အောက်တိုဘာ-၂၇၊၂၀၂၆။ဆဏ်း/People’s Spring
အမေရိကန်နိုင်ငံ မေရီလန်းမြို့မှာပြုလုပ်တဲ့ တော်လှန်အနုပညာရှင်လင်းလင်းရဲ့ Theatre21 ဖျော်ဖြေပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသောင်းခုနစ်ထောင်ကျော် ရရှိတယ်လို့ Maryland Music Concertက အသိပေးထားပါတယ်။
ဒီဖျော်ဖြေပွဲကို အောက်တိုဘာ ၁၂ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲကနေ အမေရိကန်ဒေါ်လာ ၃၇,၉၀၆ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒီပွဲက နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေ၊ လက်ရှိအချိန်အထိ ကြံ့ကြံ့ခံရပ်တည်ပေးတဲ့ CDM မိသားစုတွေနဲ့ နွေဦးမိသားစုတွေရဲ့ပညာရေးအတွက် ကူညီပေးသွားဖို့ ရည်ရွယ်ထားတာပါ။

Public Service Announcement
ကျဆုံးသူရဲကောင်း နှစ်ဦးရဲ့ အမှတ်တရ ပစ္စည်းတွေကို လေလံပစ်တဲ့ အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲကျော်ရရှိခဲ့ပြီး အဲဒီ့ငွေတွေကိုတော့ ကျဆုံးသူရဲကောင်းတွေရဲ့ မိသားစုတွေကို ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
ဖျော်ဖြေပွဲမှာ လင်းလင်းနဲ့အတူ ချစ်သုဝေ၊ လင်းထက် ၊ ခါရာ၊ လီယို ၊ Mark Jason တို့ ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။
လင်းလင်းက ပြီးခဲ့တဲ့နှစ်မှာ ရောင်နီ နာမည်နဲ့ ဖျော်ဖြေပွဲတွေကို အမေရိကန်နိုင်ငံရဲ့ မြို့ ၁၁ မြို့မှာ ပြုလုပ်ခဲ့ပြီး ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၇သိန်း ၆သောင်းကျော်ကို မြေပြင်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာလည်း တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသတွေအတွက် ထောက်ပို့ဖို့ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေပေးနေပါတယ်။




















































