ဦးဆောင်ဂိုးကို ထိန်းထားဖို့ ကြိုးစားတဲ့ အင်္ဂလန်ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။
ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲစဉ်မှာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားကို တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ နှစ်ဂိုးဆက်တိုက် ပြန်လည် ခွင့်ပြုလိုက်ရတဲ့နောက် နာမည်ကြီး အင်္ဂလန် အသင်းဟာ ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ပြီ ဖြစ်ပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာ အန်သိုနီ ဂေါ်ဒွန်က အင်္ဂလန်အတွက် ဗွေဆော်ဦး ဂိုးကို သွင်းယူခဲ့ပြီး အဲဒီနောက်မှာ အင်္ဂလန်ကို ခံစစ်ကို လွန်လွန်ကျွံကျွံ အားပြု ကစားခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အာဂျင်တီးနားဟာ ပွဲကို သိသိသာသာ လွှမ်းမိုး ထိန်းချုပ်နိုင်ခဲ့ပြီး ဂေါ်ဒွန်ရဲ့ သွင်းဂိုးနဲ့ ၉၂ မိနစ်မှာ အာဂျင်တီးနား ရသွားတဲ့ အနိုင်ဂိုးကြားမှာ အင်္ဂလန်ရဲ့ ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှုဟာ ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
သူရော၊ အသင်းဖော်တွေရော၊ အသင်းဝန်ထမ်းတွေ၊ ပရိသတ်တွေ အားလုံးပါ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြောင်း၊ ဒီပွဲရဲ့ ပွဲချိန် အများစုမှာ အင်္ဂလန်က ပုံစံကောင်းနဲ့ ကစားနိုင်ခဲ့ကြောင်း၊ တစ်ဂိုး အသာရထားမှုကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မလုံလောက်ခဲ့ကြောင်း၊ အဲဒီ အခြေအနေအတွက်လည်း စိတ်ပင်ပန်းမိကြောင်း ကိန်းက ပြောပါတယ်။

Public Service Announcement
ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲထိ ရောက်ဖို့ အင်္ဂလန်ဟာ သွေး၊ ချွေး၊ မျက်ရည်တွေ အားလုံး ပေးဆပ်ခဲ့ကြောင်း၊ ဒီတော့ ဗိုလ်လုပွဲနဲ့ ကပ်ပြီး လွဲချော်သွားတဲ့ ခံစားချက်က အရမ်း ကြေကွဲရကြောင်း ကိန်းက ဆိုပါတယ်။ အသင်းမန်နေဂျာ သောမတ်စ် တူဟဲလ်နဲ့ နည်းပြအဖွဲ့က ဂေါ်ဒွန်ရဲ့ ဂိုးရခဲ့တဲ့နောက်ပိုင်း အာဂျင်တီးနားကို ဆက်ပြီး ဖိအားပေးဖို့ ညွှန်ကြားခဲ့ပေမယ့် ကွင်းထဲမှာတော့ အင်္ဂလန်ဟာ ခံစစ်အဖြစ် ဆုတ်ခွာခဲ့ရကြောင်း ကိန်းက ဆိုပါတယ်။
