ထွန်းညိုဦး / People’s Spring
စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပြန်ပါတယ်။
လူထိခိုက် သေဆုံးမှု အများဆုံး ဖြစ်စဉ်ကတော့ ပြင်ဦးလွင် လမ်းမီးသတ်ကွေ့က ဖြစ်စဉ်ပါ။ အောက်တိုဘာ ၂၄ ရက်က ညနေ ၆ နာရီ ၂၀ မိနစ်ဝန်းကျင်က ပြင်ဦးလွင်-မန္တလေးလမ်း၊ ၁၉ မိုင်၊ ဒေသအခေါ် မီးသတ်ကွေ့မှာ ပြင်ဦးလွင်မြို့ကနေ ထွက်ခွာလာတဲ့ နယူးမန္တလာထွန်း Express ယာဉ်ဟာ NISSAN WINGROAD AD Van အိမ်စီးကားတစ်စီးကို တိုက်မိပြီး ပေ ၅၀ လောက်နက်တဲ့ ချောက်ထဲ ကျသွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အတိုက်ခံရတဲ့ AD Van ပေါ်ပါ ယာဉ်မောင်း အမျိုးသား သေဆုံးခဲ့တဲ့အပြင် Express ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement
“နယူးမန္တလာထွန်း ခရီးသည်ကားက အရှိန်များစွာနဲ့ ဆင်းလာပြီး တက်လာတဲ့ကားကို ဘေးတိုက် အနေအထား ဝင်တိုက်ပြီး ချောက်ထဲ ကျသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခြား ပြည်သူတစ်ဦးကတော့ “အဆင်းရှည်တွေမှာ ဘရိတ်ကို ချည်း အားကိုးလွန်းရင် ဘရိတ်ရှုးတွေ အပူလွန်ပြီး ဟပ်ဘောထဲက အမဲဆီတွေ ပျော်ကျလာရင် ဘရိတ်မမိတော့ဘဲ ဘရိတ်ပျောက်တာ ဖြစ်တတ်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။
အောက်တိုဘာ ၂၄ ရက် မနက်ကလည်း ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာအုပ်စု၊ သီခေါင်တောင် အဆင်းလမ်းမှာ Express ခရီးသည်တင်ယာဉ် (၁) စီး လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ကျား (၁) ဦး၊ မ (၃) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) နဲ့ မ (၂) ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပါသေးတယ်။
၂၄ ရက် မနက်ကပဲ မော်လမြိုင်-မုဒုံ သွားလမ်းမကြီးပေါ်၊ ကြားအင်း ရပ်ကွက်၊ ကုတင် (၃၀၀) ဆေးရုံအနီးမှာ ဟိုက်ဂျက်ကားတစ်စီး ဘီးပေါက်ကာ လမ်းချော်ပြီး ကားလမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ပါတယ်။
အဲဒီကားဟာ မော်လမြိုင် ခရွမ်းရှမ်းရွာကနေ ကျိုက်ခမီသို့ ဘုရားဖူးသွားမယ့် ယာဉ် ဖြစ်ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၄ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
အလားတူ အောက်တိုဘာ ၂၅ ရက်ကပဲ တိုက်ကြီးမြို့၊ မှန်ပြတောင်မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ခရီးသွား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရုံးပိတ်ရက်ရှည်ကြောင့် ခရီးထွက်သူ များပြားတဲ့ကာလမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။
ယာဉ်တိုက်မှုတွေတင် မကပါဘူး။ ဒီနှစ် သီတင်းကျွတ်ကာလမှာ မီးလောင်ကျွမ်းမှုတွေလည်း အများအပြား ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ ၂၄ ရက် ည ၇ နာရီခွဲခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ (၁)၊ မြရတနာလမ်းရှိ နေအိမ်တစ်လုံးမှာ မီးပုံးပျံအတွက် ယမ်းစပ်နေချိန် ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မီးလောင်ကျွမ်းမှုကြောင့် အသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသားလေးတစ်ဦး သေဆုံးပြီး အခြား အမျိုးသား သုံးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
“သူတို့ပျော်ဖို့ မဆီမဆိုင် ကလေးက သေရတယ်” လို့ တန်ဆောင်တိုင် မီးပုံပျံပွဲတော်အတွက် ယမ်းစပ်ရင်း မီးလောင်လို့ ကျောင်းသားငယ် သေခဲ့တဲ့အပေါ် ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
