▪︎မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ ၃၊ ၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံနှင့်မေးမြန်းခန်း
ထိုအချိန် စစ်ကောင်စီဘက်က ဓာတုလက်နက်များပါ အသုံးပြု၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဓါတုလက်နက်အသုံးပြုခဲ့သည်ဖြစ်စဥ်နှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရသည့်အနေအထားများအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ ၃၊ ၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအား People’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။

အောင်ဇေယျ/People’s Spring
မေး-ဘယ်လိုကနေ ဓါတုလက်နက်လို့စပြီး သိရမြင်ခဲ့ရတာလဲ။
ဖြေ-စကျတဲ့အချိန်မှာ ရှူးဆိုပြီး မီးခိုးထွက်လာတယ်။ စိမ်းရွှေရွှေအနံ့ရတယ်။ ပထမတစ်ခါတုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။ စခန်းကိုဝင်စီးတဲ့အချိန်မှာ ခုခံတဲ့အချိန်မှာ ကလေးတွေ(ရဲဘော်တွေ)ကြားထဲကို ကျတယ်။ ကျွန်တော်တို့စိတ်ထဲမှာ ဒီဟာက မကွဲတဲ့မိုင်းဆိုပြီး ထင်လိုက်တာ။ အဲဒီအချိန်မှာပဲ နောက်တစ်လုံးကျတဲ့အချိန်မှာပဲ ရဲဘော်တစ်ယောက်က ထိခိုက်သွားတယ်။ ထိခိုက်သွားတဲ့အချိန်မှာ လူတွေက ဘယ်လိုဖြစ်လာလဲဆိုတော့ မူးဝေသွားတယ်။အန်လည်းအန်တယ်။ မူးလည်းမူးတယ်။ နောက်ပြီးတော့ မပြေးနိုင်တော့ဘူး။ အားအင် အားယုတ်သလိုခံစားရတာပေါ့။ မှန်ထားတဲ့ရဲဘော်ကိုတောင် မထမ်းနိုင်ဘဲ ဆုတ်ခဲ့ရတယ်။ အဲချိန်မှာအဲရဲဘော်ဖမ်းဆီးခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရတယ်။ အဲဒီလိုမျိုးဖြစ်ခဲ့ဖူးတာဆိုတော့ အခုတစ်ခေါက်မှာ ကျတဲ့အချိန်မှာ မီးခိုးတွေထွက်လာတယ်။ စိမ်းရွှေရွှေအနံ့ရတယ်။ ကံကောင်းချင်လို့ လေက ကျွန်တော်တို့ဘက်ကို မတိုက်ဘဲ ဟိုဘက်ကိုတိုက်တော့ အငွေ့တွေက လွင့်သွားတယ်။ အဲဒီအချိန်မှာနောက်ဆုံးတစ်လုံး ပစ်ပြီး ပြန်ဆုတ်ခဲ့တာပါ။
မေး-စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်တစ်ခုအရင်ကျပြီး မီးခိုးတွေထွက်တာအဲလိုလား။
ဖြေ-ဟုတ်တယ်။ ဥပမာဗုံးသီးပေါ့။ အဲဒီဗုံးသီးက ကျလာတယ်။ မပေါက်ကွဲဘဲနဲ့ ရှူးဆိုပြီး အငွေ့တွေထွက်လာတယ်။
မေး-ဘယ်လောက်အကွာလောက်မှာ ကျလာတာလဲ။
ဖြေ-ကျွန်တော်တို့ရှေ့ကိုကျတာ။ လက်နက်ကြီးရှေ့ကိုကျတာ။ ဗွီဒီယိုဖိုင်ထဲမှာပါပါတယ်။ မီးခိုးငွေ့တွေအများကြီးကျနေတဲ့နေရာပါ။
မေး-ကျလာတဲ့လက်နက်ကို မြင်လိုက်ရလား။ ဘယ်လိုပုံစံဖြစ်မလဲ။
ဖြေ-မြင်လိုက်ရတယ်။ မြင်ပြီးတော့ အငွေ့ထွက်လာတဲ့အချိန်မှာ ကျွန်တော်တို့က အဲဒီဟာကို မကောက်ရဲဘူး။ ကောက်ဖို့မလွယ်ဘူး။ မီးခိုးထွက်တဲ့အချိန်မှာ အရဲစွန့်ပြီးကောက်လိုက်လို့ လက်ထဲမှာ တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ မကောက်နိုင်ခဲ့ဘူး။ ဗွီဒီယိုဖိုင်ပဲရိုက်ခဲ့ရတယ်။ ပုံပန်းသဏ္ဍန်ကတော့ မီးခိုးတွေအူထွက်လာတော့ မမြင်လိုက်ရဘူး။
မေး-ဘယ်လိုထိခိုက်မှုတွရှိသေးလဲ။ မူးဝေသွားတာတွေရှိလား။
ဖြေ-အခုတစ်ခေါက်ကတော့ ဘာမှမဖြစ်လိုက်ဘူး။ ကျွန်တော်တို့က ချက်ချင်းပြန်ဆုတ်တာဆိုတော့လေ။ အရင်တခေါက်ကတော့ မူးဝေတယ်။ အော့အန်တယ်။ နောက်တစ်ခုက အားမရှိသလို အားယုတ်တယ်။ မပြေးနိုင်မလွှားနိုင်ဖြစ်တယ်။အသိဉာဏ်နည်းနည်းပျောက်တယ်။ အခုနောက်ပိုင်း အရင်တခေါက်က ဓါတ်ငွေ့ထိထားတဲ့ ကလေးတွေ(ရဲဘော်တွေ) နည်းနည်း အသေးအဖွဲကိစ္စလေးတွေကို မေ့တတ်တယ်။ အသိဉာဏ်ပျောက်တယ်။
