နိုဝင်ဘာ -၁၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
အချိန်အခါမဟုတ်ရွာသွန်းနေတဲ့ မိုးကြောင့် အညာဒေသက စစ်ဘေးရှောင်တွေ အခက်အခဲပိုကြုံတွေ့နေပါတယ်။
နိုင်ငံဒေသအများအပြားမှာ နိုဝင်ဘာ ၇ ရက်ကစပြီး မိုးရွာနေတာပါ။ လက်ရှ်ိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေမှာလည်း မိုးများပြီး စစ်ရှောင်တွေ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။
” ဆွေမျိုးတွေအိမ်မှာ နေလို့ရသူတွေက တော်သေးတယ်။ ကားလမ်းမကြီးပေါ် တဲထိုးနေရသူတွေကတော့ အရမ်းဒုက္ခရောက်တယ်။ တိုက်ပွဲကြောင့် ကြိုတင်ရွှေ့ပြောင်းထားသူတွေရှိပေမယ့် အများစု ဒုက္ခရောက်ပါတယ်”လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မန္တလေး- မြစ်ကြီးနားဗျူဟာလမ်းနဲ့ ဆက်စပ်နေတဲ့ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေမှာ အောက်တိုဘာလလယ်ကတည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ လက်ရှိမှာ အထက်ပါမြို့တွေအပြင် စစ်ကိုင်းတိုင်း၊မကွေးတိုင်းထဲက မြို့တွေလည်း မိုးရွာနေပြီး စစ်ရှောင်တွေအခက်ကြုံနေတာပါ။ စစ်ကောင်စီကတော့ မြေပြင်စစ်ကြောင်းတွေထိုးနေသလို လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
” အမိုးအကာတွေအရေးပေါ်လိုနေတယ်။ မိုးက စိမ့်ပြီးရွာနေတာ။ ဆောင်းတွင်းကြီး အရမ်းအေးသလို ဖြစ်နေတာ။ နောက်ပြီး စားရေးသောက်ရေးလည်း မလွယ်ဘူး”လို့ အင်းတော်မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ရွာနေတဲ့မိုးတွေဟာ အရှေ့ဘက်မှလာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးများရွာနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်သေးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။





















































