အချိန်က ညနေ ၄ နာရီကျော်လောက်ရှိပြီ။ ဖျက်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ဟာ ကိုစံရွှေတို့မြို့ကို လွန်သွားတာမိနစ်ပိုင်းမျှသာ ရှိပါသေးတယ်။
ဒါကြောင့် ကိုစံရွှေတစ်ယောက် ပတ်ဝန်းကျင်ကိုစူး စမ်းလိုဇောနဲ့ နေအိမ်အပြင်ဘက် လမ်းပေါ်ထွက်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်မိတယ်။ သူ မြင်တွေ့ရသမျှ အရာအားလုံးကတော့ အပြိုပြို အလဲလဲပါပဲ။
အဲဒီအပျက်အစီးတွေကိုကြည့်ပြီး “နာဂစ်ကိုတောင် ပြန်အမှတ်ရသွားတယ်”လို့ ကိုစံရွှေကခိုင်းနှိုင်းပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်(၂၀၀၈ ခုနှစ်)က မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ၁ နာရီကိုလေတိုက်နှုန်း မိုင် ၁၃၀ ကျော်နဲ့ တိုက်ခတ်ခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလမှ တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းက တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ နဲ့ဝင်ရောက်ခဲ့တယ်။ အခုနှစ်(၂၀၂၃) မေ ၁၄ ရက်နံနက် ၁၁ နာရီခွဲမှာ ဝင်သွားတဲ့ မိုခါမုန်တိုင်းကတော့ ၁ နာရီလေတိုက်နှုန်း ၁၁၂ မိုင်ကန ၁၁၈ မိုင်နှုန်းပြင်းအားနဲ့ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယမိုးဇလ(IMD)ကတိုင်ထွာထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုဝင်ရော်ခဲ့တဲ့ပြင်းအားကအဆင့် ၃ (Category -3 )မုန်တိုင်းဖြစ်ပါတယ်။ နာဂစ်ကတော့ ပြင်အား အဆင့် ၄ (Category -4) မုန်တိုင်းဖြစ်ပါတယ်။ ပြင်အား အဆင့် ၅ ကတော့ အမြင့်မားဆုံးဖြစ်ပါတယ်။
မိုခါမုန်တိုင်းရဲ့ ဗဟိုချက်ဟာ ကိုစံရွှေတို့နေထိုင်ရာရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေဖြတ်သန်းသွားတာပါ။ စစ်တွေကိုလွန်တော့ မုန်တိုင်းဗဟိုချက်ဟာ ရသေ့တောင်မြို့နယ်အနီးကနေထပ်ဖြတ်ပါတယ်။ အဲဒီနောက် ချင်း၊ မကွေး၊ စစ်ကိုင်း စတဲ့ဒေသတွေကနေတဆင့် ကုန်းတွင်းပိုင်းကိုဝင်ရောက်ပြီး အား လျော့ပျက်ပျယ်သွားခဲ့ပါတယ်။

▪︎မုန်တိုင်းအလွန် ထိရောက်တဲ့အကူအညီတွေလိုအပ်နေ
ဒီကနေ့(မေ ၂၉)ဆိုရင် ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဝင်ရောက်တိုက်ခတ်ပြီးလို့ ပုံမှန်ရာသီဥတုပြန်ရောက်တာ ၁၅ ရက်တိတိရှိပါပြီ။ မိုခါမုန်တိုင်းဝင်ရောက်စဥ်က အသက်ဘေးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေဟာ ခုချိန်ထိလည်း ရတက်မအေးနိုင်ကြသေးပါဘူး။
မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ နေအိမ်အဆောက် အအုံတွေ၊ လူမှုစီးပွားဘဝတွေကို ပြန်လည်ထူထောင်နေရဆဲပါ။ ဒါပေမဲ့ စစ်တွေမြို့က ကိုစံရွှေတို့မိသားစုလို ဘေးသင့်ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေးအတွက် လုံလောက်တဲ့အကူအညီတွေ မရကြသေးပါဘူး။
