Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒက အရမ်းကြမ်းတမ်းသွားတာ ဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲ ရှုံးအပြီးမှာ ထရမ့်ပြော

ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအကျပ် ဖမ်းဆီး နယ်နှင်ခဲ့တဲ့ သူရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒဟာ အရမ်း ကြမ်းတမ်းနေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - CBS

ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအကျပ် ဖမ်းဆီး နယ်နှင်ခဲ့တဲ့ သူရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒဟာ အရမ်း ကြမ်းတမ်းနေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သက်တမ်းဝက် ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်ခဲ့ပြီး အမေရိကန်ရဲ့ လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ရာမှာ ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒကလည်း အစိတ်အပိုင်း တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့တုန်းက 60 Minutes အစီအစဉ်မှာ CBS သတင်းဌာနရဲ့ ရော့စ်ဒူသက်တ်က လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တယ် ထင်သလားလို့ မေးမြန်းခဲ့ပါတယ်။ ထရမ့်က အဲဒီ မူဝါဒဟာ အကူအညီရော၊ နာကျင်မှုတွေကိုပါ ဖြစ်စေခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

နယ်စပ်တွေကို ပိတ်ပစ်ခဲ့တဲ့ ကိစ္စမှာ သူဟာ အမှတ်အားဖြင့် A+ထိ ရခဲ့တယ်လို့ ထင်ကြောင်း၊ ဆိုးသွမ်းသူတွေကို နှင်ထုတ်ခဲ့တဲ့ ကိစ္စမှာလည်း ရမှတ် မြင့်မြင့်မားမား ပိုင်ဆိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ဥပဒေ တစ်ကြိမ် ချိုးဖောက်ဖူးရုံနဲ့တင် ကောင်းကောင်းမွန်မွန် နေထိုင်လုပ်ကိုင်နေသူတွေကိုပါ နှင်ထုတ်ခဲ့တဲ့ ဖြစ်စဉ်တွေကတော့ သူ့ကို ထိခိုက်စေခဲ့တယ်လို့ ထင်ကြောင်း၊ ဒါပေမဲ့ သူတို့တွေဟာ နိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာကိုက ဥပဒေ ချိုးဖောက်မှု ဖြစ်နေကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို လူတွေကို နိုင်ငံကနေ ရှင်းထုတ်သင့်တယ်လို့ နိုင်ငံသားတွေ အများကြီးက ယူဆထားသလို သူတို့ဟာ လူကောင်းတွေဆိုတာ သေချာရင် ဆက်နေခွင့် ပြုသင့်တယ်လို့ ယူဆထားသူလည်း အများကြီး ရှိနေပြန်ကြောင်း၊ သူတို့တွေဟာ ရှုမျှော်ခင်း အလှဆင် ကုမ္ပဏီတွေ၊ ဒါမှမဟုတ် ဟိုတယ်တွေမှာ အလုပ်လုပ်နေပြီး တချို့က အခွန်ပါ ဆောင်နေတာမျိုး ဖြစ်နိုင်ကြောင်း ထရမ့်က ပြောပါတယ်။

သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒဟာ အရမ်းတင်းကျပ်တာမျိုး ဖြစ်ကောင်း ဖြစ်ခဲ့ပုံပဲလို့လည်း ထရမ့်က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ပြီးတော့ လွှတ်တော် နှစ်ရပ်စလုံးကို အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အင်အား အသာစီးနဲ့ ထိန်းချုပ်ထားမယ့် လာမယ့် လွှတ်တော် ဆွေးနွေးမှုတွေမှာ စိတ်ဝင်တစား ပါဝင်သွားချင်ကြောင်းလည်း ထရမ့်က ပြောကြားသွားခဲ့ပါတယ်။

ဇူလိုင်လတုန်းက AP သတင်းဌာနနဲ့ NORC ပြည်သူ့ရေးရာ စင်တာတို့ ပူးပေါင်း ကောက်ယူတဲ့ သုတေသန လူထုအမြင် စစ်တမ်းမှာတော့ ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းကသာ ထရမ့်အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ထောက်ခံကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း အစတုန်းကနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားမှု ဖြစ်ပါတယ်။

တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေကို အသည်းအသန် လိုက်လံဖမ်းဆီးဖို့ ထရမ့်က တာဝန်ပေးထားတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) အေးဂျင့်တွေရဲ့ ခြေလွန်လက်လွန် လုပ်ရပ်တွေက အမေရိကန် ပြည်သူတွေကြားမှာ စိတ်ပျက်မှုတွေ တိုးလာစေခဲ့ပါတယ်။ အထူးသဖြင့် နှစ်ဆန်းပိုင်းတုန်းက မင်နီယာပိုးလစ်မြို့မှာ ICE အေးဂျင့်တွေ ပစ်သတ်လို့ အမေရိကန် နိုင်ငံသား ရီနီးဂွတ်ဒ်နဲ့ အဲလက်စ် ပရက်တီတို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေအပြီး ICEအပေါ် အပြင်းအထန် ရှုတ်ချမှုတွေ၊ နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ဖူးပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

ထရမ့်ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို စုံစမ်းဖို့ ရှေ့တန်းကနေ လှုပ်ရှားခဲ့ကြတဲ့ အမေရိကန် တရားရေးဌာန ထိပ်တန်း အရာရှိကြီး သုံးဦးဟာ ဒီမိုကရက်တွေ လွှတ်တော် ကြီးကြပ်ရေး အာဏာကို ပြန်လည် ရယူလာတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း တစ်ဦးပြီးတစ်ဦး ရာထူးကနေ ထွက်ခွာသွားကြပါပြီ။

နိုင်ငံတကာ

အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ် ၂ စီး လေထဲတိုက်မိလို့ လူ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဆောင်းပါး

မြန်မာ့ ဒီမိုကရေစီအရေးအပေါ် ဥရောပရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်

သတင်း

စစ်တပ်က အမေရိကန်လော်ဘီကုမ္ပဏီကိုတစ်နှစ်ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းထားမှုမျိုးတားဆီးနိုင်ဖို့ ဥပ​ဒပြဌာန်းနိုင်ဖို့လို