နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ တစ်ခုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
အောက်တိုဘာ ၂ ရက်နေ့တုန်းက ဖြစ်ရပ်မှာ အိန္ဒိယ စစ်သားတွေက လက်နက်မဲ့ ပါကစ္စတန် ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ပါကစ္စတန်က စွပ်စွဲပါတယ်။ အိန္ဒိယကတော့ အဲဒီနှစ်ယောက်ဟာ အိန္ဒိယ ပိုင်နက်ထဲ တရားမဝင် ကျူးကျော် ဝင်ရောက်ခဲ့ကြသူတွေလို့ တုံ့ပြန်ခဲ့ပါတယ်။
ဘီဒီယန် နယ်စပ်ဧရိယာနားမှာ အိန္ဒိယ နယ်ခြားစောင့်တပ်ရဲ့ လက်နက်ကိုင် စစ်သားတွေဟာ လက်နက်မဲ့ ပါကစ္စတန် အရပ်သား နှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေကို ပိုင်နက်ကျူးလွန် ဝင်ရောက်သူတွေအဖြစ် အိန္ဒိယရဲ့ မှားယွင်း ယိုးစွပ်မှုကိုလည်း ပါကစ္စတန်က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စလာမ်မာဘတ် မြို့မှာရှိတဲ့ အိန္ဒိယသံရုံး တာဝန်ခံ အရာရှိကိုလည်း ဆင့်ခေါ်ပြီး ကန့်ကွက်စကား ဆိုခဲ့သလို ဖြစ်စဉ်အပေါ် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုမျိုး ချက်ချင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement
သိပ်မကြာခင်မှာပဲ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပါကစ္စတန်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် ကင်းမဲ့ပြီး ပြဿနာဖြစ်အောင် လှုံ့ဆော်ထားတာလို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ ပါကစ္စတန်ရဲ့ သံရုံးအကြီးအကဲကိုလည်း အိန္ဒိယက ဆင့်ခေါ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို ပါကစ္စတန်ဖက်က တားဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယရဲ့ အဆိုအရ ပါကစ္စတန်ဖက်က စုစုပေါင်း လူသုံးဦးဟာ ဖီရိုဇီပူရနားမှာ အိန္ဒိယ နယ်စပ်ကို ကျော်လာခဲ့ပြီး နယ်ခြားစောင့်တွေ အကြိမ်ကြိမ် သတိပေးနေတဲ့ ကြားကနေ ဂရုမစိုက်ဘဲ နယ်စပ်စည်းရိုးနားကို ချဉ်းကပ်ခဲ့ကြောင်း၊ ဒါကြောင့်လည်း နယ်ခြားစောင့် စစ်သားတွေဟာ လုံခြုံရေး ခြိမ်းခြောက်ခံရမှုအဖြစ် သတ်မှတ်ခဲ့ပြီး မဖြစ်မနေ လိုအပ်သလို တုံ့ပြန်ခဲ့ရကြောင်း သိရပါတယ်။
ဒီကိစ္စဟာ ပါကစ္စတန် အခြေစိုက် မူးယစ်မှောင်ခို လုပ်ငန်းတွေက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေတယ်ဆိုတာ ရှင်းလင်းမြင်သာတဲ့ နောက်ထပ် သာဓက တစ်ခုလို့လည်း အိန္ဒိယက စွပ်စွဲခဲ့ပါတယ်။
ပါကစ္စတန် အနေနဲ့ နိုင်ငံတကာ နယ်နိမိတ် သတ်မှတ်ချက်ကို လေးစားဖို့၊ ပါကစ္စတန်ဖက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ မရှိတာ သေချာအောင် ကြပ်မတ်ပေးဖို့လည်း အိန္ဒိယက တောင်းဆိုခဲ့ပါတယ်။
အာရှတောင်ပိုင်း ဒေသမှာရှိတဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံနှစ်ခုကြာ မနှစ်တုန်းက ၄ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ဆက်ဆံရေး အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်တုန်းက ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာဖက်ခြမ်းမှာ လက်နက်ကိုင် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယ အများစု အပါအဝင် ခရီးသွားဧည့်သည် ၂၆ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယက အဲဒီဖြစ်ရပ် နောက်ကွယ်မှာ ပါကစ္စတန်က ပါဝင်ပတ်သက်နေကြောင်း ပြောပေမယ့် ပါကစ္စတန်ကတော့ ငြင်းပယ်ထားပါတယ်။
ကိုးကား: AFP


















































