Connect with us

Hi, what are you looking for?

သတင်း

ပါကစ္စတန်မှာ စာသင်ကျောင်း အမိုးပြိုကျပြီး ကလေး ၃၄ ဦးနဲ့ ဆရာမ သေဆုံး

ပါကစ္စတန် နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ အမိုးပြိုကျလို့ ကလေး ၃၄ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပါကစ္စတန် နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ အမိုးပြိုကျလို့ ကလေး ၃၄ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံမြောက်ပိုင်း၊ ပက်ရှာဝါမြို့က ပုဂ္ဂလိက ကျောင်းတစ်ခုမှာ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက အမိုးပြိုကျမှု ဖြစ်ခဲ့တာပါ။ စုစုပေါင်း ကလေး ၁၁၀ လောက် ရှိနေတဲ့ စာသင်ခန်း ၃ ခုထဲကို အမိုးအစိတ်အပိုင်း အပျက်အစီးတွေ ပြုတ်ကျလာခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

နောက်တော့ သတင်းကြားလို့ ရောက်လာတဲ့ ကျောင်းသားမိဘတွေနဲ့ ဆွေမျိုးတွေဟာ အပျက်အစီးတွေကို လက်နဲ့ ဖယ်ရှားရှင်းလင်းပြီး ကလေးတွေကို အပူတပြင်း လိုက်ရှာခဲ့ကြပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာပြီးတဲ့ အခါမှာလည်း နာရီပေါင်း အတော်ကြာအောင် အပျက်အစီးတွေကို ရှင်းလင်းပြီး ကလေးတွေကို ဆွဲထုတ်ခဲ့ရပါတယ်။

အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းထိ အခြေအနေအရ အခုဖြစ်စဉ်မှာ ကလေး ၃၄ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၁၃ နှစ်အောက် အရွယ်တွေပါ။ ကလေး ၄၅ ဦးထက် မနည်းကလည်း ဒဏ်ရာတွေ ရခဲ့ပြီး ဦးခေါင်းဒဏ်ရာ ရထားတဲ့ ကလေး ၃ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ထပ်အဆောက်အအုံရဲ့ အပေါ်ဆင့် အမိုးပြိုကျပြီး မြေညီထပ် စာသင်ခန်းတွေမှာပါ ထိခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကနဦး အနေနဲ့တော့ တည်ဆောက်မှုစနစ် အားနည်း ညံ့ဖျင်းတာကြောင့်လို့ သုံးသပ်ထားပါတယ်။ တည်ဆောက်ပုံ အတော်လေး အားနည်းကြောင်း၊ အောက်ခြေ မခိုင်တဲ့ အဆောက်အအုံပေါ်မှာ အမိုးပိုင်းက အရမ်းဝန်များနေတာကြောင့် ပြိုကျတာဖြစ်ကြောင်း ပက်ရှာဝါ ရဲတပ်ဖွဲ့ အကြီးအကဲ မီယန်ဆာ့ဒ်က ပြောပါတယ်။

လောလောဆယ်မှာတော့ ကျောင်းပိုင်ရှင်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဆာ့ဒ်က အတည်ပြုခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ကျောင်းသားမိဘတွေကတော့ ကျောင်းတာဝန်ရှိသူတွေဟာ အဆောက်အအုံရဲ့ အခြေအနေကို ဂရုမစိုက်ခဲ့ဘဲ ငွေကြေး အကျိုးအမြတ်ကိုသာ အဓိက ထားနေခဲ့တယ်လို့ စွပ်စွဲပြီး အခုဖြစ်ရပ်အတွက် တာဝန်ယူပေးဖို့ တောင်းဆိုနေပါတယ်။

ပါကစ္စတန် အစိုးရဟာ ပညာရေး အသုံးစရိတ်ကို စုစုပေါင်း GDPရဲ့ ၁ ရာခိုင်နှုန်းအောက်သာ သတ်မှတ် သုံးစွဲထားတာကြောင့် မိသားစု အများအပြားဟာ တန်ဖိုးနည်းနည်းနဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ကျောင်းတွေကို မှီခိုနေကြရပါတယ်။ ဒါပေမဲ့ အဲဒီလို ကျောင်းတွေ အများစုဟာ ပြုပြင်ထိန်းသိမ်းမှု အားနည်းပြီး လုံခြုံရေးအရလည်း စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။

ဇွန်လတုန်းကလည်း နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ စာကျက်ဝိုင်း ကျူရှင်အဖြစ် ဖွင့်လှစ်ထားတဲ့ အဆောက်အအုံ တစ်ခုမှာ အမိုးပြိုကျခဲ့တာကြောင့် ကလေး ၁၄ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က တပ်နယ်အထက်တန်းကျောင်းမှာ စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ဦးက ကျောင်းသားတွေကို တန်းစီခိုင်းပြီး ဆံပင်တွေကပ်ကြေးနဲ့ လိုက်ညှပ်ခဲ့တဲ့ ရုပ်သံတစ်ခုထွက်ပေါ်နေပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ တစ်ခုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။