နို၀င်ဘာ-၁၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇီးတောကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအ၀င် သေဆုံးသူများပြီး လက်နက်ခဲယမ်းတချို့သိမ်းရတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့က(အောက်တိုဘာ ၃၁ ရက်) မနက်ပိုင်းက ဇီးတောရွာက ပြည်သူ့စစ်ခေါင်းဆောင် ဝင်းမြင့်အောင်နဲ့ အဖွဲ့ကို ရေစကြိုမြို့နယ် ပကဖက ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇီးတောရွာဟာ ရေစကြိုမြို့အနီးက စစ်တပ်ရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၅၆၊၂၅၇၊၂၅၈) နဲ့ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို အဓိကချိတ်ဆက်ရာ တထောက်နားစခန်းအဖြစ် အသုံးပြုထားတာဖြစ်ပါတယ်။

Public Service Announcement
“ပခုက္ကူ မန္တလေးလမ်းမပေါ်ရှိပြီး ဆင်ဖြူရှင်တံတားနဲ့လည်း မလှမ်းမကမ်းမှာရှိလို့ ဗျူဟာကျတယ်လို့ပြောရတယ်။အထိုင်စခန်းလည်းရှိပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စုဖွဲ့ထားတယ်”လို့ ရေစကြိုမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဇီးတောရွာအခြေအနေကို ပြောပါတယ်။
ဇီးတောပြည်သူ့စစ်ခေါင်းဆောင် အပါအ၀င် စစ်အုပ်စု သေဆုံးမှုနဲ့ပတ်သက်လို့ ရေစကြိုပကဖ ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ရဲဘော်တွေရဲ့တိုက်ခိုက်မှုစွမ်းရည်ကြောင့် လက်နက်တွေ သိမ်းရတယ်လို့ ရေစကြို ပကဖ တာ၀န်ရှိသူ
ရဲဘော်ဝေကြီးက သူရဲ့လူမှုကွန်ယက်ကတဆင့် အောက်တိုဘာ ၃၁ ရက်နေ့က အသိပေးထားပါတယ်။
“မနေ့က ရေစကြိုမြို့ပေါ်မှာရှိတဲ့ ရုံးပေါင်းစုံထဲက စခတွေ တမာတန်းလမ်းဆုံကို ထွက်လာတာရှိတယ်”လို့ ဒေသခံတစ်ဦးက တိုက်ခိုက်မှုအပြီး အခြေအနေကို ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာဆန်းပိုင်းကလည်း ရေစကြိုမြို့နယ်၊ ဂွေးချိုပြည်သူ့စစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။




















































