မြေလတ်သား/People’s Spring
ဧပြီ(၂၀)ရက်နေ့ ညနေ(၅)နာရီခန့်က မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကိုင်းရွာထဲကနေ အသက်(၄၅)နှစ်အရွယ် ဒေါ်တင်ခိုင်(အမည်လွှဲ)နဲ့ မိသားစုဝင်တွေဟာ ကျနေရဲ့ပူပြင်းတဲ့နေရောင်အောက်မှာ ထွက်ပြေးလာခဲ့ကြတယ်။ သူတို့တင်မကဘူး။ ကိုင်းတစ်ရွာလုံး ထွက်ပြေးလာခဲ့ကြတာပါ။
အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။
အပူချိန်ပြင်းထန်နေတဲ့အချိန် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်တွေပါ ချွေးသံတရွှဲရွှဲနဲ့ မောမောပန်းပန်း ပြေးကြရတယ်။ ဒေါ်တင်ခိုင်တို့မိသားစုထဲမှာ အသက်ခြောက်ဆယ်ကျော်အရွယ် အမကြီးတစ်ယောက်လည်းပါတာမို့ လူကြီးတွေလည်း ဒီအရွယ်ရောက်မှပြေးရလွှားရတာကို ဒေါ်တင်ခိုင်စိတ်မချမ်းသာခဲ့ဘူး။

Public Service Announcement
ဒေါ်တင်ခိုင်တို့နဲ့ရွာသူရွာသားတွေဟာ ရိုးခြောက်တွေ၊ ခြံတွေ၊ အင်းတွေထဲကနေ လွတ်ရာလွတ်ကြောင်းကို ပြေးခဲ့ကြရတယ်။ အဲဒီကနေတဆင့် ဧရာဝတီမြစ်ကို စက်လှေနဲ့ကူးပြီး စစ်ကိုင်းတိုင်း၊ မြောင်နယ်ကို ပြေးရတယ်။ အရင်နှစ်တွေကတော့ မြောင်နယ်ကပြည်သူတွေ မြင်းခြံဘက်ထွက်ပြေးခဲ့ရတယ်။ ဒီနှစ်တော့ မြင်းခြံကလူတွေ မြောင်နယ်ဘက် တခါပြေးကြရပြန်တယ်။
မြစ်ထဲရောက်ချိန် အရေးထဲကျမှ လေက ကျလာတယ်။ ဧရာဝတီမြစ်ရေက လှိုင်းတွေထလာတယ်။ လူတွေလည်း လှိုင်းတဝုန်းဝုန်းကြားကနေ တဖက်ကမ်းရောက်အောင် ကူးခဲ့ကြတယ်။
မြောင်နယ်ဘက်ရောက်တော့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ခိုလှုံနေရတယ်။ ခင်မင်ရာမိတ်ဆွေတွေအိမ်မှာ နေကြသူတွေလည်းရှိတယ်။ ရွာခံတွေကလည်း ကျွေးကြမွေးကြတယ်။
ရာသီဥတုကပူပူ စိတ်တွေလည်း ပူလောင်နေကြတော့ ဒေါ်တင်ခိုင်တို့တတွေ ညဆိုရင် အိပ်ကိုမပျော်ဘူး။ “ကိုယ့်အိမ်ကို ကိုယ့်ရွာကြီးကို မျက်စိထဲမြင်တာ။ မနေ့ကတုန်းက အရှေ့ဘက်က ညီမတစ်ဝမ်းကွဲ ခဏပြန်ကြည့်တော့ အမရယ်တဲ့ သူ့မှာ စိတ်မချမ်းသာလို့ ဝမ်းနည်းပြီး ငိုရတဲ့အကြောင်း ပြောပြတယ်။ တလင်းပြင်ကြီး ပြာတွေပဲ မြင်ရတယ်တဲ့။”လို့ ဒေါ်တင်ခိုင်က ပြောပြတယ်။
ဒေါ်တင်ခိုင်တို့အိမ်က အုတ်ခုံခင်း နှစ်ဆောင်ပြိုင် နှစ်ထပ်အိမ်ကြီးပါ။ မိသားစုဝင်ထဲကတချို့ နွားတွေရေတိုက်ရင်းပြန်တော့ ဒေါ်တင်ခိုင်တို့အိမ် မီးတွေလောင်ကျွမ်းနေတာကို တွေ့ခဲ့ရတယ်တဲ့။ တိုင်တွေမီးစွဲလောင်နေတုန်းပဲတဲ့။
မြစ်ဆိပ်ရေချိုးသွားရင်း ရွာဘက်ကို ဒေါ်တင်ခိုင် လှမ်းကြည့်မိတယ်။ ရွာကိုပြန်ချင်စိတ်တွေ ဒေါ်တင်ခိုင် တားမနိုင်ဆီးမရ ပေါ်ထွက်လာတယ်။ “လက်ပစ်ကူးပြီးတောင် သွားလိုက်ချင်တာ။” လို့ ဒေါ်တင်ခိုင်က ပြောတယ်။
ရာသီဥတုက အတော်ကို ပူပါတယ်။ စစ်ရှောင်တွေကော ကူကြဝန်းကြသူတွေကော အပူဒဏ်ကို ကျောကော့အောင် ခံကြရတယ်။ ဧပြီ(၂၃)ရက်နေ့ကဆိုရင် မြင်းခြံမြို့မှာ အပူချိန် ၄၃.၆ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို့ မိုးဇလကဖော်ပြတယ်။
“နေအပူဒဏ်ကလည်း ပြင်းတဲ့အခါကျတော့ ပြောရရင် စိတ်ဆင်းရဲကိုယ်ဆင်းရဲပေါ့ဗျာ။ အပြင်ကပူတာတွေကော ရင်ထဲကပူတာတွေကော ဘယ်ခံနိုင်ပါ့မလဲ။”လို့ အထက်ပါတာဝန်ရှိသူက ပြောပြပါတယ်။