ထိခိုက်ပျက်စီးသွားတဲ့အိုးအိမ်တွေကို ကိုစံရွှေတို့ကိုယ်ထူကိုယ်ထ ရှင်းလင်းကြရပါတယ်။ ဒါ့အပြင် လေဘေးနဲ့ ရေဘေးကြောင့် ထိ ခိုက်သေဆုံးရသူတွေကို ရှာဖွေတာ၊ ကူညီကယ်ဆယ်တာတွေကိုလည်း ဒေ သခံတွေကိုယ်တိုင်ပဲ လုပ်ကြရပါတယ်။
မုန်တိုင်းကြောင့် မြန်မာပြည်သူ တစ်သန်းခွဲကျော်ကိုအပြင်းအထန်သက်ရောက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာသန်းပေါင်း ၃၃၀ ကျော်လိုအပ်တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဝင်ရောက်သွားတဲ့မြို့နယ်တွေမှာ နေအိမ်အား လုံးရဲ့ ၉၅ ရာခိုင်နှုန်းထိခိုက်ပျက်စီးသွားတဲ့ ရခိုင်ဒေသမှာ ပြည်သူတွေ လုံလောက်တဲ့အကူအညီ မရကြသေးပါဘူး။
အထူးသဖြင့် အမိုးအကာနဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် ရေ၊ အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုက ကယ်ဆယ်ရေးလည်း မရောက်သေးဘူး။ ကျနော်တို့မှာလိုတာက အမိုးအကာတွေပါပဲ တာလပတ်တွေပေါ့။ ကျနော်တို့လိုတာ ရေပါ။ နောက်တစ်ခုက ဆေးဝါးတွေမရဘူး။ ဒီမှာဒဏ်ရာရသူတွေလည်း ရှိတယ်”လို့ မုန်တိုင်းဗဟိုချက်ဖြတ်သန်းခဲ့ရာရသေ့တောင်မြို့နယ် ညောင်ပင်ကြီးရွာမှ ဒေသခံတစ်ဦးက People’s Spring သတင်းဌာနကို ပြောပါတယ်။

ညောင်ပင်ကြီးရွာဟာ မုန်တိုင်းဒဏ်ကြောင့် ပြည်သူ ၂၀ ဦးသေဆုံးပြီး နေအိမ် ၄၀၀ ကျော်ပျက်စီးကာ ရသေ့တောင်မြို့နယ်ထဲမှာ ထိခိုက်သေဆုံးမှုအများဆုံး ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။
ရသေ့တောင်နယ်က ညောင်ပင်ကြီးရွာလို ဝေးလံတဲ့နေရာတွေမပြောနဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့ နယ်မှာတောင် လိုအပ်တဲ့အကူအညီတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တွေ့ခဲ့တာတော့ အစားအသောက်နဲ့ ဆန်လေးဘာလေး နည်းနည်းပါးပါးဝေပေးတာပဲရှိသေးတယ်။ တခြား ဘာအထောက်အပံ့မှတော့ ရောက်မလာသေးဘူး”လို့ စစ်တွေမြို့ခံ ကိုစံရွှေက ပြောပါတယ်။
စစ်ကောင်စီကဘေးသင့်ပြည်သူတွေကို လုံလောက်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မပေးတဲ့အပြင် ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကိုပါ ခြိမ်းခြောက်ဟန့်တားတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘေးသင့်ပြည်သူတွေထံ ဆန်တွေပေးပို့ဖို့လုပ်ဆောင်နေတဲ့ ရခိုင်လူငယ်တစ်ဦးရဲ့အတွေ့အကြုံအရ စစ်ကောင်စီကသူတို့ကို စစ်တွေကနေ ရသေ့တောင်ကို ဆန်သယ်ခွင့်မပေးဘူးလို့ ပြောပါတယ်။
“မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် စစ်တွေကရသေ့တောင်သို့တောင် ဆန်သယ်ခွင့်မပြုပါဘူး။မင်းအောင်လှိုင်ရဲ့ရခိုင်ပြည်သူတွေအပေါ်ထားတဲ့သ ဘောထားကို အ ထင်းသားတွေ့မြင်နိုင်ပါတယ်”လို့ သူကဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရင်ဖွင့်ထားပါတယ်။
မုန်တိုင်းဒဏ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုနဲ့ လူ သေဆုံးမှုအများဆုံးမြို့နယ်တွေဖြစ်တဲ့ စစ်တွေနဲ့ ရသေ့တောင်လို မြို့နယ်တွေမှာပါ အကူအညီတွေ မရသလောက်နည်းပါးနေသေးတယ်လို့ ဒေသခံတွေက ရင်ဖွင့်ကြပါတယ်။
အဲဒီအထဲက စစ်တွေဟာဆိုရင် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော်တစ်ခုဖြစ်ပေမယ့် အခုချိန်ထိ ဘေးသင့်ပြည်သူတွေထံကို ဆန်၊ ရိက္ခာခြောက်နဲ့ မိုးကာအနည်းငယ် ထောက်ပံ့တာလောက်ပဲရှိနေပါသေးတယ်။ အထူးသဖြင့် ထောက်ပံ့ကူညီမှု မရသလောက်နည်းပါးတဲ့နေရာတွေကတော့ မတူကွာပြားတဲ့ လူမျိုးစုတွေနေထိုင်ရာ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
မုန်တိုင်းဘေးသင့်၈ မြို့နယ်မှာ စစ်တွေရှိ ရိုဟင်ဂျာ IDP Camp တွေကို စစ်ကောင်စီဆီက ” ဆန် ၃ ဗူးဆီရောက်တယ်။ နောက်ထပ်ဘာမှ မရောက်ဘူး”လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတစ်ဦးက People’s Spring ကို ပြောပါတယ်။
အဲဒီလိုပဲ ပုဏ္ဏားကျွန်းမြို့နယ်ထဲက အိမ်ခြေ ၆၈ လုံးရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို စစ်ကောင်စီက ခေါက်ဆွဲခြောက် ၂ ဖာ၊ သံဖြူ(သွပ်)အချပ် ၂၀၊ တစ်အိမ်ကို ဆန် ၁၂ ဖူးကို မေ ၂၄ ရက်က လာဝေသွားတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ Westream News က ဖော်ပြပါတယ်။
ဒါ့အပြင် လူ ၁၄ ဦးထိခိုက်သေဆုံးခဲ့တဲ့ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှဒေသခံတစ်ဦးကတော့ သူတို့အနေနဲ့ ပျက်စီးသွားတဲ့ အိမ်ပြန်ဆောက်ဖို့ ဆောက်လုပ်ရေးတွေလိုအပ်နေတယ်လို့ ပြောပါတယ်။ လတ်တ လောမှာ အကူအညီတစုံတရာ မရရှိသေးတာကြောင့် အပျက်အစီးတွေထဲက ပြန်သုံးလို့ရမယ့်ပစ္စည်းလေးတွေ ပြန်ကောက်ယူပြီး တဲအိမ်ငယ်တစ်လုံးကို ကိုယ်ထူ ကိုယ်ထပြန်ဆောက်နေရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။
“သံဖြူ(သွပ်)တွေ ပေးမယ်လို့တော့ ကြားတယ်။ ခုချိန်ထိတော့ ပေးတယ်မကြားမိသေးဘူး”လို့ အဲဒီဒေ သခံက ဆိုပါတယ်။ သူ ခုလိုပြောလာတာဟာ မိုခါမုန်တိုင်းအပြီး ၁၃ ရက်အကြာ မေ ၂၇ ရက်နေ့က ပြောဆိုထားတာပါ။
လက်ရှိအခြေအနေမှာ ဘေးသင့်ပြည်သူတွေထံ ကူညီပံ့ပိုးမယ့် ပြည်တွင်းပြည်ပ အကူအညီပေးရေးလုပ်ငန်းတွေအပေါ် စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်ကန့်သတ်နေတာလည်း ဖြစ်ပါတယ်။

▪︎သေဆုံးစာရင်းတွေလိမ်တဲ့စစ်ကောင်စီ
