တရုတ်နိုင်ငံမှာ အစိုးရ အဆောက်အအုံ တစ်ခုကို မြေတူးစက်သုံးပြီး ဖျက်ဆီးခဲ့တဲ့ အမျိုးသား တစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့တုန်းက ရှန်ရှီးပြည်နယ်၊ ဖန်ဒေါင်းမြို့သစ်ထဲက ရှိရှန်းရပ်ကွက်ထဲက အစိုးရ ဝန်ဆောင်မှုစင်တာ အဆောက်အအုံရှေ့ကို မြေတူးစက်ကြီး တစ်စီး ရောက်လာခဲ့ပါတယ်။
နောက်တော့ အဆောက်အအုံရဲ့ မှန်ပြတင်းတွေ၊ တံခါးတွေနဲ့ မျက်နှာစာ ဧရိယာတွေကို မြေတူးစက် လက်တံကြီးတွေနဲ့ ကုတ်ဖဲ့ပြီး ဖြိုချ ဖျက်ဆီးပစ်ပါတော့တယ်။ အဲဒီမြင်ကွင်း ဗီဒီယိုတွေဟာ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် မြေတူးစက် မောင်းသမားဟာ အဆောက်အအုံကို တစ်နာရီလောက်ကြာအောင် စိမ်ပြေနပြေ တိုက်ခိုက်ခဲ့ပြီး အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် ရုံးဝန်ထမ်းတွေကိုတော့ ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Public Service Announcement
နောက်တော့ ရဲတွေက ဟူလို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ ဒေသခံ မီဒီယာတွေက ဟူဟာ အခုလိုမျိုး ဖျက်လိုဖျက်ဆီး လုပ်ရတာက သူ့ရဲ့ နွားမွေးခြံ ဖျက်သိမ်းဖယ်ရှား ခံရတဲ့ ကိစ္စမှာ လျော်ကြေး ညှိနှိုင်းမှု မပြေလည်ခဲ့တာကြောင့်လို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ ဖြစ်စဉ်ရဲ့ နောက်ခံ အကြောင်းအရာ အသေးစိတ်ကို မထုတ်ပြန်ပါဘူး။
လက်ရှိ အချိန်ထိ ဟူဟာ ရဲအချုပ်ထဲမှာပဲ ရှိနေပြီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ပျက်စီးသွားတဲ့ အဆောက်အအုံ အစိတ်အပိုင်းတွေက ရုံးခန်းတွေကိုတော့ အသုံးပြုလို့ မရသေးပေမယ့် အကောင်းအတိုင်း ကျန်နေတဲ့ နေရာတွေမှာတော့ ညနေပိုင်းကစလို့ အလုပ်ပြန်ဆင်းကြတယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC





















































