Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စစ်အာဏာရှင် ကျဆုံးသွားတဲ့အထိလုပ်မှာပါ”

တစ်ချိန်တည်း​ပေါ်ထွက်လာတဲ့ KIA နဲ့ KNU တို့ရဲ့ ထိုးစစ် စတာ​တွေနဲ့ပတ်သပ်ပြီးကရင်အမျိုးသားအစည်းအရုံး(KNU)​ပြော​ရေးဆိုခွင့်ရှိသူလည်းဖြစ် ၊ ဗဟို​အလုပ်အမှု​ဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ပဒို​စော​တောနီး နဲ့ People’s Spring သတင်းဌာနရဲ့​မေးမြန်းခန်းကို ​ဖော်ပြ​ပေးလိုက်ပါတယ် ။

စစ်အာဏာရှင် ကျဆုံးသွားတဲ့အထိလုပ်မှာပါ
စစ်အာဏာရှင် ကျဆုံးသွားတဲ့အထိလုပ်မှာပါ

▪︎KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးနဲ့​မေးမြန်းခန်း

ဒီရက်ထဲပြည်တွင်းသတင်း​တွေထဲမှာထိပ်တန်းသတင်းဖြစ်​နေတဲ့ မြဝတီမြို့ ရဲ့အ​ခြေအ​နေ ၊ စစ်​ကောင်စီက မဲ​ဆောက်မြို့ကိုအ​လောတကြီး​စေလွတ်ခဲ့တဲ့ ​လေယာဥ်​နောက်ဆက်တွဲ၊ သက်န်းညီ​နောင်ဗျူဟာကစစ်သုံ့ပန် ၆၁၇ ဦး​နောက်ဆက်တွဲ၊ ကရင်ပြည်နယ်မှာ KNLAဦး​ဆောင်တဲ့ ​​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ် ၊ တစ်ချိန်တည်း​ပေါ်ထွက်လာတဲ့ KIA နဲ့ KNU တို့ရဲ့ ထိုးစစ် စတာ​တွေနဲ့ပတ်သပ်ပြီးကရင်အမျိုးသားအစည်းအရုံး(KNU)​ပြော​ရေးဆိုခွင့်ရှိသူလည်းဖြစ် ၊ ဗဟို​အလုပ်အမှု​ဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ပဒို​စော​တောနီး နဲ့ People’s Spring သတင်းဌာနရဲ့​မေးမြန်းခန်းကို ​ဖော်ပြ​ပေးလိုက်ပါတယ် ။

-​နေ့သစ်/People’s Spring

မေး- သက်န်းညီ​နောင်ဗျူဟာက စစ်သုံ့ပန်း ၆၁၇ ဦးကို ဘယ်လိုစီစဥ်ထားလဲခင်ဗျ။

​ဖြေ-ဖြေ-အဲဒါကတော့ ဒီလိုရှိပါတယ်။ ဒါ လုပ်ရိုးလုပ်စဉ်အတိုင်းလို့ ပြောရမှာပါ။အထူးသဖြင့် စစ်သုံ့ပန်းတွေ ဒီလို လက်ထဲကိုရောက်လာပြီဆိုရင်လုပ်ရိုးလုပ်စဉ်အတိုင်း ပြောရမယ်ဆိုရင် တစ်ယောက်ချင်းစီ စီစစ်ရတယ်။ စိစစ်တဲ့အပိုင်းမှာ ဘာတွေရှိလဲဆို သူတို့ တစ်ယောက်ချင်းစီရဲ့ မှတ်တမ်းမှတ်ရာ မှတ်ပုံတင်ရတာကို ဒါပထမ ကျော်ဖြတ်ရမှာပေါ့လေ။ နောက်ပြီးတော့ ဘာတွေဖြစ်ခဲ့လဲ၊ သူဘာဆန္ဒတွေရှိလဲ ဘာလုပ်ချင်တာ ရှိလဲပေါ့ အစရှိသည်အားဖြင့် ပြောရမယ်ဆိုရရင် တစ်အချက် Register လုပ်ရမယ်။ ဒုတိယ တစ်ချက်က Verification စစ်ဆေးတာပဲ။ အဲဒီနှစ်ခု ကျော်ဖြတ်ပြီးရင် သူ့ဟာသူ အေးအေးဆေးဆေးနေလို့ရပြီ။ ကျန်တဲ့ဟာ ထူးထူးခြားခြား ဘာမှ မရှိဘူး။ အဲဒီဟာတွေ ဘယ်လောက်ကြာမယ်မပြောတက်ဘူး။ လူက တအားများတာဆိုတော့ ဖြေးဖြေးလေးပဲသွားမယ်။ အေးအေးဆေးဆေးပဲ။ အဓိက ကျတော့ ဒီလူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံမှုကို ဦးစားပေးတယ်။ အဲဒါကြောင့် ဖြေးဖြေးချင်း လုပ်သွားမှာ ဖြစ်တယ်။

Public Service Announcement

Public Service Announcement

​မေး- ဧပြီ ၇ ရက်မှာ စစ်​ကောင်စီ နဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းပြီး စစ်​ကောင်စီ​လေယာဥ် မဲ​​ဆောက်ကိုရုတ်တရက်​​ရောက်လာတယ်။ မြဝတီကစစ်​ကောင်စီဝန်ထမ်း​တွေနဲ့ စစ်သား​တွေကိုလာ​ခေါ်တာ ၊ သက်န်းညီ​နောင်က လက်နက်ချတဲ့ စစ်သား​တွေကို KNU နဲ့ ညှိပြီးလာ​ခေါ်တယ်စသဖြင့်သတင်း​တွေလည်းမျိုးစုံထွက်ခဲ့တယ် ။ ​နောက်ဆုံးလူ ၂၀ ​ဝန်းကျင်နဲ့ ​ငွေ​တွေ သယ်သွားတယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြတယ် ။ အဲဒီကိစ္စမှာ ထိုင်းအစိုးရနဲ့ ​ဆွေး​နွေးညှိနှိုင်းခဲ့တာမျိုးရှိပါသလား။