စစ်တွေမြို့မှာ မြေပြင်စာရင်းကောက်ယူသူတွေက ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ရွာတွေမှာပဲ သေဆုံးသူ ၄၀၀ ကျော်ရှိတယ်လို့ People’s Spring ကိုပြောခဲ့ကြပါတယ် ။ စစ်တွေမြို့က စခန်း ၄ ခုနဲ့ ရွာ ၄ ရွာ ကိုမြေပြင်စာရင်းကောက်တာမှာပဲသေဆုံးသူ ၁၃၀ ခန့်ရှိပြီး အဲစခန်း၄ ခု နဲ့ရွာ ၄ရွာမှာ မေ ၁၆၀ ရက်အထိ့မြေမြှပ်သဂြိုဟ်ပြီးတာ ၁၁၀.ရှိတဲ့ စာရင်းကို People’s Spring ကရရှိထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ရိုဟင်ဂျာ ၄၀၀ ကျော်သေတာမဟုတ်ဘူး ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် ဖော်ပြတဲ့ မီဒီယာတွေကို အရေးယူမယ် လို့ခြိမ်းခြောက်ပါတယ်။၊တစ်ကယ် သေတာက ရခိုင် ပြည်နယ်မှာ မေ ၂၂ ရက်နေ့အထိ ၁၄၈ ဦးပဲရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
စစ်ကောင်စီကအဲလိုခြိမ်းခြောက်ပြီးတဲ့နောက်မှာ မြေပြင်မှာကူညီကယ်ဆယ်ရေးလုပ်နေသူက သေဆုံးစာရင်းတွေမပေးရဲကြတော့ပါဘူး။
ဒါအပြင်စစ်ကောင်စီရဲ့စာရင်းဟာ ရခိုင်ပြည်နယ်ပဲထည့်တွက်ပြီးကျန်ဒေသတွေ မပါ, ပါဘူး။ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်မှာပဲ မိုခါမုန်တိုင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက မုန်တိုင်းကြောင့်သေဆုံးသူနိုင်ငံတစ်ဝန်း ၅၀၀ ကျော်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူအချို့က မုန်တိုင်းကြောင့်သေဆုံးသူအရေအတွက်အတိအကျကို စစ်ကောင်စီက သတင်းအမှောင်ချ ၊ခြိမ်းခြောက်ထားမှုတွေကြောင့်ဘယ်လောက်ဆိုတာမပြောနိုင်ပေမယ့်စစ်တပ်ပြောတဲ့အရေအတွက်ထက် များစွာပိုတယ်လို့ ပြောပါတယ်။

▪︎ရေနစ်သူဝါးကူထိုးတဲ့ စစ်ကောင်စီ
စစ်ကောင်စီက ဘေးသင့်ပြည်သူတွေဆီပို့မယ့် ကယ် ဆယ်ရေးပစ္စည်းတွေကို လွတ်လွတ်လပ်လပ်သယ်ခွင့်မပေးတဲ့အပြင် အကူအညီမရလို့ ကိုယ့်ငွေနဲ့ကိုယ်ဝယ်ယူမယ့် ကုန်ပစ္စည်းတွေအပေါ်မှာလည်း ကန့်သတ်တာတွေ ရှိနေတယ်လို့ ရခိုင်ပြည်သူတွေက ပြောပါတယ်။
အထူးသဖြင့် ပျက်စီးသွားတဲ့ နေအိမ်တွေပြန်ပြင်ဖို့ အိမ်ဆောက်ပစ္စည်းတွေဝယ်ယူရာမှာ ကန့်သတ်ခံရတာတွေ ရှိနေတာလို့ ဆိုကြပါတယ်။ ရန်ကုန်အပါ အ ဝင်တခြားမြို့တွေကနေသယ်ယူမယ့် အိမ်ဆောက်ပစ္စည်းတွေကို စစ်ကောင်စီခန့်ထားတဲ့ နယ်လုံ(လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး)ခွင့်ပြုချက်ပါမှ တင်သွင်းရှိမယ်ဆိုလို့ အခက်တွေ့နေရတဲ့အကြောင်း စစ်တွေမြို့ခံတစ်ဦးက ခုလိုပြောပြပါတယ်။