ဦးဆောင်ဂိုး ရပြီးနောက်ပိုင်းမှာ ဘောလုံး ပိုင်ဆိုင်မှုကို ထိန်းသိမ်းနိုင်ဖို့ အင်္ဂလန်က ဖိအားဝင်လာခဲ့ကြောင်း၊ အင်္ဂလန်ဟာ ပထမပိုင်း တလျှောက်လုံးရော၊ ဒုတိယပိုင်း အစမှာပါ အာဂျင်တီးနားကို ကောင်းကောင်း တုံ့ပြန် ဖိအားပေးနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ဂိုးပေးလိုက်ရချိန်မှာ အာဂျင်တီးနားက တိုက်စစ်မှာ လူတွေပိုဖြည့်ပြီး ဂိုးရဖို့ အားသွန် ကစားလာခဲ့သလို တိုက်စစ်ကိုလည်း လှိုင်းလုံးတွေလို တစ်ဆင့်ပြီးတစ်ဆင့် တင်ကစားလာကြောင်း၊ အင်္ဂလန် ကစားသမားတွေကလည်း အဲဒီထိုးဖောက်မှုတွေကို တားဆီးဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အဆုံးမှာတော့ မလုံလောက်ခဲ့ကြောင်း ကိန်းက ဖွင့်ဟခဲ့ပါတယ်။
သူက အင်္ဂလန် အသင်းဟာ ဦးဆောင်ဂိုး ရပြီးတဲ့နောက် လုံးဝဥဿုံ ပိတ်ကစားဖို့ မရည်ရွယ်ခဲ့ဘူးလို့ ပြောပါတယ်။ ကစားသမားတွေဟာ ပွဲရဲ့ အလှည့်အပြောင်း အားလုံးအတွက် အသင့်ဖြစ်နေခဲ့ကြောင်း၊ ပွဲကို ဦးဆောင်နေချိန်မှာ အင်္ဂလန် ပေးပို့ချင်ခဲ့တဲ့ သတင်းစကားက ရှေ့ကို ပိုမိုထိုးဖောက်ပြီး နောက်တစ်ဂိုး ရယူဖို့ ဖြစ်ကြောင်း၊ အာဂျင်တီးနားက နှစ်ဂိုး သွင်းသွားတဲ့နောက် အင်္ဂလန်ဟာ တစ်ခုခုကို ရှာတွေ့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အရှိန်တင်နိုင်စွမ်း မရှိတော့ကြောင်း ကိန်းက ပြောကြားသွားပါတယ်။
ကမ္ဘာ့ဖလားမှာ အောင်မြင်မှု မရခဲ့ပေမယ့်လည်း အသင်းမန်နေဂျာ တူဟဲလ်က အင်္ဂလန်ကို ဆက်လက် ဦးဆောင်နေမယ်လို့ အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပါတယ်။ လာမယ့် ဥရောပ တံခွန်စိုက်ဖလား ပွဲစဉ်အပြီးထိ သူ့ရဲ့ စာချုပ်သက်တမ်းက ကျန်နေဆဲ ဖြစ်ကြောင်း၊ လက်ရှိဟာ ခက်ခဲတဲ့ ကာလ ဖြစ်ပေမယ့် အဲဒီ အချိန်ထိ အနာဂတ်ကို သူမျှော်တွေးထားကြောင်း တူဟဲလ်က ဆိုပါတယ်။ ပြီးတော့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ဖြတ်သန်းမှုဟာ ဂုဏ်မငယ်ခဲ့ဘူးလို့လည်း ဂျာမန်သားက ဆိုပါတယ်။
ဒါဟာ အကြိုဗိုလ်လုပွဲဖြစ်ကြောင်း၊ ထိပ်တန်း ဘောလုံးနိုင်ငံ အများစုရဲ့ လက်ရွေးစင် အသင်းတွေဟာ ဒီအဆင့် မတိုင်ခင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရကြောင်း၊ ဒါကြောင့် အင်္ဂလန်ဟာ အောင်မြင်မှု ရခဲ့တယ်လို့ ဆိုနိုင်ကြောင်း၊ ဒီစကားမျိုးကို အခုအချိန်မှာ ကြားရတာ လက်ခံဖို့တော့ ခက်ခဲနိုင်ကြောင်း၊ သူကိုယ်တိုင်လည်း ဒါကို သိပ်လက်မခံချင်ကြောင်း၊ အင်္ဂလန်ဟာ အမြင့်ဆုံးအဆင့် အောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် တောင်းဆိုထားတဲ့ အသင်းဖြစ်ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ဒါက ယှဉ်ပြိုင်လိုစိတ် ပြင်းထန်လွန်းခြင်းရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ တစ်ခုပဲဖြစ်ကြောင်း တူဟဲလ်က ပြောကြားသွားပါတယ်။
ကိုးကား: Sky


















