​ဖြေ-ကျနော်တို့လည်း ဒီသတင်းဖြစ်ပေါ်လာတဲ့အပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတာတော့ အမှန်ပဲ အဲဒီညက။ ဒါပေမဲ့ ကျနော်တို့ဘက်ကိုတော့ ဘာမှ တရားဝင်ဆက်သွယ်လာတာ ဘာမှမရှိဘူးဆိုတော့ ကျနော်တို့လည်း ဘာမှ ပြောလို့ မရဘူးလေ။ ဖြစ်ပေါ်လာတဲ့ သတင်းအပေါ်မှာ ဟုတ်လား မဟုတ်ဘူးလား လိုက်ပြီး စိစစ်ရတဲ့ အပိုင်းရှိထားတယ်ဆိုပေမယ့် ဒီလို ပြောဆိုဆွေးနွေးတာ ဘာတစ်ခုမှ မရှိဘူး။ကြားတဲ့အတိုင်းကတော့ အမျိုးမျိုးထွက်နေတာပဲ သတင်းကတော့။ မြ၀တီ မြို့ထဲမှာ ရှိတဲ့ အစိုးရ ဝန်ထမ်းတွေ၊ အရာရှိတွေ အကုန်လုံးပေါ့နော် သူတို့ ပြန်ရွှေ့ထုတ်မယ် ကယ်ထုတ်မယ်ဆိုတဲ့ သတင်းက အကြီးကြီး ဖြစ်သွားတယ်။ အဲဒါတင်မကဘူး ။ကျနော်တို့ လက်ထဲမှာရှိတဲ့ လက်နက်ချလာတဲ့ မိသားစုတွေ အပါအဝင် အကုန်လုံးပေါ့ အဲဒီ ၆၁၇ယောက် အဲဒီလူတွေကိုလည်း ညှိနှိုင်းပြီး ပြန်ပို့ မယ်ဆိုတဲ့ သတင်းကြီးကလည်း ဘာမှန်းကို မသိဘူး ထွက်လာတယ်။ ထွက်လာတာအပြင် ကျနော်တို့ကို ပြန်ပြီးတော့ အပြစ်ဖို့တာလည်းရှိသေးတယ်။ ကျနော်တို့ မလွှတ်လို့ ဒီလူတွေ ဘာမှ ပြန်ခွင့်မရဘဲနဲ့ လေယာဉ်ပျံကြီးက ဟောင်းလောင်းပြန်သွားတယ်ဆိုပြီး ဖြစ်လာပြန်ရော။ အဲဒါကြောင့်မို့လို့ မနေ့က စပြီးတော့ ကျနော်က အထူးသဖြင့် မီဒီယာလောကကို ထိတွေ့ပြီးတော့ လုံး၀ မဟုတ်ရပါကြောင်း၊ ကျနော်တို့ မူပေါ်လစီအရ ဒီလို ခိုင်ခိုင်မာမာရပ်တည်တယ် ။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အပိုင်းမှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ အထူးသဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ကျင့်စဉ်နဲ့ ကျင့်ဝတ်တွေ ထဲမှာ တကယ့်အလေးအထား ဆောင်ရွက်နေတဲ့ အပိုင်းတွေကလည်း ခေတ်ကာလ ကြာလှပါပြီ။ အဲဒါအပြင် နိုင်ငံတကာမှာ လိုက်နာကျင့်သုံးအပ်တဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားတဲ့ဥပဒေတွေရော သုံ့ပန်းဥပဒေတွေရော ကျနော်တို့ အသေအချာကို လိုက်နာပါတယ်ဆိုတာကို သေချာရှင်းပြတယ်။ အဲဒါကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့ ကောလာဟလတွေရော ဝေဖန်မှုတွေရော ဘာပဲဖြစ်ဖြစ် ဒါတွေက လုံး၀ မှန်ကန်မှုမရှိဘူးဆိုတာ အဲဒါကို ရှင်းပြတာပဲဖြစ်တယ်။ ပြောချင်တာက ပြည်သူလူထုအနေနဲ့က အဲဒါတွေက အဓိက ကျတဲံဟာ ဒီလူသားတွေရဲ့ အသက်ရှင်ရပ်တည်ရေးဆိုတာ အင်မတန်အရေးကြီးတယ်။ သူတို့ရဲ့ လုံခြုံမှုဆိုတာ အရမ်းအရေးကြီးတယ်။ တချိန်တုန်းက ကိုယ့်ရန်သူဖြစ်ခဲ့သည့်တောင်မှပဲ ကိုယ့်လက်ထဲမှာ အညံ့ခံတယ် အရှုံးပေးတယ် အေးအေးဆေးဆေး နေပါရစေဆိုတဲ့ဟာမျိုးဖြစ်လာပြီဆိုရင် ကျနော်တို့က အဲဒီ လမ်းအတိုင်းပဲ တည့်တည့်မတ်မတ် သွားဖို့ရှိတယ်။ အဲဒါကြောင့် ဘာမှ စိုးရိမ်စရာမရှိပါဘူးလို့ ကျနော်ပြောပါရစေ။