မေး-ပထမဖြစ်စဥ်က ဘယ်တုန်းကဖြစ်တာလဲ။
ဖြေ-နေ့ကတော့ မမှတ်မိတော့ဘူး။ မနှစ်ပိုင်းကဖြစ်တာပါ။
မေး-တခြားနယ်မှာရော ဒီလိုဖြစ်စဥ်မျိုး ကြားဖူးလား။
ဖြေ-ထန်းလေးပင်ပွဲတုန်းကလည်းအဲလိုပဲ။ လက်နက်ကြီးတွေကြားထဲမှာညှပ်ပစ်တာ။ သက်သေတွေတော့မရှိဘူး။ ယူဆလို့ရတယ်ပေါ့။
(မှတ်ချက်-ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ သေဆုံးသူ အရပ်သား ရှစ်ဦးနှင့် PDF တပ်ဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရသည့်ဖြစ်စဥ်ကိုဆိုလိုခြင်းဖြစ်သည်။)
မေး-စစ်ကောင်စီတပ်ဘက်က ဒီလိုလက်နက် သုံးလာတာနဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။
ဖြေ-ဓါတုလက်နက်ကို နိုင်ငံတကာမှာလည်း တားဆီးထားတဲ့အရာတစ်ခုဖြစ်တယ်။ ပြီးတော့ ပြည်တွင်းစစ်မှာ ဓါတုလက်နက်ကြီးသုံးတာတော့မကောင်းဘူး။ သူတို့ဘက်မှာအင်အားအများအပြား သာလွန်ပါတယ်။ လက်နက်အစစ်တွေရှိတယ်။ လက်နက်ကြီးတွေရှိတယ်။ ကျွန်တော်တို့ PDF တွေမှာ လက်လုပ်လေးနဲ့တိုက်နေရတာ။ ကျွန်တော်တို့ထက် အများကြီးသာလွန်တယ်။ အဲဒါကိုမှဓါတုလက်နက်ပါထပ်သုံးတယ်ဆိုတော့ စကစက စိတ်ဓါတ်တွေပါယိုယွင်းနေပြီ။ မနိုင်နိုင်အောင် မဲတဲ့အနေအထားဖြစ်နေပြီ။ လက်လုပ်နဲ့တိုက်တာကိုတောင် ဓါတုလက်နက်နဲ့တိုက်ရတယ်ဆိုတာက ရှက်စရာအရမ်းကောင်းတယ်။
မေး-တခြားဒေသက ရဲဘော်တွေကိုကော ဒီလက်နက်နဲ့ကြုံလာရင် ဘယ်လိုသတိထားဖို့ အကြံပြုချင်လဲ။
ဖြေ-တိုက်ပွဲတိုင်းမှာလည်း ဓါတုလက်နက်ကာကွယ်ရေးက မယူနိုင်ဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင်တော့ တိုက်ပွဲကနေ နောက်ဆုတ်စေချင်တယ်။ ကျွန်တော်တို့မှာ ဘာမှကာကွယ်စရာမရှိဘူးဗျာ။ ဓါတုလက်နက်တွေသုံးလာရင် ကျလာရင် အဲဒီနေရာနဲ့ဝေးဝေးမှာ နောက်ဆုတ်သင့်တယ်။ နှာခေါင်းနဲ့ရှုမိတာမျိူး မျက်လုံးတွေစပ်တာမျိုး မျက်ရည်လည်းကျလာတယ်ဆိုတော့လေ။
မေး-တခြားကော ဘာများပြောချင်သေးလဲ။
ဖြေ-ကျွန်တော်တို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ ၃၊ ၄ တွေဟာ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ လက်နက်ခဲယမ်းတွေ လိုအပ်နေပါတယ်။
( မှတ်ချက်-စစ်ကောင်စီတပ်က ၂၀၂၂ မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ယင်းမာပင်မြို့နယ်နှင့် ခင်ဦးမြို့နယ်တိုက်ပွဲများ၌လည်း အလားတူလက်နက်ကိုအသုံးပြုခဲ့ကြောင်းပါဝင်တိုက်ခိုက်ခဲ့သောPDF များကပြောသည်။ ကိုယ်တိုင်ကြုံခဲ့သောPDFများအဆိုအရ စစ်တပ်ကပစ်သော ထိုလက်နက်ကြီးကျည် ကျပြီးနောက် မီးခိုးများ ၊အငွေ့များထွက်လာပြီး ရှုမိပါက စက္ကန့်အနည်းငယ်အတွင်း သတိလစ်မေ့မျောခြင်း ၊ မူးဝေခြင်း၊ မျက်လုံးများ ပြာဝေခြင်း များဖြစ်ပေါ်ကြုံတွေ့ရသည်ဟု သိ့ရသည်။ မတ် လ ၉ ရက်က ခင်ဦးမြို့နယ်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ထိုအခြေအနေကိုကြုံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့သည်။
အဆိုပါသတင်းနှင့် အင်တာဗျူး ကို အောက်ပါလင့်များတွင်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/LuduNwayOo/posts/337325798456879
အယ်ဒီတာ )
