အောက်တိုဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောက်တိုဘာ ၁၈ရက်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အင်အား ၂၅၀ ခန့်နဲ့ စစ်ကြောင်းစတင်ဝင်ရောက်ခဲ့ပါတယ်။ ၎င်းတို့စစ်ကြောင်းစဝင်ချိန် တံတားဦးလေတပ်ကနေ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးလွှတ်ပြီး လေကြောင်းပစ်ခတ်ကာ အကာအကွယ်ယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
အဆိုပါစစ်ကြောင်းဟာ စစ်ကိုင်းအနောက်ခြမ်းက ကျေးရွာတွေကို တစ်ပတ်ကြာတဲ့အထိ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဓါးစာခံဖမ်းဆီးခေါ်ဆောင်တာ၊ ရွာတွေထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ခုမနက်ကို ရွာစုံ ဝင်နေတာ။ ပြည်သူတွေကတော့ ရှောင်ရတာပေါ့”လို့ စစ်ကိုင်းမြေပြင်အခြေအနေတွေ ဖော်ပြနေတဲ့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်ကတည်းက ဓါးစာခံ ပြည်သူ ၃၀ ခန့် ဖမ်းဆီးထားပြီး ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။



















