​မေး-ထိုင်းဝန်ကြီးချုပ်က စစ်​ကောင်စီဟာအင်အားချီနဲ့လာပြီ။ဒီအချိန်က​တွေ့ဆုံး​ဆွေး​နွေးကြဖို့ အချိန်​ကောင်းလို့​ပြောခဲ့တယ်။ အဲဒီ​ပြောဆိုချက်အ​ပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါလဲ ။

​ဖြေ-အဲဒါကတော့ ဒါတွေက ကျနော်တို့ ပြောနေတာကြာပြီ။ စစ်ကောင်စီက အင်အားမရှိဘူး။ ချိနဲ့လာပြီ။ သူအာဏာသိမ်းလိုက်တာ သူတွက်တဲ့ ကိန်းက လွဲနေတယ်ဆိုတာ ကျနော်တို့ ပြောလာတာ သုံးနှစ်ကျော်လာပြီ။ ဒါပေမဲ့ အဲဒီတုန်းက ပြောတဲ့အချိန်မှာ ကျနော်တို့ကို လုံး၀ ဂရုမစိုက်ဘူး။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေက ဖြစ်လည်းမဖြစ်နိုင်ဘူး မင်းတို့ကောင်တွေ ခဏ ဒါပျောက်သွားမယ့်ဟာတွေ အဲဒီလိုပဲ ပြောတယ်လေ။ ဒါပေမဲ့ သုံးနှစ်လည်း ကြာလာရော သူတို့ မျက်စိထဲမှာ ဘွားကနဲမြင်လိုက်ရတဲ့အမြင်တွေက သူတို့ တွေးထင်ထားတာတွေနဲ့ တလွဲကြီးဖြစ်နေတာ အခုကတော့ သူတို့ သဘောပေါက်ပြီ။သဘောပေါက်သွားပြီဆိုတော့ ဒါပေမဲ့ သဘောပေါက်တာ ပေါက်တယ် သူတို့ လုပ်နေကြ အချိုးတွေက မပြောင်းဘူးဆိုတာ ဘာကို သွားမြင်ရလဲဆိုတော့ ထစ်ကနဲရှိရင် မင်းတို့ ကိစ္စကြီးက ထိုင်ပြီးတော့ ရှင်းမှရမယ် ခင်ဗျားတို့ စစ်ကောင်စီနဲ့ စကားပြောပါဆိုတဲ့ အဲဒီဟာကြီးက တောက်လျှောက်လာတယ်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ စစ်အာဏာသိမ်းပြီးကတည်းက။ အဲဒီ မတိုင်ခင်မှာ စစ်ကောင်စီ နဲ့ အစိုးရတွေနဲ့ ကျနော်တို့ နိုင်ငံရေးပြဿနာတွေကို ထိုင်ရှင်းနေတာပဲ။ အဲဒီ အချိန်တုန်းက တကယ့်အခွင့်ကောင်းအခါကောင်း။ သေချာရှင်းပြတယ်။ စိတ်ရင်းစေတနာကောင်း နဲ့ ကောင်းကောင်းကြီးကို ရှင်းလို့ရတဲ့ အခြေအနေရှိတယ်။ ဒါပေမဲ့ အဲဒါကို လုံး၀ ဂရုမစိုက်ဘဲနဲ့ ဖျက်လို ဖျက်ဆီးနဲ့ ဆွေးနွေးပွဲ ကို ဖျက်ဆီးလိုက်တဲ့အခါ အခု ကျနော်တို့က ပြတ်ပြတ်သားသား ပြောတယ်။ နိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရေးတွေဘာတွေ လာပြောစရာမလိုဘူး ဒီအချိန်မှာ။ ကျနော်တို့က ဘာမှ ဂရုမစိုက်ဘဲ ဒီလိုလုပ်တဲ့လူတွေကို ကျနော်တို့ လက်ခံလို့ မရတော့ဘူး ရှင်းဖို့ပဲရှိတယ်။ အဲဒီ စစ်အာဏာရှင်စနစ်က မရှင်းရင် ကျနော်တို့ တဝဲတလည်လည်နဲ့ ပြန်ခံနေရမယ်။ အဲဒါကြောင့် သိပ်ပြီးတော့ အဲဒီလာပြီး စကား ပြောကြရအောင်ဆိုတဲ့ သူတွေကို ကျနော်တို့ဘာမှ မပြောချင်ဘူး။ ဒါပေမဲ့ လုပ်စရာလည်းမလိုဘူး။ ဘယ်အချိန်မှာ စကား ပြောရမလဲဆိုရင် ကျနော်တို့ သိတယ်။ အဲဒီ အချိန်ကျရင်တော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်မယ်လေ။ တစ်ခုပဲ ရှိတာက အခုက ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်ဆက်ပြီးလုပ်မယ်။ ပြောစရာ ရှိတဲ့အချိန်ကျမှ စကားပြောမယ်။ သူတို့ကတော့ ပြောမှာပဲလေ။ ဘာဖြစ်လို့လဲဆိုရင် ဒီတိုက်ပွဲကို သူတို့ တိုက်နေတာ မဟုတ်ဘူး။ တကယ်တိုက်နေတာက ကျနော်တို့။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အသိဆုံးပါ။

