အမျိုးသမီးအမတ် အရေအတွက် ပိုများတဲ့ ပထမဆုံး ဥရောပ လွှတ်တော် ဖြစ်လာမယ့် သမိုင်းမှတ်တမ်းနဲ့ အိုက်စ်လန် နိုင်ငံက ကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။
အိုက်စ်လန် ရွေးကောက်ပွဲမှာ ကနဦး မဲရေတွက်မှုတွေအရ လွှတ်တော်အမတ် နေရာ ၆၃ ခုအနက် ၃၃ နေရာမှာ အမျိုးသမီး အမတ်တွေ အနိုင်ရခဲ့တယ်ဆိုတဲ့ ခန့်မှန်းရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီပမာဏဟာ လွှတ်တော်အမတ် နေရာ စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းနဲ့ ညီမျှပြီး ဥရောပ နိုင်ငံအားလုံးမှာ အမျိုးသမီး ပိုများတဲ့ ပထမဆုံး လွှတ်တော် အနေနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မဲတွေကို ပြန်လည် စိစစ် ရေတွက်ပြီးချိန်မှာတော့ အမှန်တကယ် အနိုင်ရတဲ့ အမျိုးသမီးအမတ် ဦးရေဟာ ၃၀ ထိ ပြန်လျော့သွားပါတယ်။ ဒါဟာ လွှတ်တော် အမတ် စုစုပေါင်းရဲ့ ၄၇.၆ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
ဥရောပမှာတော့ ဘယ်နိုင်ငံမှ အမျိုးသမီး အမတ်ဦးရေက ၅၀ ရာခိုင်နှုန်းအထက် နေရာရခဲ့တာမျိုး မရှိသေးပါဘူး။ ရာခိုင်နှုန်း အများဆုံး ဖြစ်ခဲ့ဖူးတဲ့ ဆွီဒင်မှာ အမျိုးသမီး အမတ်တွေ ပါဝင်မှုက ၄၇ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ဖူးပါတယ်။

Public Service Announcement
အိုက်စ်လန်မှာ အရင်ကထက်စာရင် အမျိုးသမီးအမတ် အရေအတွက် ၆ ဦး ထပ်တိုးလာပေမယ့် အမျိုးသား ဦးရေက ပိုများနေဆဲ ဖြစ်ပါတယ်။ အိုက်စ်လန်က နိုင်ငံရေး ပါတီတချို့မှာ အမျိုးသမီး ကိုယ်စားလှယ် ဦးရေ အနည်းဆုံး ဘယ်လောက် ကိန်းဂဏန်း ရှိရမယ် ဆိုတာမျိုး သတ်မှတ်ထားတတ်တယ်လို့လည်း သိရပါတယ်။
မဲတွေ ပြန်မရေတွက်ခင်မှာတော့ နိုင်ငံရေးအရ မှတ်တမ်းသစ်တစ်ခု ပေါ်ထွန်းလာနိုင်တယ်ဆိုပြီး အိုက်စ်လန် ပြည်သူတွေက ဒီသတင်းကို ကြိုဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ အမျိုးသမီး အရေအတွက်က လွှတ်တော်ထဲမှာ ပိုနည်းနေဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဥရောပသာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ လွှတ်တော်ထဲမှာ အမျိုးသမီး အမတ် အရေအတွက် ၅၀ ရာခိုင်နှုန်းနဲ့အထက် ရထားတဲ့ နိုင်ငံ ၅ ခု ရှိပါတယ်။ ရဝမ်ဒါ အောက်လွှတ်တော်မှာ အမျိုးသမီး အမတ် အချိုးအစားက ၆၁.၃ ရာခိုင်နှုန်းရှိပြီး ကျူးဘားမှာ ၅၃.၄ ရာခိုင်နှုန်း၊ နီကာရာဂွာမှာ ၅၀.၆ ရာခိုင်နှုန်း၊ ယူအေအီးနဲ့ မက္ကဆီကိုတို့မှာ ၅၀ ရာခိုင်နှုူန်းစီ အသီးသီး ရှိနေကြောင်း သိရပါတယ်။


















