“ကိုယ့်အိမ့်ကိုယ် ပြန်ပြင်ဖို့ အိမ်ခေါင်းမိုးသွပ်တင်ပို့ချင်တယ်ဆိုတာကို နယ်လုံလက်မှတ် လိုပါတယ်တဲ့” ဒါ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့လည်း ပစ္စည်းအမှာများတဲ့အပေါ်မူတည်ပြီး ကုန်ပစ္စည်းတင်သွင်းရာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တချို့က နယ်လုံခွင့်ပြုချက်လက်မှတ်တောင်းနေတာကြောင့် အချိန်မီ ကုန် ပစ္စည်းသယ်ယူနိုင်ခြင်းမရှိဘူးလို့ ဆိုကြပါတယ်။ အဲဒီကန့်သတ်ချက်တွေရဲ့အကျိုးဆက်အနေနဲ့ ဒေသ ခံတွေဟာ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို စာရင်းကြိုပေးတဲ့စနစ်နဲ့ ဝယ်ယူနေကြရတယ်လို့ ရင်ဖွင့်ကြပါတယ်။
“အရင်ထက် စျေးအဆမတန်တက်သွားတာတောင်မှ ဝယ်ချင်တိုင်း ဝယ်မရဘူး။ ဝယ်ချင်ရင် စာရင်းကြိုပေးထားရတယ်။ ပြီးရင် စောင့်တော့ပေါ့”လို့ စစ်တွေမြို့ခံ ကိုစံရွှေက ငြီးတွားပါတယ်။
မုန်တိုင်းအလွန် လက်ရှိကာလမှာ ကုန်စျေးနှုန်းတွေဆပြန်တက်သွားလို့ ပြည်သူတွေခက်ခဲရတဲ့အထဲ စစ်ကောင်စီက ခုလိုကန့်သတ်နေတာဟာ ပြည်သူကိုထပ်ပြီး ဒုက္ခပေးတာလို့ ကိုစံရွှေက သူ့ခံစားချက်ကို ပြောပါတယ်။

▪︎ ကူညီမယ့် ကုလအဖွဲ့အစည်းတွေကိုပါ သွားလာခွင့်ကန့်သတ်ခဲ့တဲ့စစ်ကောင်စီ
မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် ထိရောက်တဲ့ ပံ့ပိုး ကူညီမှုတွေ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်တပ်ဆီက အသွားအလာ ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဗောလ်ကာ တက်ခ်ကက မေ ၂၄ ရက်မှာသတိပေး ပြောကြားပါတယ်။
မုန်တိုင်း အလွန် ကယ်ဆယ်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အားထုတ်လာချိန်မှာ စစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ သွားရောက်ခွင့်တွေကို ကန့်သတ် ချုပ်ကိုင်ထားတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတာပါ။
မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေ၊ လူ့အသက် ဆုံးရှုံးမှုတွေ အားလုံးဟာ ကြိုတင်တားဆီးနိုင်တဲ့၊ ရှောင်လွှဲနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ကြောင်း၊ အခုလို အဆုံးအရှုံးတွေ ကြုံရတာဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စနစ်တကျ ငြင်းပယ်မှု ပုံစံတစ်ခုဖြစ်ကြောင်းတက်ခ်က ပြောသွားပါတယ်။
စစ်တပ်က မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ သွားလာခွင့် ပိတ်ပင်ထားတာတွေကို ဖယ်ရှားပေးဖို့ အရမ်းအရေးကြီးကြောင်း၊ ဒါမှသာ အဖိုးတန် လူ့အသက်တွေကို ကယ်တင်နိုင်မယ့် အထောက်အပံ့တွေ အမြန်ဆုံး ပေးပို့နိုင်မှာဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
