Connect with us

Hi, what are you looking for?

LuduNwayOo

ရန်ကုန်မှပေးစာများ (၁)

ဩဂုတ်လရဲ့မိုးသားများ

အခုအချိန်မှာရန်ကုန်မှာအမြင့်မားဆုံးဟာ အဆောက်အဦတွေမဟုတ်တော့ဘူးညီမလေး။ ရန်ကုန်ရဲ့ကုန်ဈးနှုန်းဟာ ရှန်ဂရီလာ ဟိုတယ်ထက်ပိုမြင့်တယ်၊ ရန်ကုန်ရဲ့ဒုက္ခကတော့ ရန်ကုန်ရဲ့ကုန်ဈေးနှုန်းထက်ပိုမြင့်ပြန်တယ်။ ရန်ကုန်ရဲ့ ဒုက္ခထက်ပိုမြင့်တာဘာလဲသိလားညီမလေး။ ရန်ကုန်ရဲ့ ‘ဒေါသ’ပေါ့။

ဩဂုတ်လရဲ့မိုးသားများ

ညီမလေးရေ …

ဩဂုတ်လရဲ့မိုးရေတွေက ရန်ကုန်ကို မြွေတစ်ကောင်လိုရစ်နှောင်ထားတယ်။ လမ်းမကိုအသော့ဖြတ်ပြေးသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာမှာ အိမ်အပြန်နောက်ကျမှာကို စိုးရိမ်တာလား၊ သူမဖုန်းကို ငေါက်ငမ်းစစ်ဆေးမယ့် ဖက်ဆစ်စစ်ပုလိပ်နဲ့ဆုံတွေ့မှာကိုပူပန်တာလား မသိနိုင်တဲ့ ခံစားချက်ကို ရိပ်ကနဲမြင်ရတယ်။

တွန်းလှည်းနဲ့ ရောင်းနေတဲ့ ဆူရှီသည်လူငယ်လေးကတော့ အမှောင်ကျချိန်အထိမကုန်သေးတဲ့ သူ့ ကုန်ပစ္စည်းတွေအတွက် သောကရောက်နေဟန်ရှိတယ်။ ဘေးဘီဝဲယာကိုကြည့်ရင်း “ဆူရှီ..ဆူရှီ”လို့ သူအော်တဲ့အသံက “အင်းစိန်..အင်းစိန်”လို့အော်နေတဲ့ ဘတ်စ်ကား စပယ်ယာရဲ့အသံကြားမှာ တိမ်ဝင်သွားတယ်။

သူဟာပဲ၊နှမ်းတောင်ယာတွေ ကန်းသွားတဲ့ အညာရွာတစ်ရွာကလည်း ဖြစ်နိုင်တယ်။ နာဂစ်မုန်တိုင်းကနှင်ထုတ်လိုက်တဲ့ မြစ်ဝကျွန်းပေါ်စပါးကျီဒေသကလည်းဖြစ်နိုင်တယ်။ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ လူ့ယဥ်ကျေးမှုတစ်ခုကနေ ရန်ကုန်မြို့ကြီးကို ကလေး သာသာဘဝနဲ့ မျှော်လင့်ချက်တွေကိုထမ်းပိုးပြီး ရွှေ့ပြောင်းလာတဲ့သူတစ်ဦးဖြစ်မှာပေါ့။

တိုက်ပုံအိကျီနဲ့ အမျိုးသားကြီးတစ်ဦးကတော့ ဘတ်စ်ကားတစ်စင်းပေါ်ကိုတက်ဖို့ အားယူနေရှာတယ်။သူ့ပုံကအငြိမ်းစားဝန်ထမ်းတစ်ဦးဟန်ရှိလေရဲ့။ မိုးရေစက်တွေအောက်မှာ စိုရွှဲနေရှာတယ်။ သူကိုင်လာတဲ့ ခေါက်ထီးလေးက သူ့ကို အကာအကွယ်မပေးနိုင်ရှာဘူး။

လမ်းဘေးကစားကျွင်းစားကျန်တွေကိုစားသောက်နေတဲ့ မြေကြွက်ကြီးတွေကတော့ ရန်ကုန်မြို့လည်ခေါင်ရဲ့ အထိမ်းအမှတ်အဖြစ် ခပ်ကြွားကြွား ရှိနေတုန်းပဲ။ လမ်းမတွေပေါ်မှာ ကြွားကြွားဝါဝါရဲရဲတင်း ဖြတ်သန်းနေကြတယ်။တစ်ခါက မိတ်ဆွေစာရေးဆရာတစ်ယောက်ကပြောဖူးတယ်။