​​မေး-မြဝတီမြို့နဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့များ​ပေါင်းစည်း​ရေး​ကော်မတီနဲ့ စစ်​ကောင်စီ ​ဆွေး​နွေး​နေတယ်လို့သတင်းထွက်လာတယ် ။ ​ KNU နဲ့ စစ်​ကောင်စီ​ဆွေး​နွေးပြီး သ​ဘောတူညီချက်ရတယ် ဆိုပြီး လူမှုကွန်ယက်မှာ စစ်​ကောင်စီဝါဒဖြန့် ချန်နယ်​တွေက​ပြော​နေတာလည်း​တွေ့ရပါတယ် ။အဲတာ​တွေကတစ်ကယ်လား၊ရှင်းပြ​ပေးပါလား ။

​ဖြေ- ကျွန်​တော်တို့တိုင်းပြည်မှာ လူမှုအဖွဲ့အစည်းက မတူညီကြဘူး​လေ ။လူမှုအဖွဲ့အစည်းက မတူကြဘူးဆို​ပေမယ့် ဘယ်​နေရာမှာ သွားတူလဲ ဆို​တော့ စစ်အာဏာရှင် စနစ်တိုက်ဖျက်​ရေးမှာ ကျွန်​တော်တို့ အဲဒီဘုံသ​ဘောတူညီချက်တစ်ခုက ကိုယ့်စိတ်ထဲမှာ အကုန်သ​ဘောတူညီကြတယ်ဗျ ။အဲလိုလုပ်လာကြတဲ့အခါမှာကြ အသွင်​တွေဘယ်​လောက်ပဲကွဲပြား​နေကြပါစေ စစ်အာဏာရှင် တိုက်ဖျက်​ရေးမှာကြ​တော့ ရည်မှန်းချက်အတူတူ ဖြစ်​နေတဲ့အခါကြ​တော့ ကမ္ဘာကြီးက​တောင် မျက်လုံးပြူး ၊မျက်ဆန်ပြူး ကြည့်​နေရတယ်။

မဖြစ်နိုင်ပါဘူး မင်းတို့လုပ်တဲ့ဟာ ဒါမဖြစ်နိုင်ဘူးလို့ မင်းတို့လုပ်တဲ့ဟာ။ မင်းတို့ ညီလည်းမညီဘူး ​တောက်​လျှောက်​ပြောလာကြတာ ။ဒါ​ပေမယ့် ၃ နှစ်​ကျော်လာတဲ့အခါမှာ အခုသူတို့တွေ့​​နေရပြီ ။စစ်​ကောင်စီကမခိုင်မမြဲပဲနဲ့ တဖြည်းဖြည်း တဖြည်ဖြည်းပြိုကျ ပျက်စီး​နေပုံကိုမျက်ဝါးထင်ထင်​မြင်လာတဲ့အခါမှာ ။စစ်​ကောင်စီကလည်း သူ့ကိုယ်သူ မယုံနိုင်​လောက်​အောင်ပြိုဆင်း​နေတာကို ​တွေ့​နေရတဲ့အခါ သူလုပ်နိုင်တဲ့ နည်းလမ်းကဘာလဲဆို​တော့ ။ ကျွန်​တော်တို့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်​နေတဲ့ အချင်းချင်းကြားထဲမှာ မညီမညွတ်မှု​တွေဖြစ်လာဖို့ ဒီထက်ပိုလုပ်လာတာကို ​တွေ့နေရတယ် ။အဲတာ​ကြောင့်မို့ အခုဖြစ်​ပေါ်​နေတဲ့ သတင်း​တွေက ဘယ်က ထွက်လာသလဲ ဆိုရင်​တော့ ကျွန်​တော်တို့အတိအကျမ​ပြောဘူးဆို​ပေမယ့် ဒါကစစ်​ကောင်စီရဲ့လက်ထဲက​နေ ၊သူတို့ဆီကထွက်လာတဲ့သတင်း​တွေပဲဖြစ်တယ် ။အဲတာ​ကြောင့်မို့ ဒီလိုဒီလို သ​ဘောတူ ညီချက်​တွေဆိုတာ ကျွန်​တော်​ပြောပြီးသား ။ စစ်​ကောင်စီနဲ့စကား​​ပြောစရာ အ​ကြောင်းကို မရှိဘူး ။စစ်အာဏာရှင်စနစ်ပြုတ်ကျမှပဲ ​နောက် ​ဆွေးနွေးရမယ့်ဟာ​တွေဆက်​ဆွေး​နွေးမယ် ။အဲတာ​ကြောင့်မို့ဒီလိုဖြစ်​နေတာ​တွေက လုံးဝမမှန်ဘူး ။ဒီလိုထွက်​နေတဲ့ သတင်းဟာ စစ်​ကောင်စီက ဖြန့်​နေတဲ့ သတင်း ​တွေပဲဖြစ်တယ် ။လုံးဝမဖြစ်နိုင်ပါဘူး ။

​မေး-KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက မြဝတီမြို့က စစ်​ကောင်စီတပ်ကို တိုက်ပြီး မြိုကိုသိမ်းမှာလား။ပြည်သူ​တွေလည်းအရမ်းသိချင်​နေကြလို့ပါ။

​ဖြေ-အဲဒါက လုပ်စရာရှိတဲ့ဟာ တဆင့်ခြင်း တဆင့်ခြင်းပေါ့။ တဆင့်ခြင်းပြောတဲ့အခါ ပြောရမယ်ဆိုရင် သစ်ပင်တက်တဲ့အခါမှာ တစ်ထစ်ချင်း တက်ရတာလေ။ အဲဒါကြောင့် သိပ်ပြီး မလောကြပါနဲ့လို့ ပြောချင်တယ်။ ကျနော်တို့ လုပ်စရာရှိတာကို မြေပြင်မှာ ရှိတဲ့ တပ်ဖွဲ့တွေကလည်း သူ့အလုပ်သူလုပ်တယ်။ နောက်တန်းမှာ ထိုင်နေတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကလည်း သူ့အလုပ်သူလုပ်တယ်။ အဲဒါတွေ ကတော့ သိပ်ပြီး အကျယ်တဝင့် ပြောစရာတော့မရှိသေးဘူး။ ဒါပေမဲ့ အေးအေးဆေးဆေးပဲ။ ပြောရမယ်ဆိုရင်တော့က ဒီအချိန်ကာလက ကျနော်တို့ လက်ထဲရောက်လာတော့မယ်ဆိုတာ သံသယ လုံး၀မရှိဘူးလို့ ပြောချင်ပါတယ်။

