●မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ စစ်ကိုင်းမှအပကျန်မြို့နယ်အားလုံးအင်တာနက်အဖြတ်ခံရ
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၃ မြို့နယ်တွင် ယမန်နေ့ညမှစ၍ အင်တာနက် ထပ်မံဖြတ်တောက်ခံခြင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အစွမ်းကုန်ယုတ်မာမှုများ ကျူးလွန်တော့မည်ဖြစ်သောကြောင့်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများက ပြော သည်။
ယမန်နေ့(မတ်လ ၃ ရက်)ည ၁၁နာရီကစ၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးခု(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက် လိုင်းအားလုံးကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

“MPT နဲ့ အော်ရီဒူးက အင်တာနက်လုံးလုံးမရတော့ဘူး။တယ်လီနောက တော့ 2G တချက်တချက်ပေါ်တယ်။အဲဒါလဲ ဘာသွားသုံးစားလို့ရမလဲဗျာ “ဟု မြောင်မြို့နေ ပြည်သူတစ်ဦးက လူထုနွေဦး ပြောသည်။

Public Service Announcement
ပြည်သူများ၏ အများနည်းတူ လူ့အခွင့်အရေးခံစားခွင့်ဖြစ်သော အင်တာနက် ရရှိရေးကို ပိတ်ပင်သည့် MPT ၊ အော်ရီဒူး နှင့် တယ်လီနော တို့ သည်လည်း စစ်အာဏာရှင်၏ ညွှန်ကြား ချက်အတိုင်း ဆောင်ရွက်နေသည့် ယန္တရားများအနက် ပါဝင်သည်ဟု၎င်းက ဆက်ပြောသည်။
အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း အင်တာနက်လိုင်းများ အလုံးစုံဖြတ်တောက်ခံရခြင်းသည် အကြမ်ဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကို ယခုထက်ပို၍ ဖိအားပေးတော့မည့် လက္ခဏာဖြစ်ကြောင်းလည်းသုံးသပ်ကြသည်။
“အရေးအကြီးဆုံးကစစ်ကိုင်းက မြို့တွေအားလုံးနီးပါးက သတင်းစီးဆင်းမှုတွေနှေးကွေးသွားလိမ့်မယ်။အကြမ်းဖက်သတ်ဖြတ်တာတွေကို အရှိန်မြှင့်လုပ်လာလိမ့်မယ်ကျွန်တော်တို့ ပြည်သူ့တပ်ဖွဲ့တွေအပါအဝင် ပြည်သူတွေအတွက် ပိုသတိထားရတော့မှာပါ”ဟုတန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စီမံကိန်းကို စစ်ကိုင်းတိုင်းအတွင် အပီအပြင် အကောင်အထည်ဖော်နေသည်မှာ သိသာထင်ရှားသည်ဟုလည်း ဒီပဲယင်းမြို့နယ် ပအဖ(ပြည်သူ့အုပ်ချုပ်ရေး) တာဝန်ရှိသူတစ်ဦးကမှတ်ချက်
ပြုသည်။
“အစွမ်းကုန် ယုတ်မာကြတော့မှာ။လူသိသူသိအခြေအနေတွေမှာတောင် သတ်ဖြတ်ခံရတဲ့ ပြည်သူတွေဆိုတာ ရုပ်လုံးတောင် ဖော်မရခဲ့ကြတာ။အခု ဆိုပိုဆိုးတော့မယ်။ပြည်တွင်းက ပြည်သူတွေနဲ့ ပြည်ပနိုင်ငံတွေအနေနဲ့ အခု ဖြစ်စဥ်ကို ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းပါရစေ”ဟု ၎င်းကဆက် ပြောသည်။
ရရာလက်နက်(လက်လုပ်သေနတ်၊လက်လုပ်မိုင်း၊လက်လုပ် လက်နက်ကြီး) စွဲကိုင်၍ စစ်အာ ဏာရှင် ကို မြို့နယ်အလိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ၊တပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပြောက်ကျားအဖွဲ့ များက အကြမ်းဖက်စစ်ကောင်စီကို နေ့စဥ် အထိနာအောင်တိုက်ခိုက်နိုင်နေသည်။
၂၀၂၁ အောက်တိုဘာလမှစ၍အလောင်းမင်းတရား စစ်ဆင်ရေးအမည်ဖြင့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထို့ကြောင့် ယခုနှစ်ဆန်းပိုင်းကစ၍ အရပ်သာပြည်သူများအပေါ် ဦးတည်အကြမ်းဖက်သတ်ဖြတ်မှုများကို ဗဟိုပြု၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဲ့ဝင်များ၏ စခန်း၊တည်နေရာများ ကို ဖော်ထုတ်ခြင်းများ ရှိလာသည်။


















































