အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော ဘုံဆုံးဖြတ် ချက် ၅ရပ်ကို မြန်မာစစ်ကောင်စီ အကောင် အထည်ဖော်ခြင်းမရှိသည့်အပေါ် အလွန်စိတ်ပျက်မိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ယမန်နေ့(မတ်လ ၆ ရက်)တွင် ပြောကြားသည်။
စင်ကာပူအခြေစိုက် Mediacorp Channel 5 သတင်းဌာနနှင့် တွေ့ဆုံမှုမေးမြန်းမှုတွင် မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်၏ခရီးစဉ်အတွင်း သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံဆွေးနွေးခွင့် ပေးရန်တောင်းဆိုခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အရမ်းအရမ်းကို စိတ်ပျက်စရာကောင်းပါတယ်။ ဒါက ကြေကွဲစရာပါပဲ။ ကျွန်တော်တို့ခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ် ဧပြီမှာ ချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်အပေါ်မျှော်လင့်ချက်ထားတုန်းပါ။ မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်မယ်လို့လည်း မျှော်လင့်နေဆဲဖြစ်ပါတယ်”ဟု စင်ကာ ပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
လက်ရှိတွင် မြန်မာ့အရေးသည် နက်ရှိုင်းစွာဖြေရှင်းရန်ခက်ခဲ့သည့်ပြဿနာတရပ်ဖြစ်ပြီး နောက်ဆုံးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရိုးသားသည့် ဆွေးနွေးမှု၊ မျက်နှာချင်းဆိုင် တွေ့ဆုံမှုများ လိုအပ်ကြောင်း ဒေါက်တာဗီဗီယန်ဘလာခရစ်ရှ်နန်က ဆိုသည်။

Public Service Announcement
အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ပရက်ဆက်ခွန်သည် မတ်လ ၂၀ မှ ၂၄ ရက်အထိ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ရန် စီစဉ်ထားသည်။
သို့သော် အာဆီယံအထူးကိုယ်စားလှယ်၏ ၄ ရက်ကြာခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီက အထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးမည်မဟုတ်ကြောင်း Nikkei Asia သတင်းဌာနက ဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ယင်းတားမြစ်ချက်သည် ဘုံဆုံးဖြတ်ချက် ၅ရပ်တွင် ပါဝင်သော သက်ဆိုင်သည့်အဖွဲ့အစည်းအားလုံးအကြား တွေ့ဆုံဆွေးနွေးရေးဟူသော အချက်နှင့် ဆန့်ကျင်နေသည်။


















