​မေး-စစ်​ကောင်စီက မဲ​ဆောက်ကို ​လေယာဥ်လွှတ်သတင်း​တွေမျိုးစုံထွက်ခဲ့တယ် ။ထင်မြင်ယူဆချက်မျိုးစုံထွက်ခဲ့တယ်။ထိုင်းအစိုးရနဲ့ ​လေယာဥ် ၃ ​ကြိမ်ပျံမယ်​ပြောပြီး ၁ ကြိမ်နဲ့ရပ်လိုက်တယ် ။ဒါ​တွေက မြဝတီမြို့မှာရှိတဲ့ စစ်​ကောင်စီတပ်​တွေအတွက် ပြင်ဆင်ချိန်ရ​အောင် အချိန်ဆွဲတဲ့ ဗျူဟာ​ရောဖြစ်နိုင်ပါလား။

​ဖြေ- စစ်နည်းဗျူဟာတွေကတော့ ကျင့်သုံးတဲ့နေရာ တူတာမှ မဟုတ်ဘဲ။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရသလို ဖြစ်နိုင်တယ်ပြောရရင်လည်းခက်တယ်။ တချို့နေရာတွေက။ အဲဒါကြောင့်မို့လို့ ဒီဟာတွေ ကျနော်တို့ ပြောလို့မရဘူး။ ရန်သူကတော့ သူလုပ်စရာ ရှိတာ သူလုပ်မှာပဲ။ ကိုယ့်ဘက်ကလည်း ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်မှာပဲ။ အဲဒါကြီးက ဒီအချိန်မှာတော့ ဘာမှ ပြောစရာမရှိသေးပါဘူး။

​မေး-​နောက်ဆုံးမှာဧပြီ ၇ ရက်ညကစစ်​ကောင်စီက ​နောက်ဆုံး လူ ၂၀ ​လောက်နဲ့ ​​ငွေတွေပဲလယ်ယာဥ်နဲ့သယ်သွားပြီး မြဝတီကစစ်​​ကောင်စီဝန်ထမ်း​တွေ​ရော၊စစ်သား​တွေ​ရော ​ခေါ်မသွားတဲ့အ​ပေါ်ဘယ်လိုမြင်ပါလဲ ။

ဖြေ-အဲဒါကတော့ လူသာမန်ကတောင် ပြောနေကြတာပဲ။ လူ့တန်ဖိုးထားမလား၊ ပိုက်ဆံတန်ဖိုးထားမလား ရှင်းရှင်းလေးမြင်နေရတယ်လေ။ သူ့ရဲ့ဝန်ထမ်းတွေပဲ။ ယန္တရားတစ်ခုလုံးကို အသက်ပေးပြီးတော့ လုပ်နေတဲ့ သေစရာရှိရင် သူတို့ပဲသေမှာလေ။ ဒါပေမယ့်အဲဒီလူတွေကို တစ်ယောက်မှလည်း လှည့်မကြည့်ဘူး။ ဒီလူတွေက ဘာလုပ်လို့လုပ်မှန်းလည်းမသိဘူး။ နားမလည်ဘူး။ သွားမေးရင်လည်း ဘာမသိဘူး။ ဆိုတော့ ဒီအချိန်မှာ နောက်ဆုံးသိရတာ ပိုက်ဆံပဲယူသွားတယ်ဆိုတော့ အဲဒါက အဖြေကရှင်းနေပြီ။ လူ့အသက်တစ်ချောင်းကို ဘာမှတန်ဖိုးထားတာမဟုတ်ဘူး။ လူတွေကို ကျွန်လိုခိုင်းတယ်။ လူတွေရဲ့အသက်ကို သူဘာမှတန်ဖိုးမထားဘူးဆိုတာကို ရှင်းရှင်းလေး မြင်နေရတယ်။ လူသာမန်လည်း မြင်တဲ့ကိစ္စလေ။ ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှည်ရှည်ဝေးဝေး ပြောစရာတော့မလိုဘူး။အထူးသဖြင့် သူ့ရဲ့အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ရေး လိုအပ်တဲ့ သယံဇာတအရင်းအမြစ်အားလုံးကို သူကမြိုဆို့ပြီး အားလုံး သယ်ထုတ်သွားမှာပဲ။ အဲလိုပဲမြင်တယ်။

​မေး-မတ် ၇ ရက်စပြီး ကရင်ပြည်နယ်ထဲမှာKNLA ကဦး​ဆောင်ပြီး​တော့ ထိုးစစ်ဆင်​နေတယ် ။ ကျိုက်ဒုံ ၊သက်န်းညီ​နောင်၊ဖာပွန်မြို့​တွေရထားတယ် မြဝတီလည်းလက်တကမ်း​ရောက်​နေပြီ။စခန်းသိမ်းတာ၊မြို့သိမ်းတာ​တွေဆက်တိုက်လုပ်​နေတာ​တွေ့ရတယ် ။ ဒီစစ်ဆင်​ရေးကဘယ်အထိဆက်ရှိမလဲ။ ​