“ရန်ကုန်မြို့လည်ခေါင်က မြေကြွက်ကြီးတွေဟာ စစ်သားတွေ စစ်ရေးပြချီတက်နေသလိုပဲတဲ့၊ ရှက်ရကောင်းမှန်းလည်းမသိဘူး၊ကြောက်ရကောင်းမှန်းလည်းမသိဘူး”တဲ့။

အကိုကပြန်မေးတယ်။ “ဒါဖြင့်ရင် မြေကြွက်တွေရဲ့အစာတွေကိုတောင်လုပြီးစားတဲ့ ကျီးကန်းတွေကရော” “ခင်ဗျားကလည်းဗျာ အဲဒါသူတို့ အထက်အရာရှိတွေပေါ့၊ရှင်းနေတာပဲတဲ့” သူကပြန်ဖြေတယ်။

အကြောက်တရား၊ဒေါသနဲ့ အမုန်းတရားတွေကတော့ ညီမလေးထွက်သွားချိန်ကထက် အဆပေါင်းများစွာပိုများလာပေါ့။

ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာကျယ်ကျယ်လောင်လောင်ဆွေးနွေးခဲ့ကြတဲ့လူငယ်တွေရဲ့ နိုင်ငံရေးလက်ဖက်ရည် စကားဝိုင်းတွေ၊ အယူအဆ အခြေအတင် ပြောဆိုမှုတွေဟာ အတိပ်မှာကျန်ခဲ့ပြီ။ ဒီနေရာမှာ အစားထိုးဝင်ရောက်လာတာကတော့ တစ်ဦးနဲ့တစ်ဦး မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ခံစားချက်ကိုအသံမဲ့ ဖလှယ်ကြတဲ့ ဘာသာစကားပါပဲ။

လူတွေကလူတွေအချင်းချင်းပြောဆိုကြတဲ့မျက်ဝန်းဘာသာစကားကိုနားလည်ကြတယ်။ တိရစ္ဆာန်တွေကလည်း သူတို့ဘာသာစကားနဲ့ သူတို့ဖလှယ်ကြမှာပေါ့။
အခုအချိန်မှာရန်ကုန်မှာအမြင့်မားဆုံးဟာ အဆောက်အဦတွေမဟုတ်တော့ဘူးညီမလေး။ ရန်ကုန်ရဲ့ကုန်ဈးနှုန်းဟာ ရှန်ဂရီလာဟိုတယ်ထက်ပိုမြင့်တယ်။ရန်ကုန်ရဲ့ဒုက္ခကတော့ ရန်ကုန်ရဲ့ကုန်ဈေးနှုန်းထက်ပိုမြင့်ပြန်တယ်။ ရန်ကုန်ရဲ့ ဒုက္ခထက်ပိုမြင့်တာဘာလဲသိလားညီမလေး။

ရန်ကုန်ရဲ့ ‘ဒေါသ’ပေါ့။

‘ဒေါသ’ဟာရန်ကုန် သားအားလုံးကို ကောင်းကင်ပေါ်ကနေ လွှမ်းခြုံထားတယ်။ ဒေါသရဲ့ရွာချလိုက်တဲ့မိုးရေတွေအောက်မှာ ဒို့အားလုံး စိုရွဲနေကြလေရဲ့။ အိမ်အပြန်နောက်ကျမှာစိုးရိမ်နေတဲ့ မိန်းကလေးရော၊ ရောင်းမကုန်တဲ့ ဆူရှီသည်လေးရော၊ လမ်းမပေါ်မှာရှိရှိသမျှ လူအားလုံးဟာ ရွှဲရွှဲစိုနေတဲ့ ဒေါသတွေနဲ့ အိမ်ကိုပြန်နေကြတယ်။ရွှဲစိုနေတဲ့ဒေါသတွေနဲ့ သူတို့အိမ်ပြန်ရောက်တဲ့အခါအိမ်ကမိသားစုတွေကလည်း ဒေါသတွေနဲ့ ပွေ့ဖက်ကြိုဆိုကြမယ်။

