အာဏာသိမ်း စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်း လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ဒေသခံများ၏ နေအိမ်များ ပျက်စီးခဲ့ပြီး ဒေသခံ ၃,၇၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၉ရက် နံနက် ၂နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံး ၄လုံး လာရောက်ကြဲချခဲ့ရာ ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာအတွင်းသို့ (၂) လုံးနှင့် ဆောထိမြို့နယ် တကက်ပူ ကျေးရွာအတွင်းသို့ (၂)လုံး ကျရောက်ခဲ့သည်ဟု ဆိုသည်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသခံ ပြည်သူလူထုများ ထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ်အဆောက် အအုံများ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်သောကြောင့် ကျေးရွာပေါင်း ၁၇ရွာမှ ပြည်သူလူထုပေါင်း ၃,၇၀၀ခန့်တို့ ကျေးရွာကိုစွန့်ပြီး တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

လတ်တလောတွင် ကျေးရွာလူထုများ စိုးရိမ်ကြောက်ရွံ့နေရပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement


















