​ဖြေ- အဲတာကတော့​ကျွန်​တော်တို့ ပြောစရာ​တောင်မလိုဘူး ။ ကျွန်​တော်တို့ရဲ​ပေါ်လစီချကတည်းက အထူးသဖြင့်ကျွန်​တော်တို့ ​တော်လှန်​ရေးစဖြစ်ကတည်းက နိုင်ငံ​ရေးပြသာနာကိုနိုင်ငံ​ရေးနဲ့​ဖြေရှင်းမယ် ဆိုတာ ကြိုးစားလာတယ် ။ ကြိုးစားတဲ့အခါမှ ကိုယ့်ကို မထိ​မလေးစားနဲ့ ​နောက်ပြီး​တော့ ကိုယ့်ကို တန်ဖိုးထား မခံရတဲ့အခါမှာ ။​နောက်ဆုံးကြ ယတိပြတ်ပဲ။ အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှု ။ ဒါကလုံးဝမဖြစ်နိုင်ဘူး ။ ဒီလူ​တွေနဲ့ ဆက်ပြီး​တော့ စကား​ပြောစရာအ​ကြောင်းမရှိဘူး။ အဲတာ​ကြောင့်မို့ ဒီစနစ်ကို လုံးဝပျက်သုန်းသွားဖို့ တိုက်ဖို့ပဲ ကျန်​တော့တယ်ဆိုတာ ။အဲတာ​ကြောင့်မို့ တစိုက်မတ်မတ်လုပ်လာတာ ။အဲတာဆိုရင် ဘယ်အထိလုပ်မလဲဆိုတာ​ပြောစရာလည်း မဟုတ်ဘူး။ စစ်အာဏာရှင် ကျဆုံးသွားတဲ့အထိလုပ်မှာပါ ။ အဲတာ​ကြောင့်မို့ဘယ်​နေရာကို ဦးတည်ပြီးလုပ်မယ် ဆိုတာလည်းကျွန်​တော်​ပြောစရာမလိုဘူး။ သူတို့အသဲနှလုံးရှိတဲ့​နေရာ ၊သူတို့အရှိုက်ထိတဲ့​နေရာ သူတို့အညှာရှိတဲ့​နေရာကို ကျွန်​တော်တို့က ကိုင်ပြီးလှုပ်သွား​တော့မှာ။ အဲတာ​ကြောင့်မို့ ကျွန်​တော် ​ပြောချင်တာက​တော့ မတ်လ ၇ ရက်ကဆိုရင် ဖာပွန်လည်းဖြစ်တယ် ၊ကျိုက်ဒုံမြို့လည်းကျသွားတယ် ။ဗျူဟာတစ်ခုလုံးပါသွားတယ် ။ဒီဟာ​တွေက အများကြီး ရှိဦးမှာပါ ။ ဒါ​တွေကအစပဲ ရှိပါ​သေးတယ် ။

​​မေး- မတ် ၇ ရက်မှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှာ KIA ကလည်း ထိုးစစ်စတယ် ။ KNU/KNLA ကလည်း ထိုးစစ်စတယ် ။သမိုင်းမှာ KNU နဲ့ KIA တစ်ချိန်တည်း စစ်တပ်ကိုထိုးစစ်ဆင်တိုက်ခိုက်တာ အ​တော်ရှားတယ်။ဒါကတိုက်ဆိုင်မှုလား ၊ဟန်ချက်ညီ စစ်ဆင်​ရေးလား ။

​ဖြေ-ဒါကဒီလိုရှိပါတယ်။ ကျွန်တော်တို့လူတွေကလေ အဲဒါကိုယ့်အစွဲတွေက ဖျောက်ဖို့ဆိုတာခက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ KNU ကလည်း တပ်ပေါင်းစုနဲ့ပတ်သက်ပြီးတော့ တော်လှန်ရေးစကတည်းက တောက်လျှောက်ဦးဆောင်လာတာ။ တပ်ပေါင်းစုတွေဖွဲ့တယ်။ အဖွဲ့မျိုးစုံအောက်မှာ စုပြီးတော့ ရန်သူကိုတိုက်မယ်ဆိုပြီးတော့ လုပ်လာတာ။ အဲဒီလိုလုပ်လာတဲ့နှစ်ပေါင်းမနည်းဘူး။ KNU ဆို နှစ်ပေါင်း ၆၀၊ ၇၀။ အဲလောက်ရှိနေတဲ့ဟာကို ကျွန်တော်တို့ပြန်ပြီးတော့ သင်ခန်းစာယူတယ်။ သုံးသပ်တယ်။ ဒီလိုနည်းနဲ့အလုပ်လုပ်လာတော့ ကျွန်တော်တို့အလုပ်မဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့သမျှ တပ်ပေါင်းစုက ကြာကြာမခံဘူးကွဲတာပဲ။ ကျွန်တော်တို့တောက်လျှောက် ပြောလာတာဘာလည်းဆိုတော့ ဘယ်နေရာပဲရှိနေ ရှိနေ ဖွဲ့သည်ဖြစ်စေ မဖွဲ့သည်ဖြစ်စေ ဟန်ချက်ညီညီလုပ်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ပြောနေတာကြာပြီ။ ကျန်တဲ့သူတွေက လက်ခံရခက်နေတယ်။ ဒါပေမဲ့ ပြောရင်းပြောရင်း ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့လည်း တပ်ပေါင်းစု(ဖွဲ့ဖို့လုပ်တုန်း။) ဖွဲ့ဖို့လည်း စိတ်ကုန်ပြီ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့လက်ထက်ရောက်လာတဲ့အခါကျတော့ အရင်ကပြီးခဲ့တဲ့ဟာတွေကို သင်ခန်းစာပြန်ယူတယ်။ အဲဒါကြောင့် မဖြစ်နိုင်ဘူး။ အကောင်းဆုံးက ကိုယ့်ရှိတဲ့နေရာမှာ ဟန်ချက်ညီညီနဲ့လုပ်ဖို့ပဲဆိုတာ။ ဒါကပြောရင်းပြောရင်းနဲ့ လက်တွေ့ဖြစ်မလာတာ။ ကျွန်တော်ပြောချင်တာကတော့ မတ်လ(၇)ရက်နေ့ မြောက်ပိုင်းဒေသဘက်မှာလည်းဖြစ်လာတယ်။ ကျွန်တော်တို့ဘက်မှာလည်း ဖြစ်လာတယ်။ ထိုနည်းလည်းကောင်းပဲ အနောက်ဘက်ခြမ်းမှာလည်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ အထူးအဆန်းမဟုတ်ဘူး။ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေနဲ့ကိုက်ညီတယ်။ ဒီလိုလုပ်နိုင်ပြီဆိုရင် ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့အောက်မှာရှိတဲ့ တပ်ပေါင်းစုက သွားတိုက်တာထက် ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ဒီလို ဟန်ချက်ညီညီနဲ့လုပ်ပြီဆိုရင်တော့ စစ်ကောင်စီက ခွေးရူးလိုဖြစ်သွားမှာပေါ့။ ဟိုပြေးရဒီပြေးရ သူ့လူက မလုံမလောက်နဲ့ သူ့ယန္တရားကလည်း ပြိုကျနေတာ။ ကျွန်တော်ပြောချင်တဲ့ခရီးလမ်းက အဲဒီလိုလျှောက်သွားမယ်ဆို သိပ်မဝေးဘူးဆိုတာ ပြောချင်တယ်။

