Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Ballon d’Orဆုကို ဟယ်ရီကိန်း ဆွတ်ခူး

ကမ္ဘာ့ဘောလုံးလောကမှာ ဂုဏ်သိက္ခာ အကြီးဆုံး တစ်ဦးချင်း ဆုတစ်ခုဖြစ်တဲ့ (Ballon d’Or)ကို ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် လက်ရွေးစင်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းက ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့ဘောလုံးလောကမှာ ဂုဏ်သိက္ခာ အကြီးဆုံး တစ်ဦးချင်း ဆုတစ်ခုဖြစ်တဲ့ (Ballon d’Or)ကို ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် လက်ရွေးစင်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းက ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ကိန်းရဲ့ နောက်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက ဒုတိယ၊ ဘာစီလိုနာနဲ့ စပိန် တိုက်စစ်သမား လမိုင်းယာမဲလ်က တတိယ အသီးသီး ရရှိခဲ့ပါတယ်။ Ballon d’Orဟာ အရင်က ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုအဖြစ် ရှိခဲ့ရာက ၂၀၁၀ ပြည့်နှစ်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုနဲ့ ပေါင်းစည်းပြီး နှစ်စဉ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု တစ်ခုတည်းကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၆ မှာတော့ Ballon d’Orနဲ့ ဖီဖာဆုတွေ ပြန်ကွဲသွားပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေကို ရွေးချယ်တဲ့ ဆုကြီးနှစ်ခုကို သီးခြားစီ ပေးအပ်နေတာ ဖြစ်ပါတယ်။

ကိန်းမတိုင်ခင် Ballon d’Orဆုကို နောက်ဆုံးရရှိခဲ့တဲ့ အင်္ဂလိပ် ကစားသမားကတော့ မိုက်ကယ်အိုဝင် ဖြစ်ပြီး ၂၀၀၁ ခုနှစ်တုန်း ဥရောပ အကောင်းဆုံး ဘောလုံးသမား အနေနဲ့ ဆုရခဲ့တာပါ။ အိုဝင်နောက်ပိုင်း ၂၅ နှစ်လုံးလုံး ဘယ်အင်္ဂလိပ် ဘောလုံးသမားမှ ဆုထပ်မရခဲ့တဲ့ မှတ်တမ်းဆိုးကို ကိန်းက ချိုးဖျက်ပစ်နိုင်ခဲ့ပါတယ်။

ဒီဆုကို သူရမယ်လို့ ထင်ကြေးပေးတဲ့သူ များများစားစား ရှိမယ်မထင်ကြောင်း၊ သူ့ကိုယ်သူတောင် အများကြီး မျှော်လင့်မထားခဲ့ကြောင်း အသက် ၃၃ နှစ်အရွယ် ဝါရင့် တိုက်စစ်မှူးက ဆိုပါတယ်။ သူဟာ အနိမ့်အမြင့် အတက်အကျတွေ အများကြီး ဖြတ်သန်းခဲ့ဖူးကြောင်း၊ အထူးသဖြင့် သူ့ကစားသမားဘဝ အစောပိုင်း ကာလတွေမှာ ပိုဆိုးကြောင်း၊ ဒါပေမဲ့ အောက်ခြေ မလွတ်စေဘဲ သေသေဝပ်ဝပ် ကြိုးစားရင်း အမြင့်ဆုံး အဆင့်တွေထိ ဖြည်းဖြည်းချင်း တက်လှမ်းနိုင်ခဲ့တယ်လို့ ထင်ကြောင်း ကိန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်္ဂလန် လက်ရွေးစင် အသင်းမန်နေဂျာ သောမတ်တူဟဲလ်က သူ့ရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ကိန်းအတွက် ဝမ်းသာကြောင်းနဲ့ တကယ့်ကို ထိုက်တန်တဲ့ ဂုဏ်ပြုမှုဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ကိန်းဟာ ပြီးခဲ့တဲ့ ရာသီက ကလပ်အသင်းအတွက် ၅၁ ပွဲကစားပြီး ၆၁ ဂိုး သွင်းခဲ့ပါတယ်။ ဒါဟာ ဘောလုံးရာသီ တစ်ခုမှာ ဘိုင်ယန် ကစားသမား တစ်ဦးရဲ့ သွင်းဂိုးအများဆုံး စံချိန် ဖြစ်လာပါတယ်။ အင်္ဂလန်အတွက် ကစားတဲ့ ပွဲတွေကိုပါ ထည့်တွက်ရင် သူဟာ စုစုပေါင်း ၆၅ ပွဲ ကစားပြီး ၇၃ ဂိုး သွင်းခဲ့တဲ့အပြင် အသင်းဖော်တွေ ဂိုးရရှိအောင် ၈ ကြိမ် ပံ့ပိုးပေးခဲ့ပါတယ်။