အပူဒဏ်ပြင်းထန်နေလို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ကျန်းမာရေးအရ ထိခိုက်တာတွေရှိနေတာကြောင့် ကျန်းမာရေး CDM ဝန်ထမ်းတွေနဲ့ နေရာ၃နေရာလောက်ခွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတယ်လို့ မြင်းခြံပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရာသီဥတုကပူတာနဲ့ စိတ်ညစ်တာနဲ့ လူတွေလည်း ပိန်ခြုံးပြီး မည်းတုံးနေတယ်။တချို့ဆို တနေကုန်ဘာမှမစားရဘူး။”လို့ ဒေါ်တင်ခိုင်က ပြောတယ်။
စစ်ကောင်စီတပ်ဟာ မတ်လအတွင်းက မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၆ ရွာကနေ နေအိမ်ပေါင်း ၅၄၈ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၉ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ ဧပြီလထဲမှာလည်း ကျေးရွာ ၆ ရွာက နေအိမ်ပေါင်း ၁၅၀၀ နီးပါးကို မီးရှို့ဖျက်ဆီးထားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြတယ်။ ကိုင်းရွာမှာတော့ စစ်တပ်က နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးပြီး အသက် ၇၀ အရွယ် အမယ်အို ဒေါ်ညွှန့်ဆွေကိုပါ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောတယ်။
ဧပြီ ၂၀ ရက်နေ့က မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ကြည်ရွာအပါအဝင် နေရာလေးခုကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ တပြိုင်နက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂၀ခန့်ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ မြစ်ရိုးတလျှောက်က ဆင်ချောင်း၊ ညောင်တို၊ ရန္တပို၊ ကိုင်း၊ဂင့်ဂဲ၊ သိမ်တိုင်၊ ဇလပ်ကုန်း၊ ကန်တော်၊ မရိုးကုန်း၊ ဥဒယ စတဲ့ ကျေးရွာ ၁၀ ရွာလောက်က ပြည်သူတွေသောင်းဂဏန်းနီးပါး အပူချိန်ပြင်းထန်နေတဲ့ကြားကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ စစ်ရှောင်ကူညီနေသူများက ပြောပါတယ်။
ရန္တပိုရွာဆိုတာက ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ နာမည်ကျော်ကြားခဲ့တဲ့ သမိုင်းဝင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့တဲ့ နေရာတစ်ခုပါ။ ဥဒယကျေးရွာကတော့ စာရေးဆရာမကြီး ခင်ခင်ထူးတို့ ဇာတိရွာပါ။
စစ်ရှောင်တွေများပြားပြီး ရက်ရှည်လာတော့ အခက်အခဲတွေရှိလာလို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ မြင်းခြံပကဖအဖွဲ့ကလည်း မြို့နယ်အခွန်ထဲကနေရတဲ့ငွေနဲ့ စစ်ရှောင်တွေကို ကျွေးမွေးတယ်။ မြောင်နယ်ထဲက တော်လှန်ရေးအင်အားစုတွေကလည်း ကူညီကြတယ်။ မြင်းခြံပကဖအဖွဲ့ဝင်ရဲဘော်တွေကလည်း ဒေသခံရဲဘော်တွေအကူအညီနဲ့ မြောင်နယ်ထဲက စိုက်ခင်းတွေဆီသွားပြီး ဟင်းသီးဟင်းရွက်အလှူခံကြတယ်။
မြင်းခြံတင်မကပါဘူး။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အညာဒေသပြည်သူတွေလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာတာနဲ့ အပူဒဏ်ကြားကနေ ထွက်ပြေးတိမ်းရှောင်နေရဆဲပါ။
ဒေါ်တင်ခိုင်တို့နေအိမ်တွေကတော့ ရွာပြန်ရောက်ရင် ပြာပုံတွေအဖြစ်ပဲ မြင်ကြရတော့မှာပါ။သို့ပေမယ့် ဒေါ်တင်ခိုင်တို့ အားမလျှော့ခဲ့ပါဘူး။
“ကိုယ့်ကိုကိုယ် အားတင်းထားတယ်။ ကိုယ့်စိတ်ကိုခိုင်အောင်ထားတယ်။ ပျော့ညံ့အောင်တော့မနေဘူး။”လို့ ဒေါ်တင်ခိုင်က ပြောတယ်။
“ကိုယ့်ဥစ္စာတွေပါသွားတော့ ဒေါသတော့ဖြစ်တာပေါ့။ ဒါပေမယ့် ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ရွာပျက်စီးသလို သူတို့တတွေလည်း မပျက်စီးပါစေနဲ့လို့ မေတ္တာပို့ပါတယ်။ ကိုယ်ဖြစ်သလိုမဖြစ်ပါစေနဲ့လို့။”ဒေါ်တင်ခိုင်က ပြောလိုက်ပါတယ်။ ။