​မေး-​ကောသူ​လေးပြည် တည်ထောင်နိုင်ဖို့ နီးပြီလား ။

​ဖြေ-​ဟုတ်ကဲ့။အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးကတော့ အရင်ကထက်စာရင် အများကြီးနီးလာပြီပေါ့။ဒါပေမယ့် မနက်ဖြန် သဘက်ခါတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့တော်လှန်ရေးလုပ်ပြီဆိုရင် လူကြီးတွေကလည်း လှမ်းလှမ်းပြီးသတိပေးတယ်။ ကိုယ်က တအားကို တက်ကြွလွန်းပြီး တခါတည်း မိုးမမြင်လေမမြင်နဲ့လုပ်ချင်ကိုင်ချင်တဲ့စိတ် ဖြစ်လာတဲ့အခါမှာ လူကြီးတွေက တောက်လျှောက် ပြောတယ်။မင်း ကော်သူးလေး မနက်ဖြန် သဘက်ခါ ရမှာမဟုတ်ဘူး လုပ်ဦး ဖြေးဖြေးမှန်မှန်နဲ့လုပ်။ အဲဒီလိုပဲ ဘာပဲဖြစ်ဖြစ် ဆရာမေးတဲ့မေးခွန်းကတော့ အရင်ကထက်စာရင် အရမ်းကိုနီးလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့တည်ဆောက်မဲ့ လွတ်လပ်တဲ့ ကော်သူးလေးဆိုတာ ကျွန်တော်တို့ သီးခြားနေမှာမဟုတ်ဘူး။ ဒီတိုင်းပြည်ထဲမှာရှိတဲ့ ပြည်ထောင်စုအတွင်းမှာ လူမျိုး အားလုံးနဲ့ တန်းတူရေးနဲ့….အခြေခံပြီးတော့ သဟဇာတရှိရှိနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြည်ထောင်စုတစ်ခု ကျွန်တော်တို့ ရည်မှန်းတယ်။ အဲဒီအချိန်ကာလကလည်း အရင်ကထက်စာရင် အများကြီးနီးလာပြီလို့ ပြောရမယ်။ ဒါပေမယ့် လုပ်စရာကိုင်စရာတွေ အများကြီးရှိတယ်။

​မေး-၂၀၂၁ ဒီဇင်ဘာ လတုန်းက People’s Spring နဲ့အင်တာဗျူးမှာ လူကြီးမင်းက ​ ပြည်သူအားလုံးနီးပါးပါတဲ့ နွေဦး​တော်လှန်​ရေးဟာ စစ်အာဏာရှင် ဖြုတ်ချဖို့အ​ကောင်းဆုံးအခွင့်အ​ရေးလို့​ပြောခဲ့တယ်။အခု ၂ နှစ်​ကျော်လာတဲ့အခါ စစ်အာဏာရှင်ဖြုတ်ချနိုင်ဖို့ ဘယ်​လောက် နီးစပ်လာပါပြီလဲ။

