီက ဆိုပါတယ်။
အရှေ့အလယ်ပိုင်းမှာ တောင်ကိုရီးယားက တပ်တွေ ဖြန့်ကျက်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ဆိုးလ်မြို့တော်မှာ ပြည်သူတွေက အဲဒီကိစ္စကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားက စစ်တပ်တွေ ဖြန့်ကျက်ခဲ့ရင်တောင်မှ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ မဟုတ်ကြောင်း အခိုင်အမာ ပြောခဲ့ပေမယ့် အီရန်ကတော့ ဟောမုဇ်နားမှာ လာရောက် တပ်ဖြန့်မှု မှန်သမျှကို အမေရိကန်နဲ့ အလိုတူ အလိုပါအဖြစ် သတ်မှတ်ပြီး တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
အခုလထဲမှာ အီရန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေကြား ဖုန်းဆက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ရေကြောင်းသွားလာမှု၊ လုံခြုံရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































