အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အားပြိုင်မှုတွေက သိသိသာသာ ပိုပြီး ပြင်းထန်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါဟာ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်က အစ္စရေးပိုင်နက်ကို တိုက်ခိုက်ခဲ့လို့ အစ္စရေးက ဂါဇာစစ်ပွဲကို ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကာလအတွင်း နေတန်ညာဟု ဦးဆောင်တဲ့ အစ္စရေး လက်ယာယိမ်း ညွန့်ပေါင်း အစိုးရဟာ ဂါဇာမှာသာ မကဘဲ လက်ဘနွန်နဲ့ အီရန်တို့မှာပါ စစ်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။
နေတန်ညာဟုဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အချိန်အများစုမှာ အစ္စရေး ဝန်ကြီးချုပ် တာဝန်ကို ရယူထားသူဖြစ်ပြီး အစ္စရေး နိုင်ငံရေး လောကမှာ သဘောထား ကွဲလွဲမှု အများဆုံး ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးသမား တစ်ဦးပါ။ ပြည်တွင်းမှာ ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေပါ အများအပြား ရှိနေပြီး ဂါဇာမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်း ထုတ်တာကိုလည်း ခံထားရပါတယ်။ နေတန်ညာဟုကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုဟာ နေတန်ညာဟုရဲ့ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်းအပေါ် လူထု ယုံကြည်မှု သိသိသာသာ ကျဆင်းသွားစေပြီး သူ့ရဲ့ လီကွတ်ပါတီကလည်း ပြည်သူ့ ထောက်ခံနှုန်း လျော့ကျလာတာကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အခုနှစ် ရွေးကောက်ပွဲမှာ အသက် ၇၇ နှစ်အရွယ် နေတန်ညာဟုဟာ အာဏာကို ဆက်ထိန်းထားဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေတာပါ။

Public Service Announcement
ဒါပေမဲ့ သူဟာ ရွေးကောက်ပွဲတွေ အများအပြားကို ကိုင်တွယ်ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံ ရှိသလို လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေ၊ ရှေးရိုးစွဲ ဂျူးပါတီတွေရဲ့ အခိုင်အမာ ထောက်ခံမှုကို ရရှိထားပါတယ်။ နေတန်ညာဟုကတော့ ရွေးကောက်ပွဲ အပြီးမှာ ကျယ်ပြန့်စုံလင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ တစ်ရပ် ဖွဲ့စည်းဖို့ လိုတယ်လို့ ပြောကြားထားဖူးပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ ဘယ်နိုင်ငံရေး အင်အားစုမှ ခိုင်ခိုင်မာမာ အစိုးရ မဖွဲ့နိုင်ရင် သူဟာ ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ပြီး တာဝန်ယူရမယ့် အခြေအနေ ရှိနေပါတယ်။
ရွေးကောက်ပွဲမှာ နေတန်ညာဟုရဲ့ ဝန်ကြီးချုပ် နေရာကို အဓိက စိန်ခေါ်မယ့် သူတွေအဖြစ် အစ္စရေး စစ်တပ် အကြီးအကဲဟောင်း ဂါဒီ အိုင်ဆင်ကော့၊ နေတန်ညာဟုရဲ့ လက်ရုံးဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီဘန်းနက်၊ ကာကွယ်ရေး ဝန်ကြီးဟောင်း အဗစ်ဒေါ လီဘာမန်၊ စစ်ဗိုလ်ချုပ်ဟောင်း ယာအီဂိုလန်တို့က ရေပန်းစားနေပါတယ်။ တစ်ဖက်မှာတော့ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဘက်ဇာလဲလ် စမိုထရစ်ချ်နဲ့ အီတာမာ ဂန်ဗလီတို့က နေတန်ညာဟုဖက်က ထောက်ခံရပ်တည်မယ့်အကြောင်း အတိအလင်း ကြေညာထားပါတယ်။
အစ္စရေး ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတွေက ပါတီတွေကို မဲပေးရွေးချယ်ကြမှာဖြစ်ပြီး လွှတ်တော် အမတ်နေရာတွေကိုတော့ ပါတီအလိုက် မဲရလဒ်တွေ၊ အချိုးကျ ကိုယ်စားပြုစနစ်အရ သတ်မှတ်တဲ့ ခွဲတမ်းတွေအပေါ် မူတည်ပြီး ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ အစ္စရေး လွှတ်တော်မှာ အမတ်နေရာ ၁၂၀ ရှိပြီး ပါတီ တစ်ခုတည်းက အစိုးရ ဖွဲ့ဖို့ အနည်းဆုံး အမတ်နေရာ ၆၁ ခု လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်ပါတီမှ အဲဒီလိုမျိုး မစွမ်းဆောင်နိုင်ဖူးတာကြောင့် ညွန့်ပေါင်း အစိုးရတွေပဲ ဖွဲ့စည်းပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ရပါတယ်။
လက်ရှိ ရွေးကောက်ပွဲမှာတော့ နေတန်ညာဟုရဲ့ လူကစ်ပါတီနဲ့ အိုင်ဆင်ကော့ရဲ့ ယာရှာပါတီတို့က အဓိက အားပြိုင်နေပြီး ဘယ်ပါတီကမှ ပြတ်ပြတ်သားသား အနိုင်ရမယ့် အလားအလာ မရှိပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ အပြီးမှာ အဓိက ပါတီတွေဟာ မဟာမိတ်ဖွဲ့ပြီး နိုင်ငံကို အုပ်ချုပ်ဖို့ ညှိနှိုင်းရမယ့် သဘောရှိပြီး အဲဒီကိစ္စ မအောင်မြင်ရင် နိုင်ငံရေး အကျပ်အတည်းတွေ၊ အစိုးရ မဖွဲ့နိုင်ဘဲ ရုန်းကန်ရတာတွေ ကြုံတွေ့လာနိုင်ပါတယ်။
ကိုးကား: Reuters




















































