Connect with us

Hi, what are you looking for?

သတင်း

NUGအစိုးရအဖွဲ့ဝင်များ လူထုနှင့်ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လိုကြောင်း ယာယီသမ္မတသတိပေး

ခုခံတော်လှန်စစ်ကို မြေပြင်၌လက်တွေ့ဆင်နွှဲနေရသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို နိုင်နင်းစွာ ထိတွေ့ဆက်ဆံရန်လိုကြောင်းလည်း ယာယီသမ္မတက ပြောသည်။

(ယာယီသမ္မတဒူဝါလရှီးလ PDF ​ရှေ့တန်းစခန်းတစ်ခုသို့ သွား​ရောက်​လေ့လာခဲ့စဥ်။ ။ဓါတ်ပုံ-NUG)
(ယာယီသမ္မတဒူဝါလရှီးလ PDF ​ရှေ့တန်းစခန်းတစ်ခုသို့ သွား​ရောက်​လေ့လာခဲ့စဥ်။ ။ဓါတ်ပုံ-NUG)

▪️လူထုနင့် တသားတည်းရပ်တည်ရန်၊ မဟာမိတ်အင်အားစုအချင်းချင်း စည်းလုံးညီညွတ်ရေးအမြဲဝီရိယထုတ်ရန် မှာကြား

▪️ပြည်သူ့ကာကွယ်ရေးတပ်များကို နိုင်နင်းစွာထိတွေ့ဆက်ဆံပြီး ပံပိုးမှုများအချိန်မီစီမံပေးရန်လိုဟုတိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုနှင့် ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များမဖြစ်စေရေး သတိပြုရန် ယာယီသမ္မတ ဒူဝါလရှီလက ပြောကြားသည်။

ယနေ့ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

“လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျွန်တော့်အနေနဲ့ မမြင်ချင်ပါဘူး။ လူထုနဲ့ တသားတည်းရပ်တည်ကြဖို့၊ သက်ဆိုင်ရာ မဟာမိတ်အင်အားစုတွေ အချင်းချင်းကြား၊ စည်းလုံးညီညွတ်ကြဖို့၊ အမြဲဝီရိယထုတ်နေကြဖို့ လိုကြောင်း ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ခုခံတော်လှန်စစ်ကို မြေပြင်၌လက်တွေ့ဆင်နွှဲနေရသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို နိုင်နင်းစွာ ထိတွေ့ဆက်ဆံရန်လိုကြောင်းလည်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ လိုအပ်တဲ့အထောက်အပံ့တွေကိုလည်း အချိန်အခါ မလင့်စေဘဲ၊ တတ်နိုင်သမျှကြိုးစားပြီး စီမံထောက်ပံ့ကြဖို့ တိုက်တွန်းလိုပါတယ်။ မြေပြင် PDF တွေအချင်းချင်း နားလည်မှုတွေ မကွဲလွဲအောင်၊ နိုင်ငံရေးအရ Timing တိုက်ထားကြဖို့လည်း ဝန်ကြီးများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါ။” ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း၌ နိုင်ငံရေးပဋိညာဉ်တစ်ခု ကျစ်ကျစ်လစ်လစ်ပေါ်ထွက်လာ ရေးကိုလည်းအာရုံစိုက်ကြရန်လည်း ပြောကြားသည်။

“အုပ်စုအကျိုး စီးပွားထက် လူထုအကျိုးစီးပွား အပေါ် အခြေခံသော နိုင်ငံရေးပဋိညာဉ်နဲ့ နိုင်ငံရေးမူဝါဒတွေ ဖြစ်ဖို့လည်း လိုပါတယ်။’လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့ပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေဖြင့် စစ်ကောင်စီကို အဘက်ဘက်က အကြပ်အတည်းဆိုက်အောင် ဝိုင်းဝန်းပိတ်ဆို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီက သူ့အတွက် ဂယ်ပေါက် ကြီးကြီး တစ်ပေါက်ရလိုက်တာနဲ့ ရှင်သန်ရပ်တည်နိုင်မှာ ဖြစ်တယ်ဆိုတာ အထူးသတိပြုဖို့၊ ဒါကို သတိချပ်ပြီး အာရုံစိုက် ပိတ်ဆို့ဟန့်တားကြဖို့၊ စစ်ရှောင်ပြည်သူတွေနဲ့ စီဒီအမ်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့၊ လက်နက်ကိုင်တော်လှန်ရေးက အကဲဆတ်တာကြောင့် အချိန်ကာလ တိုတိုလေးအတွင်းမှာ တဆစ်ချိုး အပြောင်းအလဲတွေ ရုတ်တရက် ချိုးကွေ့ပြောင်းလဲတက်တာကိုလည်း သတိ ချပ်ဖို့ လိုတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးကာလဖြစ်၍ ကာလတိုအတွင်း နိုင်ငံရေး၊ နိုင်ငံခြားရေး၊ မဟာမိတ်ဆက်ဆံရေး ၊ မြေပြင် စစ်ရေး နှင့် စီမံ အုပ်ချုပ်မှု အခြေအနေများ အားလုံး တစ်နေ့နှင့် တစ်နေ့ စဉ်းစားချက်များ၊ လုပ်ကိုင်ဆောင်ရွက်မှုများ အပြောင်းအလဲ ရှိနိုင်၍ မျက်ခြေမပြတ် စီမံဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားသည်။

