Connect with us

Hi, what are you looking for?

LuduNwayOo

ရန်ကုန်မှပေးစာများ (၃)

ဘဂ္ဂဒက်က လူပြက်

ဘဂ္ဂဒက်က လူပြက်

ညီမလေးရေ…

စက်တင်ဘာကိုရောက်ပြီ။ ဒါပေမယ့်စက်တင်ဘာဟာ ဩဂုတ်ပါပဲ၊ ဩဂုတ်ကလည်းဇူလိုင်ပါပဲ၊ ဇူလိုင်ကလည်း ဇွန်ပါပဲလေ။

ဒို့တိုင်းပြည်ဟာ အချိန်တွေရဲ့ တိုက်စားမှုကိုအခံနိုင်ဆုံး လူ့အဖွဲ့အစည်းပဲမဟုတ်လား။ မတရားမှုနဲ့ အရှက်သိက္ခာမဲ့မှုဟာ ဒီတိုင်းပြည်ကို ခေတ်အဆက်ဆက်အုပ်စိုးသူတွေရဲ့ စရိုက်လက္ခဏာတွေအဖြစ် ထာဝရရှိနေခဲ့တာမဟုတ်လား။ ထားပါတော့။

ခုရက်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က နိုင်ငံတကာကိုဖျော်ဖြေခဲ့တဲ့ လူရွှင်တော် တစ်ယောက် အကြောင်းကို သတိရမိတယ်။ အဲဒီတုန်းက ညီမလေးက ငယ်သေးတော့သိပ်မှတ်မိဦးမှာမဟုတ်ဘူး။

သူ့နာမည်က မိုဟာမက်ဆာအိ အယ်ဆာဟက်ဖ်တဲ့။ သူကအဲဒီအချိန်က အီရတ်နိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးပေါ့။ သူက သမ္မတ ဆက်ဒမ်ဟူစိန်ဘာပြောချင်ချင်ထွက်ပြောရသူပေါ့။ လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ကို သတင်းစာရှင်လင်းပွဲတွေမှာမြင်ရတဲ့အခါ သူ့ကို အကိုသတိရလေ့ရှိတယ်။

အဲဒီတုန်းက မိုဟာမက်ဆာအိကို “ဘဂ္ဂဒက်က ဘော့ဘ်”လို့ တစ်ကမ္ဘာလုံးက ပြောင်ပြီးခေါ်ခဲ့ကြတယ်။ “ဘဂ္ဂဒက် က လူပြက်”ပေါ့လေ။ သူ့ကိုထူးထူးခြားခြားမုန်းကြတာမဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ သူထွက်ပြီးလိမ်ညာရတဲ့ စကားလုံးတွေကို ပြောင်လှောင်ကြတာပါ။ လက်တွေ့ဘဝနဲ့ ဆန့်ကျင်ဖက် စကားလုံးတွေကို အပြောနိုင်ဆုံး လူအဖြစ်ပြိုင်ပွဲလုပ်ရင် အဲဒီအချိန်မှာ ပထမအရနိုင်ဆုံးသူပေါ့။

အဲဒီအချိန်က အီရတ်ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်တဲ့အချိန်ပေါ့။ ကမ္ဘာ့ ကုန်သွယ်မှုဗဟိုဌာန (World Trade Center) မျှော်စင်ညီနောင်ကို အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲတွေဆိုပါတော့။

လူတွေကိုအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေကို အီရတ်က ဖန်တီးနေတယ်ဆိုပြီးတော့ အမေရိကန်သမ္မတ ဂျော့ချဒဗလျူဘွတ်ရှ်က အီရတ်စစ်ပွဲကိုဆင်နွှဲခဲ့တယ်။ တကယ်တော့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့အီရတ်က ၁၉၉၀ ကတည်းက ပထမ ပင်လယ်ကွေ့စစ်ပွဲမှာ လက်ရည်စမ်းခဲ့ကြ ပြီးသားပါ။

