ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ ဖေဖော်ဝါရီလ အတွင်း ထိတွေ့ပစ်ခတ်တိုက်ခိုက်မှု ၂၉၈ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၃၀၅ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂၀၉ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ ကား ၃၅စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှလည်း ၆ဦး ကျဆုံးခဲ့ပြီး ၂၃ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် BGF တို့က ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဖေဖော်ဝါရီလအတွင်း လက်နက်ကြီး အလုံး ၄၀၀ကျော် ပစ်ချခဲ့ကြောင်း၊ထို့ပြင် KNU မူတြော်ခရိုင် တပ်မဟာ – ၅ နယ်မြေသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ၂ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
ထို့သို့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထု ခုနစ်ဦး သေဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်၍ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ KNU သထုံခရိုင်၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်/ထားဝယ်ခရိုင် ၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် တို့မှ ပြည်သူလူထု ခုနစ်သောင်းကျော် ကျေးရွာများကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်သည်။


















