မီးပုံးပျံပွဲကြောင့် မီးလောင်ကျွမ်းမှုတွေဟာ တောင်ပေါ်တင် မကဘဲ အညာဒေသမှာပါ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက် ည ၇ နာရီခွဲခန့်က မကွေးမြို့၊ မြသလွန်ဘုရားမှာ ဂေါပကအဖွဲ့က လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေထဲကနေ ယမ်းစနဲ့ မီးပွားတွေ ပြုတ်ကျပြီး ကမ်းနားလမ်းက နေအိမ်တစ်လုံးပေါ် ကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ် လပြည့်ညမှာလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သီရိမင်္ဂလာရပ်မှာ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး မီးပုံးပျံ ကျရာကနေ လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
နေပြည်တော်က နာမည်ကြီး Excellent Bar မီးလောင်မှုရတော့ ဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး လူငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီခန့်က ဇမ္ဗူသိရီမြို့နယ် ရွှေကြာပင် ရပ်ကွက် ဧရာဝတီလမ်းမှာ ဖွင့်ထားတဲ့ Excellent Bar မီးလောင်မှု ဖြစ်ခဲ့တာပါ။ အဲဒီ မီးလောင်မှုအတွင်း သုံးဦး ဆိုင်အတွင်း ပိတ်မိခဲ့ရာ တစ်ဦးက မီးခိုးမွှန် သေဆုံးခဲ့ပြီး နှစ်ဦးကို ဆေးရုံ ပို့ဆောင်ခဲ့ပေမယ့်လည်း နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တစ်ယောက်ကတော့ ပင်ပန်းပြီး အိပ်ပျော်နေတာ။ ဒီရက်ပိုင်း အလုပ်က ပင်ပန်းတော့ အိပ်ပျော်သွားတာ။ ခါတိုင်းဆို နေ့လည်ပိုင်းကို မအိပ်ဘူး” လို့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
သေဆုံးသူတွေထဲမှာ အဲဒီ Bar ရဲ့ ပင်တိုင်အဆိုတော် ၁ ဦးလည်း ပါဝင်ခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိသူ ၃ ဦး ရှိတယ်လို့လည်း ဒေသခံက ဆိုပါတယ်။
နေပြည်တော်မှာပဲ အောက်တိုဘာ ၂၅ ရက်က ရေပန်းဥယျာဉ်ရှေ့မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အကြိုအပို့ လုပ်ပေးနေတဲ့ ကား ၁ စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။ မီးစ လောင်လောင်ချင်း ယာဉ်ပေါ်ပါတဲ့ ဝန်ထမ်းတွေကို ယာဉ်မောင်းက ဆင်းခိုင်းခဲ့တာကြောင့် လူအထိအခိုက် မရှိဘူးလို့ သိရပါတယ်။
ပြည်သူတစ်ဦးကတော့ “အပူလှိုင်းတွေ လာလို့ပါ” လို့ မှတ်ချက်ပြုပါတယ်။ သူပြောတဲ့ အပူလှိုင်းဆိုတာ အယ်လ်နီညို ဖြစ်နေတာကို ပြောတာ ဖြစ်ပါတယ်။ ၂၀၂၆ နှစ်ကုန်ပိုင်းကနေ ၂၀၂၇ အထိ သမိုင်းတလျှောက် အပြင်းထန်ဆုံး အယ်လ်နီညို ဖြစ်နေတာပါ။ မြန်မာနိုင်ငံတစ်ဝန်းမှာလည်း ဆောင်းဦးကာလဆိုပေမယ့် အယ်လ်နီညိုကြောင့် ပုံမှန်ထက် ပိုပူနေတာ ဖြစ်ပါတယ်။
အခြား ပြည်သူတစ်ဦးကလည်း ရာသီဥတု ပူပြင်းလို့ ယာဉ်တွေ အပူရှိန်လွန်ပြီး မီးလောင်တဲ့ အန္တရာယ်ကို သတိပြုကြဖို့ အကြံပြုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်က ပဲခူးတိုင်း၊ လက်ပံတန်း၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရန်ကုန်က ကျောက်တံတားနဲ့ သာကေတ၊ တနင်္သာရီတိုင်းက မြိတ်မြို့၊ ပုသိမ်ကြီးမြို့နယ်က ဂွေးကြီးကုန်းရွာနဲ့ အောက်တိုဘာ ၂၇ ရက်မှာ ကျောက်ဆည်မြို့နယ်၊ မြို့ဦးရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားပြီး လူအထိအခိုက် မရှိခဲ့ပေမယ့် နေအိမ် ပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပြန်ပါတယ်။
ယခု သီတင်းကျွတ်ကာလအတွင်း ယာဉ်အန္တရာယ်ကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ မီးဘေးအန္တရာယ်ကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံ ပြည်သူတွေ အများစုအတွက် အထွေထွေ အကျပ်အတည်း ကြုံနေရကြပါတယ်။ စီးပွားရေး ကျဆင်းပြီး အလုပ်အကိုင် ရှားပါး၊ အထွေထွေ ကုန်ဈေးနှုန်းတွေ ကြီးမြှင့်တာ၊ တရားဥပဒေ စိုးမိုးမှု အားနည်းတာ၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံ ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းလာတာနဲ့ စည်းကမ်း ထိန်းသိမ်းရေး ယန္တရားတွေ လျော့ရဲလာတာ စတာတွေက အခုလို ယာဉ်အန္တရာယ်နဲ့ မီးဘေး အန္တရာယ်တွေ ဆက်တိုက် ဆိုသလို ကြုံရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ပါဝင်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပြုကြပါတယ်။




















