“တော်လှန်ရေးတစ်ခု ဆင်နွှဲကြတယ်ဆိုရာမှာ အားလုံးပြီးပြည့်စုံတဲ့ အချိန်ထိတော့ စောင့်လို့မရတာ အမှန်ပါပဲ။ လိုအပ်ချက်တွေ ရှိတာပေမယ့်လည်း တော်လှန်ရေးအင်အားစုတွေ အားလုံးအတူတကွ လက်ချင်းချိတ်ပြီး ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေးခုခံတော်လှန်စစ် ၁ နှစ်ကျော်လာချိန်တွင် မြေပြင်အခြေအနေ ကြားသိနေရသမျှအပေါ်ကို နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ ကင်းကွာတယ်ဆိုတာ တကယ့်မြေပြင်လိုအပ်ချက်နဲ့ လုပ်နေတာနဲ့ လွဲနေတာမျိုးပဲဖြစ်ဖြစ် တချို့ အထောက်အပံ့တွေဆိုလည်း တကယ့်လိုအပ်တဲ့နေရာကို မရောက်ဘူးဆိုတာ ကြားနေရတာပေါ့။ အထူးသဖြင့် ပြည်ပ ထွက်သွားပြီဆိုရင် ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ကင်းကွာသွားကြတာများတယ်။ ပြောရရင် စာရွက်ပေါ်က နိုင်ငံရေးပဲ။ အဲဒါတွေက ဒီတစ်နှစ်ခွဲအတွင်းမှာ တချို့နေရာတွေမှာ ပြင်းပြင်းရှရှ ထွက်လာတယ်။ ဒါတွေကိုလည်း NUG လူကြီးပိုင်းက သိမှာပေါ့နော်။ အဲ့အတွက်ကြောင့် ပုဂ္ဂိုလ်နာမည် တပ်မပြောဘဲ တည့်တည့်ပဲ သတိ

ပေးတယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

အခြားနိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးကလည်း ယာယီသမ္မတမိန့်ခွန်းမှာ ညီညွတ်ရေးကိုရည်စူးပုံရကြောင်း ထောက်ပြသည်။

“ဒီအချိန်မှာ ဘယ်နိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ဖြစ် ညီညွတ်ရေးကို အဓိက ဦးတည်ပြီးတော့ ပြောတာဆိုတော့လေ။ ညီညွတ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက်လည်း အဲဒီလိုမျိုးကြုံခဲ့ရတဲ့ သာဓကတွေ ရှိတာရယ်၊ လက်ရှိ အခြေအနေမှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေကြားထဲမှာ နိုင်ငံရေးအင်အားစုတွေကလည်း အသီးသီးရှိနေကြတော့ ဒီအပေါ်မှာ ညီညွတ်ရေးတည်ဆောက်ကြဖို့ တိုက်တွန်းတာလို့မြင်တယ်”ဟု ၎င်းက ပြောသည်။

NUGသမ္မတရုံးသည် အင်အားစုအားလုံး၏ လေးစားခံရ​သော၊ ညီညွတ်ရေးတွင် သမာသမတ်ကျ​သော ရုံးအဖြစ်​ကောင်းသတင်းဖြင့်နာမည်ရ​သောရုံးဖြစ်​သော​ကြောင့် ညီညွတ်ရေးအတွက်ဦးစား​ပေး​ပြောလိုပုံရသည်ဟုအထက်ပါနိုင်ငံ​ရေး​လေ့လာသူက​မှတ်ချက်ပြုသည်။

“သူ(သမ္မတက) ကအင်အားစုတွေ တစ်စုံလုံးကိုတော်လှန်ရေးတစ်ခုလုံးရဲ့ညီညွတ်ရေးကို ဦးစားပေးဖို့ကိုပဲ သတိပေးချင်ပုံရပါတယ်” ။ ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။