ဒါပေမဲ့ ကိန်းဟာ နိုင်ငံတကာအဆင့် အရေးပါတဲ့ ဆုဖလားကြီးတွေကိုတော့ မဆွတ်ခူးနိုင်ခဲ့ပါဘူး။ အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ၊ ဂျာမန်ကလပ် ဘိုင်ယန်ကတော့ ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ အသီးသီး ရှုံးနိမ့်ခဲ့ပါတယ်။

ကိန်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ အင်္ဂလန် အမျိုးသား အားကစားကွင်းကြီးဖြစ်တဲ့ ဝင်ဘလေရဲ့ မုခ်ဦးခုံးကြီးကို အောက်တိုဘာ ၂၆ ရက်နေ့ညက ရွှေရောင်မီးအလင်းတွေ ထွန်းညှိထားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ အမျိုးသမီး Ballon d’Or ဆုကိုတော့ စပိန်လက်ရွေးစင် အလက်ရှာ ပူတဲလက်စ်က ဆွတ်ခူး ရရှိသွားပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီဆုကို အမြင့်ဆုံး စံချိန်တူအဖြစ် ၃ ကြိမ်မြောက် ရရှိတာ ဖြစ်သလို စပိန်ကစားသမား တစ်ယောက်ယောက်ကချည်းပဲ Ballon d’Orကို ရယူနေတာ အခုဆိုရင် ၆ နှစ်ဆက် ရှိလာပါပြီ။ ပူတဲလက်စ်နဲ့ စံချိန်တူ Ballon d’Or သုံးကြိမ် ဆွတ်ခူးရရှိထားသူကလည်း စပိန်သူ တစ်ဦးပဲဖြစ်ပြီး ဘာစီလိုနာမှာ အတူတွဲ ကစားခဲ့ဖူးတဲ့ အိုင်တာနာ ဘွန်မာတီ ဖြစ်ပါတယ်။ ပူတဲလက်စ်ဟာ လောလောဆယ်မှာတော့ အင်္ဂလန် ဘောလုံးကလပ် လန်ဒန်မြို့တော် ခြင်္သေ့မများ အသင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ပါဝင်ကစားနေပါတယ်။

အခုနှစ် ဆုပေးပွဲမှာတော့ အမျိုးသားဆိုင်ရာ ဆုတွေမှာ အကောင်းဆုံး လူငယ်ဆုကို ယာမဲလ်က ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို စပိန်နဲ့ အက်သလက်တီကို ဘီလ်ဘာအိုရဲ့ အူနိုင်းဆိုင်မွန်၊ အကောင်းဆုံး တိုက်စစ်မှူးဆုကို ကိန်း၊ အကောင်းဆုံး မန်နေဂျာဆုကို စပိန်အသင်းရဲ့ လူးဝစ္စ ဒယ်လာဖွန်တေး၊ အကောင်းဆုံး ကလပ်အသင်းဆုကို ပြင်သစ်ရဲ့ ပါရီစိန့်ဂျာမိန်း (ပီအက်စ်ဂျီ)တို့က အသီးသီး ရရှိခဲ့ပါတယ်။

အမျိုးသမီးဆိုင်ရာ ဆုတွေမှာတော့ အကောင်းဆုံး လူငယ်ဆုကို စပိန်နဲ့ ဘာစီလိုနာရဲ့ ဗစ်ကီလိုပက်ဇ်၊ အကောင်းဆုံး ဂိုးသမားဆုကို စပိန်နဲ့ ဘာစီလိုနာရဲ့ ကာတာကောလ်၊ အကောင်းဆုံး တိုက်စစ်မှူးဆုကို မက္ကဆီကိုနဲ့ ကလပ်အမေရိကရဲ့ ချာလင်းကော်ရဲလ်၊ အမျိုးသမီး မန်နေဂျာဆုကို ဘာစီလိုနာရဲ့ ပီရီ ရိုမီယူတို့ ချီးမြှင့်ခံခဲ့ရကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဦးဆောင်ဂိုးကို ထိန်းထားဖို့ ကြိုးစားတဲ့ အင်္ဂလန်ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

Facebook