နာဂစ်မုန်တိုင်းဝင်ရောက်စဥ်တုန်းကလည်း စစ်အစိုးရက နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့တွေကို ချက်ချင်းခွင့်မပြုခဲ့လို့ ပြည်သူတွေ အရေးပေါ်အကူအညီအချန်မီမရလို့သေဆုံး မှုတွေပိုများစေခဲ့ပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်တုန်းက ဖွဲ့စည်ပုံအခြေခံဥပဒေပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ပဲအရေးပေးခဲ့တဲ့ စစ်အုပ်စုကြောင့် ပြည်သူ တစ်သိန်းလေးသောင်းလောက်သေဆုံးခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းကတော့အခု မိုခါထက်ဖျက်အားအများကြီးပိုပြင်းပါတယ်။
UNOCHA အနေနဲ့ WFP နဲ့ပူးပေါင်းပြီး စားနပ်ရိက္ခာထောက်ပံ့မှုအနေနဲ့အနည်းဆုံးလူပေါင်း တစ်သိန်းခုနှစ်သောင်းအတွက် ထောက်ပံ့ရေးပစ္စည်းတွေတင်သွင်းထားပြီး ဆန်တန်ချိန် ၂၀၀၀ ကျော်နဲ့ စားသောက်ကုန် ၁၁၁ တန်ကို မုန်တိုင်းဒဏ်သင့်ပြည်သူတွေကိုဖြန့်ဝေထားတယ်လိုထုတ်ပြန်ပါတယ်။မိုးကာနဲ့ အခြားကယ်ဆယ်ရေးပစ္စည်းတွေကိုအိမ်ထောင်စု ၇၇၀၀ အတွက်ဖြန့်ဝေထားတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရတဲ့ ဧရိယာတွေက လူပေါင်း ၁.၆ သန်းလောက်အတွက် အကူအညီတွေ ပေးနိုင်ဖို့ အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်းလောက် လိုအပ်တယ်လို့ဆိုပါတယ်။
အမေရီကန်အစိုးရ ၊ ဗြိတိန် ၊ EU ၊ပြင်သစ်တို့က လည်းမုန်တိုင်းသင့်ပြည်သူတွေအတွက်အကူအညီပေးမယ်လို့ကြေညာပါတယ်။စစ်ကောင်စီကတစ်ဆင့်ပေးအပ်မှာမဟုတ်ဘဲ မြေပြင်မှာ ကူညီကယ်ဆယ်နေတဲ့အဖွဲ့တွေကတစ်ဆင့်၊ ကုလလက်အောက်ခံအဖွဲ့တွေနဲ့သက်ဆိုင်ရာနိုင်ငံကအေဂျင်စီတွေကတစ်ဆင့်ပေးအပ်မယ်လို့ကြေညာထားကြပါတယ်။
▪︎AA ရဲ့ကူညီမှုတွေ
ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကတော့ မုန်တိုင်းမလာခင် ပြည်သူတွေကိုသိန်းနဲ့ချီပြီး ရွေ့ပြောင်းပေးခဲ့ပါတယ်။
မုန်တိုင်းအလွန်မှာ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မုန်တိုင်းအပြီးနောက်ရက်(မေ ၁၅) မှာ ရခိုင်ပြည်သူတွေကို မိန့်ခွန်းပြောရာမှာ လုပ်ငန်းရှင်တွေအနေနဲ့ စျေးတင်မရောင်းကြဖို့ အသိပေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ အဲဒီသတိပေးချက်ကို လုပ်ငန်းရှင်အများစုက လိုက်နာကြတာ အားနည်းပါတယ်။
မုန်တိုင်းအလွန် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ULA/AA အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးကို ဖွင့်လှစ်ထားတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့လည်း ပြည်သူကို ကတိပြုခဲ့ပါတယ်။ မုန်တိုင်းသင့်ပြည်သူများအတွက် အာရက္ခအရေးပေါ် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဒုစစ်ဦးစီးချုပ်ဦးဆောင်ပြီးဖွဲ့စည်းပါတယ်။ မုန်းသင့်ဒေသတွေထဲက ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊မြောက်ဦး ၊ ကျောက်တော်၊ပေါက်တော စတဲ့မြို့နယ်တွေမှာ ULA/AA က ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဖွင့်လှစ် ပြီး AAတပ်ဖွဲ့ဝင်တွေ ဒေသခံ စေတနာ့ဝန်ထမ်းတွေနဲ့အတူလုပ်ကိုင်နေတာတွေရပါတယ်။ ကျန်ဒေသတွေမှာတော့ မတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။