အီရတ်က အိမ်နီးချင်း ကူဝိတ်နိုင်ငံကို ၁၉၉၀ မှာ ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး ကသူ့နိုင်ငံအကျိုးစီးပွားအတွက်အရေးပါတယ်လို့ယူဆတဲ့ အမေရိကန်သမ္မတ ဂျော့ချ်အိတ်ချ်ဒဗလျူ ဘွတ်ရှ် (၂၀၀၃ ခုနှစ်မှာ ဒုတိယအီရတ်စစ်ပွဲကိုဆင်နွဲမယ့် ဂျော့ဒဗလျူဘွတ်ရှ်ရဲ့ အဖေ)က မဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းပြီး အီရတ်ကို တိုက်ခိုက်ခဲ့တယ်။

ထင်မှတ်ထားတဲ့အတိုင်းအပြတ်အသတ်ပါပဲ။ အီရတ်နိုင်ငံက အင်မတန်ဂုဏ်ယူတဲ့ သူ့ရဲ့ တင့်ကားတပ်မကြီးကို သဲကန္တာရထဲမှာ အမေရိကန်အပေချီ တိုက်ခိုက်ရေးဟယ်လီကော်ပတာတွေက ချေမှူန်းခဲ့လို့ တင့်ကားရာနဲ့ချီပြီးပျက်ဆီးခဲ့ကြရတယ်။

ဘဂ္ဂဒက်က လူပြက်အကြောင်းကိုပြန်သွားကြရအောင်ညီမလေး။ အဓိကအကြောင်းအရာကို မျက်ခြေပျက် သွားလို့မဖြစ်ဘူး။ ဒုတိယအီရတ်စစ်ပွဲမှာတော့ ပြန်ကြားရေးဝန်ကြီး ဘဂ္ဂဒက်ဘော့ဘ်က ဇါတ်လိုက်ပဲ။ အမေရိကန်နဲ့ မဟာမိတ်တပ်တွေကို အီရတ်တပ်တွေက ဘယ်လိုချေမှူန်းနေပြီဆိုတာကို သတင်းစာရှင်းလင်းပွဲတွေမှာ မြိန်ရေရှက်ရေပြောတော့တာပဲ။

အကိုမှတ်မိသေးတယ်၊သူ့သတင်းလာတော့မယ်ဆိုရင် ဇလုံထဲကိုထမင်းနဲ့ဟင်းထည့်ပြီ တီဗီရှေ့မှာ အဖေနဲ့ထိုင်တော့တာပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ် ဘာမှ ပျော်စရာမကောင်းတဲ့ ဘဝမှာ ဘဂ္ဂဒက်ကဘောဘ်ဟာ အကို့တို့ဘဝအတွက် ပျားရည်စက်ပဲကွဲ့။

အော်မေ့လို့ သူ့ကိုနိုင်ငံတကာကခေါ်တဲ့ နောက်နာမည်ပြောင်တစ်ခုရှိသေးတယ်။ Comical Ali တဲ့။ တချိန်က အီရတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး အလီဟာဆန် အယ်လ်မာဂျစ်ကို Chemical Ali လို့ နိုင်ငံတကာကခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာစစ်ပွဲတွေမှာ ရန်သူတွေကို ဓါတု လက်နက်တွေသုံးပြီးတိုက်ခိုက်ခဲ့လို့ပါပဲ။ ဒါကြောင့် Chemical Ali ဆိုတဲ့ဘွဲ့ကိုရတာ။ အီရတ်စစ်ပွဲပြီးတော့ သူလည်း သေဒဏ်အပေးခံရတာပါပဲ။

ဘဂ္ဂဒက်ဘော့ဘ်ကိုတော့ ကာတွန်းဇါတ်ကောင်အလီ (Comical Ali) လို့ နိုင်ငံတကာက ပြောင်ခေါ်ကြတာပေါ့။ ဘော့ဘ်က မျက်နှာအင်မတန်ပြောင်ပါတယ်။ တစ်ခါကသူဘာပြောသလဲဆိုတော့ ဘဂ္ဂဒက်မြို့ပြင်မှာ စိတ်ဓါတ်ကျနေတဲ့ အမေရိကန်စစ်သားတွေဟာ ရာနဲ့ ချီပြီး ကိုယ့်ကိုကိုယ် သတ်သေနေပြီဆိုပဲ။

