အောက်တိုဘာ-၂၆၊၂၀၂၆။People’s Spring
လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။
ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ လေယာဉ်ဆီ ဝယ်ယူမှုကို မနှစ်တုန်းက စစ်တပ်က ဒီဇယ်ဝယ်ယူမှုအဖြစ် စာရင်းလိမ် ပြထားတာကို Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အီရန်ဆီကနေ လေယာဉ်ဆီ စည်ပေါင်း ၁၁၃,၀၀၀ လောက်ကို Reefဆိုတဲ့ ရေနံတင် သင်္ဘောက မြန်မာဆီ ပို့ဆောင်ခဲ့ပေမယ့် စာရွက်စာတမ်းတွေမှာတော့ တောင်အာဖရိကနိုင်ငံကတင်ပို့တဲ့ ဒီဇယ်ဆီတွေလို့ပဲစာရင်းသွင်း ဖော်ပြခဲ့ကြောင်း Reuters သတင်းမှာ ပါရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ်အတွင်း တောင်အာဖရိက နိုင်ငံကနေ မြန်မာဆီကို ဒီဇယ်ဆီတွေ တင်ပို့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ လုံးဝ ရှိမနေခဲ့ပါဘူး။ မြန်မာနိုင်ငံ အခြေစိုက် စွမ်းအင် ဝယ်ယူရေး အကျိုးဆောင် ကုမ္ပဏီ Dynamic Waveကလည်း ထိုင်းနိုင်ငံရဲ့ Tawan-Oil Tradingနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ ၁၅.၈ သန်းတန် အရောင်းအဝယ်စာချုပ်မှာဒီဇယ်ဆီ ဝယ်ယူတာလို့ပဲဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
လေယာဉ်ဆီတွေကို ဒီဇယ်အဖြစ် စာရင်းလိမ်ဖို့အတွက်စာရွက်စာတမ်းတွေကိုသာ ပြောင်းလဲ ဖော်ပြခဲ့တာ မဟုတ်ဘဲ သင်္ဘောသွားလာမှု အချက်အလက်တွေကိုပါ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ SynMax Intelligence ဂြိုဟ်တု ဓာတ်ပုံတွေအရ Reefဟာ အီရန်နိုင်ငံ၊ ဘန်ဒါအဘက်စ် ဆိပ်ကမ်းကနေ အရှေ့တောင်အာရှဆီ ခုတ်မောင်းခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် မေလတုန်းကလည်း Dynmaic Waveနဲ့ Tawanတို့ဟာ တောင်အာဖရိကထုတ် ဒီဇယ်ဆီလို့ ဖော်ပြထားတဲ့ လောင်စာဆီ စည်ပေါင်း၂၀၂,၀၀၀လောက်ကိုဒေါ်လာ၂၆ သန်းနဲ့ အရောင်းအဝယ်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ငွေတောင်းခံလွှာမှာ ပြသထားတဲ့ ဆီအရည်အသွေး သတ်မှတ်ချက်ကတော့ ဒီဇယ်ဆီထက် လေယာဉ်ဆီ စံနှုန်းတွေနဲ့ ပိုပြီးကိုက်ညီတယ်လို့အမေရိကန်ကဆီအရည်အသွေး ဆန်းစစ်မှု ပညာရှင်ဂျိုရှူဝါဟေးန်က ထောက်ပြထားခဲ့ပါတယ်။
Noble ဆိုတဲ့ ရေနံတင် သင်္ဘောဟာ အဲဒီနှစ် ဇွန်လမှာ လေယာဉ်ဆီတွေလို့ ယူဆရတဲ့ စည်ပေါင်း ၂၀၀,၀၀၀ လောက်ကို တင်ဆောင်ပြီး ရန်ကုန်ကို ရောက်ရှိလာကြောင်း၊ အဲဒီဆီတွေကို Dynmaic Waveအတွက် ရည်ရွယ်တင်ပို့ခဲ့တာ ဖြစ်နိုင်ကြောင်း သိရပါတယ်။
အဲဒီ သင်္ဘောကလည်း ဘန်ဒါအဘက်စ်ကနေ စတင် ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ဖက်ကို ဦးတည် ခုတ်မောင်းနေခဲ့တယ်လို့ SynMax Intelligenceရဲ့ ဂြိုဟ်တု မှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။
ဒါကြောင့်အာဏာသိမ်းစစ်တပ်ဟာ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ ဒီဇယ်ဆီအဖြစ် လိမ်ညာဖို့ စာရွက်စာတမ်းတွေကို ပြောင်းလဲပစ်ခဲ့ရုံသာ မကဘဲ သင်္ဘောလမ်းကြောင်းတွေကိုပါ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ဒါဟာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရှောင်ကွင်းဖို့ ကြိုးစားခဲ့တဲ့ အစီအမံလို့လည်း ယုံကြည်ရပါတယ်။
ဒီလို သိုသိုဝှက်ဝှက်နဲ့ လေယာဉ်ဆီ ဆက်လက် ဝယ်ယူနေမှုတွေကြောင့် အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံ အနှံ့မှာ ရက်စက်ကြမ်းတမ်းတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ကိုင်ခွင့် ရရှိနေစေသလို အီရန် အတွက်လည်း နိုင်ငံခြား ဝင်ငွေ တိုးလာစေခဲ့ပါတယ်။ Reutersကတော့ Reefနဲ့ Noble သင်္ဘောတွေရဲ့ ခရီးစဉ်တွေကို ကြည့်ရင် အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ဝယ်ယူမှု လမ်းကြောင်းတွေကို အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေက အပြည့်အဝ တားဆီး ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ဘူး ဆိုတာကို ပြသနေကြောင်း ထောက်ပြထားခဲ့ပါတယ်။
ကိုးကား- Reuters





















