မိုခါမုန်တိုင်းကြောင့်ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက် ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
▪︎နိုင်ငံရေးအမြတ်ထုတ်မှုတွေအပေါ်ဝေဖန်
အာဏာသိမ်းစစ်ကောင်စီကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဒုဗိုလ်ချုပ်ကြီးနှစ်ဦးအပါအဝင် ဗိုလ်ချုပ်သုံးဦးနဲ့ ဗိုလ်မှူးချုပ်ကိုးဦးကို ဒေသအလိုက်တာဝန်ပေးထားတယ်လို့ဆိုပါတယ်။ အဲဒီအပြင် မုန်တိုင်းကိုအကြောင်းပြုပြီး နိုင်ငံတကာအကူအညီတွေကို စစ်ကောင်စီက လက်ခံရယူတာတွေရှိနေပေမယ့် ဘေးသင့်ပြည်သူတွေလက်ထဲကို ခုထိမရောက်သေးပါဘူး။
အကူအညီတွေထဲက သိသာတဲ့သာဓကတစ်ခုမှာ အိန္ဒိယကနေ သဘော်လေးစီး၊ ကုန်ပစ္စည်းအပြည့်နဲ့အတူ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်လာခဲ့တဲ့ဖြစ်ရပ်ပါ။ အဲဒီဖြစ်ရပ်ပါ အကူအညီပေးရေးပစ္စည်းတွေဟာ မေ ၂၇ရက် အထိ ရခိုင်ပြည်နယ် စစ်တွေကို မရောက်သေးဘူးလို့ စုံစမ်းသိရပါတယ်။ ဒါကိုကြည့်ရင်စစ်ကောင်စီဟာမုန်တိုင်းကိုအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်တာလို့ ဝေဖန်မှုတွေရှိနေပါတယ်။
စစ်ကောင်စီကတစ်ဆင့် တရုတ် ၊ အိန္ဒိယ ၊ရုရှား၊ အာဆီယံရဲ့ AHA တို့ကအကူအညီပေးထားတာတွေ့ရပါတယ်။ဒါအပြင် ပြည်တွင်းကလုပ်ငန်းရှင်တွေက လှူဒါန်းတာသိန်းသောင်းချီတန်ဖိုးရှိတယ်လို့ဆိုပေမယ့် မြေပြင်မှာတော့ မုန်တိုင်းသင့်ပြည်သူတွေဟာ အကူအညီ ရတာအရမ်းနည်းပြီးအရေးပေါ်အကူအညီကိုတောင် အလျင်မီအောင်မရကြပါဘူး။
ရခိုင်ကမုန်တိုင်းသင့်ပြည်သူအများစုတောင်စစ်ကောင်စီကပေးတဲ့အကူအညီတွေမရကြသလို၊ ချင်းပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်းက မုန်တိုင်းသင့်ပြည်သူတွေကတော့ စစ်ကောင်စီပေးတဲ့အကူအညီ ဘာမှမရှိဘူးလို့ပြောကြပါတယ်။
မုန်တိုင်းအလွန်ကာလမှာ ပြန်လည်ထူထောင်ရေးတွေ အားစိုက်လုပ်ရမယ့်အစား ကိုယ်ကျိုးရှာ၊ ရေသာခိုအချောင်လိုက်နေတာဟာမဖြစ်သင့်ဘူးလို့ ရခိုင်ပြည်သူတွေက မှတ်ချက်ပေးကြပါတယ်။ ဒါနဲ့ပတ် သက်လို့ စစ်တွေမြို့ခံ ကိုစံရွှေက သူ့အမြင်ကို ခုလိုပြောပါတယ်။
“ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အခုကာလမှာ နိုင်ငံရေးအမြတ်ထုတ်တာမျိုး မလုပ်သင့်ဘူး။ အားလုံးက ပြည်သူကိုပဲ မျက်နှာမူရမယ်” ။ ။