အကိုကတော့ သူစကားပြောလေ ဇလုံထဲကိုထမင်းတွေထပ်ထည့်လေပဲ။ ဒီလောက်ကောင်းတဲ့ ဖျော်ဖြေရေးကို ဗိုလ်သန်းရွှေခေတ်မှာ ဘယ်လိုရနိုင်မလဲ ညီမလေးရယ်။

နောက်ဆုံးဘဂ္ဂဒက်ကို အမေရိကန်နဲ့ မဟာမိတ်တပ်တွေဝင်လာတဲ့အချိန်အထိသူက သတင်းစာရှင်းလင်းပွဲလုပ်လို့ကောင်းပဲ။ ဘဂ္ဂဒက်မြို့ထဲမှဦ အမေရိကန်တင့်ကား တစီးမှမရှိပါဘူးတဲ့။ သူပြောနေတဲ့ အချိန်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းက တင့်ကားတွေရဲ့ အမြောက် ပစ်သံတွေကို သတင်းထောက်တွေကကြားနေကြရပြီလေ။

သူကဆက်ပြောသေးတယ်။

“အမေရိကန်တွေလက်နက်ချနေကြပြီတဲ့” တကယ်တော့သူပြောနေချိန်မှာ သူ့သမ္မတ ဆက်ဒမ်ဟူစိန်နဲ့ မိသားစုက ထွက်ပြေးသွားတာကြာလှပေါ့။ အကိုက အမေရိကန်ရဲ့ အီရတ်စစ်ပွဲကိုမထောက်ခံခဲ့ပါဘူး။ လူတစ်ယောက်ရဲ့ လိမ်ညာနိုင်စွမ်းကို စိတ်ဝင်စားခဲ့တာပါ။

သူ့ကို အမေရိကန်တပ်တွေဖမ်းမိသွားတော့ အကို နဲ့ အဖေ အတော် ဝမ်းနည်းခဲ့ရတယ်။ တစ်ခုတည်းသော ဖျော်ဖြေရေးဟာ ပျောက်ဆုံးသွားခဲ့ပြီပေါ့။

ခုတော့ မကြာခဏဘဂ္ဂဒက်ဘော့ဘ်ကို သတိရမိပါတယ်။ ‘နေပြည်တော်ဘော့်ဘ်’ကို တွေ့ရတဲ့ အခါပေါ့။

အော် ညီမလေးကို မပြောရသေးတာတစ်ခုရှိသေးတယ်။ ဘဂ္ဂဒက် ဘော့ဘ်က မြန်မာနိုင်ငံဆိုင်ရာ အီရတ်သံအမတ်ကြီး အဖြစ် ၁၉၉၀ ခုနှစ်တွေမှာ တာဝန်ထမ်းဆောင်သွားခဲ့တယ်။ ဘော့ဘ်ဆီကမြန်မာတွေ ဒီပညာကို ဆည်းပူးခဲ့ကြသလား၊ ဒါမှမဟုတ် ဘော့ဘ်ကမြန်မာတွေဆီက ဆည်းပူးခဲ့တာလား။ ညီမလေးဘယ်လိုထင်လဲ။

အကိုတော့ ဇလုံထဲကိုထမင်းသွားထည့်တော့မယ်။ သတင်းစာရှင်းလင်းပွဲလာတော့မယ်လေ။

အကို

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ရန်ကုန်မှပေးစာများ (၁)

အခုအချိန်မှာရန်ကုန်မှာအမြင့်မားဆုံးဟာ အဆောက်အဦတွေမဟုတ်တော့ဘူးညီမလေး။ ရန်ကုန်ရဲ့ကုန်ဈးနှုန်းဟာ ရှန်ဂရီလာ ဟိုတယ်ထက်ပိုမြင့်တယ်၊ ရန်ကုန်ရဲ့ဒုက္ခကတော့ ရန်ကုန်ရဲ့ကုန်ဈေးနှုန်းထက်ပိုမြင့်ပြန်တယ်။ ရန်ကုန်ရဲ့ ဒုက္ခထက်ပိုမြင့်တာဘာလဲသိလားညီမလေး။ ရန်ကုန်ရဲ့ ‘ဒေါသ’ပေါ့။