ပြီးရင်နေ့တစ်နေ့ရဲ့ ဒေါတွေအကြောင်းကိုမိသားစုထမင်းဝိုင်းမှာသူတို့ရင်ဖွင့်ကြမယ်။ ဖုန်းထဲမှာ VPN တွေ့သွားလို့ ပါးရိုက်ခံရတဲ့မိန်းကလေးတစ်ယောက်အကြောင်း၊ဒါမ မဟုတ်မူးနေတဲ့ နာဇီတပ်သားတစ်ယောက်ရဲ့ကျည်ဆန်ကြောင့် အသက်ပေးလိုက်ရတဲ့ လူငယ်လေးတစ်ယောက် အကြောင်း၊ နေမကောင်းတဲ့ အဖေအတွက် ဝယ်လို့မရတော့တဲ့ အိမ်သုံးဆေးတွေအကြောင်း၊ ဒါမှမဟုတ် နောက်တစ်ပါတ်မှာကုန်တော့မယ့် အိမ်ရဲ့ဆန်အိတ်အကြောင်းပေါ့။
ရန်ကုန်မှာ ရန်တွေမကုန်သေးဘူးညီမလေးရေ။ရန်ကုန်ဟာ ရန်တွေပြုံနေတုန်းပဲ။ ရန်ကုန်ဟာမကျွတ်လွတ်နိုင်သေးတဲ့ ဝိဉာဉ်တစ်ခု၊ ခိုနားရာမရတဲ့ ငှက်တစ်ကောင်၊ အိပ်မက်ထဲမှာ အိမ်ပြန်မရောက်နိုင်တဲ့ ခြောက်အိပ်မက်မက်နေသူတစ်ဦးပါပဲ။

ဒီစာထဲမှာ ညီမလေးကိုပြောပြနိုင်တဲ့ သတင်းကောင်းတစ်ခုတော့ရှိတယ်။ အကို ပြောခဲ့တယ်။ရန်ကုန်ရဲ့ ဒုက္ခဟာရန်ကုန်ရဲ့ကုန်ဈေးနှုန်းထက်ပိုမြင့်တယ်။ ရန်ကုန်ရဲ့ ဒေါသကတော့ ရန်ကုန်ရဲ့ ဒုက္ခထက်ပိုမြင့်တယ်။ ရန်ကုန်ရဲ့ ဒေါသထက်ပိုမြင့်မားတာကတော့ ဒို့ အားလုံးရဲ့ ‘မျှော်လင့်ချက်’ပါပဲ။

ဒေါသကြောင့်စိုရွှဲနေတဲ့ အိတ်ကပ်တွေထဲမှာမျှော်လင့်ချက်ကိုမပျောက်ပျက်အောင် ဒို့အားလုံးထိန်းသိမ်းထားကြတုန်းပဲ။ မျှော်လင့်ချက်ဟာအားလုံးရဲ့ ရင်ထဲမှာရှင်သန်နေတုန်းပဲ။ မွန်းကြပ်တဲ့ဘတ်စ်ကားတွေထဲမှာ၊မီးရောင်မှိန်မှိန်နဲ့ ဘုံဆိုင်တွေထဲမှာ၊ ဆင်ခြေဖုံးက အိမ်စုတ်ကလေးတွေထဲမှာ၊ လမ်းဘေးဈေးသည်တွေရဲ့ ဈေးဘမ်းတွေကနေ ဖက်ဆစ်တွေရဲ့ အချုပ်ခန်းတွေ အထိမျှော်လင့်ချက်ဟာ ကောင်းကောင်းကြီးရှင်သန်နေဆဲပဲ။မျှော်လင့်ချက်ဟာအားနဲ့ပါးနဲ့ဝတ်မှုန်ကူးနေဆဲပဲ။
မိုးစဲသွားပြီညီမလေး။ အကိုအိမ်ရောက်တော့မယ်။

ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့အခါ မိုးသားတွေကြားမှာ ပြုံးနေတဲ့နိုက်ထရစ်အက်ဆစ်ရဲ့မျက်နှာကို လျှပ်တပြက်မြင်တွေ့လိုက်ရတယ်။

— အကို

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ရန်ကုန်မှပေးစာများ (၃)

ညီမလေးရေ… စက်တင်ဘာကိုရောက်ပြီ။ ဒါပေမယ့်စက်တင်ဘာဟာ ဩဂုတ်ပါပဲ၊ ဩဂုတ်ကလည်းဇူလိုင်ပါပဲ၊ ဇူလိုင်ကလည်း ဇွန်ပါပဲလေ။ ဒို့တိုင်းပြည်ဟာ အချိန်တွေရဲ့ တိုက်စားမှုကိုအခံနိုင်ဆုံး လူ့အဖွဲ့အစည်းပဲမဟုတ်လား။ မတရားမှုနဲ့ အရှက်သိက္ခာမဲ့မှုဟာ ဒီတိုင်းပြည်ကို ခေတ်အဆက်ဆက်အုပ်စိုးသူတွေရဲ့ စရိုက်လက္ခဏာတွေအဖြစ် ထာဝရရှိနေခဲ့တာမဟုတ်လား။ ထားပါတော့။ ခုရက်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က နိုင်ငံတကာကိုဖျော်ဖြေခဲ့တဲ့ လူရွှင်တော် တစ်ယောက်...