အောက်တိုဘာ-၂၇၊ ၂၀၂၆။ ဖိုးသား/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ပေါက်တောင်ပိုင်း အကျဉ်းစခန်းကနေ အောက်တိုဘာ ၂၁ ရက်က ထွက်ပြေးခဲ့သူ ၁၄ ဦးထဲက ရှစ်ဦးကို ပြန်မိထားတယ်လို့ ဆိုပါတယ်။
“ပေါက် နောက်ဘက်ခြမ်းမှာမိတာပါ။ အကုန်လုံးတော့ မဟုတ်ဘူး”လို့ ပေါက်မြို့နယ်တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။

Public Service Announcement
ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ ပြန်ဖမ်းမိတယ်ဆိုတာကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက လူထုနွေဦးကို အတည်ပြုပါတယ်။
ဒါပေမဲ့ မြေပြင်အခြေအနေရှုပ်ထွေးနေပြီး စစ်သုံ့ပန်းတချို့ ဖမ်းဖို့ ကျန်ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ဇွန်လ ၁၀ ရက်က ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေ ဖမ်းမိခဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ကို ဖမ်းဆီးထားစဉ်မှာပဲ တာ၀န်ကျတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးနဲ့အတူ အောက်တိုဘာ ၂၁ ရက် မနက်အစောပိုင်းမှာ ရဲဘော်သုံးဦးကိုလည်း ဓားစားခံအနေနဲ့ ခေါ်ဆောင်ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုထွက်ပြေးသွားတာမှာ လက်နက်လေးလက်ကိုပါ ယူဆောင်သွားခဲ့ပါတယ်။
ဓားစားခံပါသွားတဲ့ ရဲဘော်တွေနဲ့ စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားတဲ့ တပ်ဖွဲ့၀င်တစ်ဦးကိုလည်း ပြန်တွေ့ထားတယ်လို့ သိရပါတယ်။




















































