အောက်တိုဘာ-၂၇၊၂၀၂၆။ဖိုးသား/People’s Spring
သီတင်းကျွတ်ကာလမှာ စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အခု အောက်တိုဘာ ၂၁ရက် နဲ့ ၂၅ ရက်မှာ သာစည်ရွာနဲ့ သစ်ပုလွေကုန်းကျေးကျေးရွာက ဘုန်ကြီးကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“တပ်မ ၁၀၁က စစ်ကူစစ်ကြောင်းရောက်နေတဲ့ တွင်းရွာ အနီး တဝိုက်ကို ကြဲတာပေါ့။ ဘုန်ကြီးကျောင်းတွေပါ မချန် ကြဲတာ။အထိအခိုက်ကတော့ မရှိဘူးလို့ သိရတယ်။ ဒေသခံတွေက စစ်ရှောင်နေကြရတာပါ”လို့ မြိုင်မြို့နယ် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
သာစည်ရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး စစ်တပ်အာဏာသိမ်းစဉ်ကတည်းက မီးရှို့ဖျက်ဆီးခံခဲ့ရတာ ၂ကြိမ်ရှိခဲ့ပြီး အခု ၁ကြိမ်လေကြောင်း တိုက်ခိုက်ခံရမှုမှာ ဘုန်ကြီးကျောင်းဆောင်အဟောင်းရော အသစ်ပါ ပျက်စီးခဲ့ရတယ်လို့ သူက အသိပေးပါတယ်။
လက်ရှိ စစ်တပ်စစ်ကြောင်း ထိုးလာမယ့် လမ်းကြောင်းအရ မြိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေအနေနဲ့ လေကြောင်းအထူးဂရုစိုက်ကြဖို့လည်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း(အောက်တိုဘာ ၂၄ ရက်)က မြိုင်မြို့နယ်ကို အာဏာသိမ်း စစ်တပ်ဗုံးကြဲခဲ့တာကြောင့် အရပ်သားသုံးဦးသေပြီး ကလေးငယ် ၃ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က မြိုင်မြို့နယ်ကို ဂျက်ဖိုက်တာ၊ Y12၊ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ တွေနဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးရှိနေတယ်လို့ သိရပါတယ်။
“ပြည်သူတွေအားလုံး ဒီရက်ပိုင်းတွေမှာ လေကြောင်းရန်ကို အထူးဂရုစိုက်ပါ။အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးမှာ နေရာတိုင်းမှာ အရှူံးနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ဒါကြောင့် လေကြောင်းကို ဖိပြီး သုံးနေတာ”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း မြိုင်မြို့နယ်အနီးက ပခုက္ကူမြို့နယ် ကမ္မမြို့ အုန်းတောရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရှစ်နှစ်အရွယ်ကလေး အပါအ၀င် ဒေသခံ ၆ ဦးသေဆုံးခဲ့ရပါတယ်။
ပခုက္ကူ ၊မြိုင် နဲ့ပေါက်မြို့နယ်တွေက ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးရွာမှာ တပ်စွဲထားတာ နှစ်လ နီးပါးရှိနေပြီဖြစ်ပါတယ်။
ပေါက်-မြိုင် ဒေသအစပ် တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို အခုအောက်တိုဘာလစ ကတည်းကတော် လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေပါတယ်။
အဲဒါကြောင့် အထိနာနေတဲ့စစ်တပ်က ပခုက္ကူတပ်မ ၁၀၁ ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းကတဆင့် စစ်ကူယာဉ်တန်းတွေ ပို့နေတာ နဲ့ လေကြောင်းကနေ အင်အားဖြည့်တာတွေ ရှိနေတယ်လို့ သိရပါတယ်။




















































