အောက်တိုဘာ-၂၇ ရက်၊၂၀၂၆။နေ့သစ်/People’s Spring
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူတွေက ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ၊မြဝတီတောင်ဘက် ဖလူး၊မင်းလက်ပံ ဒေသမှာပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ KNU၊PDF ပူးပေါင်းတပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ လက်နက်ကြီးကျည်လေးလုံးဟာ ထိုင်းဘက်ခြမ်းထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ၊ မဟာဝမ်ကျေးရွာအုပ်စုထဲကျရောက်ခဲ့ပါတယ်။
လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်တွေဟာ မဲဆောက်မြို့နယ်၊မဲ့ကုကင်းကျေးရွာကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံထိုင်းပြည်သူအောက်တိုဘာ ၂၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Public Service Announcement
ဆန္ဒထုတ်ဖော်သူတွေက နယ်စပ်ဖြတ်ကျော်ကျရောက်လာတဲ့ကျည်ဆန်တွေကြောင့် ဒေသခံပြည်သူတွေရဲ့အသက်အန္တရာယ်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေအပေါ် စိုးရိမ်တာကြောင့်ထိုင်းအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့လုံခြုံရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။
ကျည်တွေကျတာကြောင့်လက်ရှိမှာမဲ့ကုကင်းရွာ မှမြစ်ကမ်းအနီးနေထိုင်သူအချို့ဟာ ဘေးကင်းလုံခြုံတဲ့နေရာတွေဆီပြောင်းရွှေ့နေထိုင်ရသလို မြန်မာရွှေ့ပြောင်းကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းအချို့ကိုလည်း ယာယီပိတ်ထားရတယ်လို့သိရပါတယ်။
အခုရက်ပိုင်းအတွင်းထိုင်းဘက်ကို လက်နက်ကြီးကျည်းကျတာကြောင်း ထိုင်းနယ်စပ်မှနေအိမ်အချို့ ထိခိုက်ခဲ့သလို လူတစ်ဦးလည်းဒဏ်ရာရခဲ့ပါတယ်။ ကျည်ကျတာနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေ နဲ့ စစ်တပ်ကြားအပြန်အလှန်စွပ်စွဲကြပါတယ်။ဒေသခံပြည်သူအချို့ကတော့ စစ်တပ်က တမင်ထိုင်းဘက်ကျအောင်ကျော်ပစ်ပြီး ထိုင်းအစိုးရနဲ့စစ်တပ်ကနယ်စပ်ကတော်လှန်ရေးအဖွဲ့တွေကို အခက်တွေ့အောင်လုပ်ဖို့ ရည်ရွယ်နေတာလို့သုံးသပ် ပြောပါတယ်။
ထိုင်းဘက်ကျည်တွေကျပြီးနောက်ထိုင်းစစ်တပ်က နယ်စပ်မှာ စစ်ကားတွေအပါအဝင်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ကာ စစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်လာတာပါ။
ထိုင်းသတင်းမီဒီယာ Khaosod ရဲ့ဖော်ပြချက်အရတော့ နယ်ကျော်ကျလာတဲ့ခဲယမ်းတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းစစ်တပ်က အစီအမံတွေချထားတယ်လို့ဆိုပါတယ်။
အဲဒီအစီအမံထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်လာမှုရှိရင်သတိပေးပစ်ခတ်မယ့်အစီအမံလည်းပါဝင်နေတယ်လို့ဆိုထားပါတယ်။




















