​ဖြေ-အဲဒီအပိုင်းမှာတော့ အဲဒီတုန်းက ၂၀၂၁ ခုနှစ် ကုန်ခါနီး ပြောတဲ့အခါကျတော့ ပြောရမယ်ဆိုရင် ထဲထဲဝင်ဝင်နဲ့ တော်လှန်ရေးကို နှစ်ပြီးတော့ လုပ်တဲ့အဖွဲ့အစည်းဆိုတာ လက်ချိုးရေလို့ရပါတယ်။ ဒါပေမယ့်တခုထူးခြားတာက ကျွန်တော်တို့ရဲ့တော်လှန်ရေးသမိုင်းတလျှောက်လုံးမှာ ဒီ့အပြင်လူမျိုးစု အကြီးဆုံးဖြစ်တဲ့ ဗမာလူမျိုးတွေကတော့ ခပ်ခွာခွာပဲနေခဲ့တာကတော့အမှန်ပဲ။ ဒါပေမဲ့ ဒီပွဲမှာတော့ သူတို့က ဘာပဲဖြစ်ဖြစ် ထန်းတောထဲမှာ ပြောင်တလင်းခါအောင်နေပါစေ ငါတော့ တော်လှန်ရေးလုပ်တော့မှာပဲဆိုတဲ့အသိက ဝင်လာတဲ့အခါမှာတော့ နီးစပ်မှုက အရမ်းဖြစ်သွားပြီဆိုတာ ယုံကြည်တယ်။ ဒါပေမယ့်စိန်ခေါ်ချက်က တော်တော်ကြီးတယ်။

ပြောင်တလင်းခါတဲ့အထဲမှာ တော်လှန်ရေးလုပ်ရတဲ့အလုပ်က လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ၂၀၂၁ လည်းကုန်သွားတယ်။ သူတို့ကအပြတ်ရှင်းမယ်လုပ်တာကိုး။သုံးလေးလနဲ့အပြတ်ရှင်းမယ် ကြိမ်းဝါးလိုက်၊ လုပ်လိုက်၊ မီးရှို့လိုက်၊ သတ်လိုက်နဲ့ ဒါပေမယ့် ၂၀၂၁လည်းကုန်တယ်။ ၂၂လည်းကုန်တယ်။ ၂၃လည်းကုန် ဖြစ်လာတဲ့အခါမှာ ဘယ်သူ့ကိုမှ ချေမှုန်းလို့မရဘဲ သူ့ဟာသူပဲပြိုဆင်းသွားတဲ့အနေအထားတစ်ခု ပြေးမြင်လာရတယ်။ နောက်ပြီးလိုက်ပါလာတဲ့အားက ဘာလဲဆိုတော့ တလျှောက်လုံး ဟိုးမြောက်ပိုင်းမှာ အသာလေးသျှိုပြီးနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းကလည်း ဘွားခနဲဆို 1027 ဆိုပြီး ထလုပ်လိုက်တဲ့အခါမှာ ဟိုကောင်တွေ ဗျာတွေများပြီးတော့ ကျွန်တော် ခုနကပြောသလိုပေါ့။ ခွေးရူးတစ်ကောင်လို ဖြစ်သွားတာပဲ။ တောင်ကိုပြေးရမလို အရှေ့ပဲသွားရမလိုလို စစ်ကူလည်းမပေးနိုင်ဘူး။ သူ့အခြေအနေက အဲလိုဖြစ်သွားတယ်လေ။အဲဒီ နှစ်နှစ်သုံးနှစ်အတွင်းမှာ နိုင်ငံတကာကလည်း ကျွန်တော်တို့ကို ရှင်းရှင်းပြောရရင် တော်တော်အထင်သေးအမြင်သေးပြီး ပြောနေတဲ့အချိန်ကာလ။ အခုသူတို့ အဲလိုမပြောရဲတော့ဘူး။ဒါ ရှင်းရှင်းပြောတာပဲ။ ဒီနေ့ဒီအချိန်အခါမှာကျွန်တော်တို့ ဘာလိုလဲဆိုတော့ ဒီထက်ပိုပြီး​တော့ စည်းလုံးဖို့လိုတယ်။ ဒီကြားထဲမှာပဲ ထိုးခွဲမှုတွေက ရှိဦးမှာပဲ။ အဲဒါကို သတိရှိရှိနဲ့ထားပြီးတော့ ကျွန်တော်တို့စည်းလုံးမှုကို ဆက်ကိုင်သွားမယ်ဆိုရင် ဒီတော်လှန်ရေးက သိပ်ပြီးတော့ဝေးတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောလို့ရတယ်။

​မေး-​နောက်ဆုံးအ​နေနဲ့ ပြည်သူ​​တွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ။

​ဖြေ-ထူးထူးခြားခြားတော့ ပြောစရာမရှိဘူး။ အထူးသဖြင့် လူထုကတော့ဗျာ အံ့မခန်းလောက်အောင်ပါပဲ။ အခက်အခဲ အကျပ်အတည်းကြားထဲကနေ မျက်ရည်ကြားထဲကနေ သူတို့က ရည်မှန်းချက်ပန်းတိုင်ကို ဆက်ပြီးတော့ချီတက်နေတဲ့အပေါ်မှာ ကျွန်တော်တို့တော်လှန်ရေးသမားတွေကလည်း ဒါနဲ့တသားတည်းရှိတယ်ဆိုတာ ပြောချင်တယ်။ တွေ့ရမယ့်ခရီးကတော့ပန်းတိုင်ရောက်ခါနီးလေ၊ အခက်အခဲကပိုကြီးလေဆိုတဲ့စကားကရှိတော့ မေ့ဖို့တော့မလိုဘူး။ ပြောချင်တာကတော့ ပန်းတိုင်ရောက်ခါနီးလေ အခက်အခဲကြီးလေ ဖြစ်နေတဲ့အချိန်ကာလမှာ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးတော့ တစ်ယောက်နဲ့တစ်​နဲ့တစ်ယောက် ကျစ်ကျစ်ပါအောင်စည်းလုံးပြီး ဘုံရန်သူကို ရှင်းနိုင်တဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်ကြပါလို့ပဲ ပြောချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။