စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မြို့နယ်ဗကသဥက္ကဌအပါအဝင် ရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်သွားကြောင်း အဆိုပါအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်းက ဘုတလင်မြို့နယ်ရှိ ဗကသရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မြို့နယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး အပါအဝင် ဗကသရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရေအတွက်ကိုမူ အသိပေးထားခြင်း မရှိပေ။ထို့အပြင် ဖြစ်စဉ်ကိုစုံစမ်းနေပြီး အသေးစိတ် ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။
ဗကသများအဖွဲ့ချုပ်အား ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းနှင့် ပြန်ကြားရေးဗျူရိုက အသေးစိတ်ထုတ်ပြန်ပြီးမှ ဖြေကြားပေးမည်ဟု အကြောင်းပြန်သည်။

Public Service Announcement
“ဘုတလင်နယ်မှာ စစ်ကြောင်းထိုးပြီး သတ်သွားတာ။ အဲနားတွေ့တဲ့ကလေးတွေကော သတ်သွားတယ်ပြောတယ်။ ဘယ်လေါက်အသတ်ခံရမှန်းမသိသေးဘူး။။”ဟု ဗကသကျောင်းသားတစ်ဦးက ပြောသည်။
ဗကသကျောင်းသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီးပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်တွင် မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်ကို မေလ ၂၈ ရက်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည်။
ထို့အပြင် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ဖေဖော်ဝါရီ ၂၄ ရက်က မုံရွာအကျဥ်းထောင်မှ ခေါ်ထုတ်သွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေသည်။


















































