Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

“ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကို တကယ် နေချင် ထူထောင်ချင်ကြတာလဲ”

တော်လှန်ရေး အောင်မြင်တယ်ဆိုတာ စစ်ကောင်စီ ပြုတ်ကျရုံနဲ့ မရဘူး၊ အာဏာရှင်မှန်သမျှ မပေါ်အောင် လုပ်နိုင်မှ ဖြစ်မယ်လို့ ကြွေးကြော်ခဲ့ကြတယ် မဟုတ်လား။

"ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကို တကယ် နေချင် ထူထောင်ချင်ကြတာလဲ"
"ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကို တကယ် နေချင် ထူထောင်ချင်ကြတာလဲ"

-မသီတာ-စမ်း​ချောင်း

‘ရန်-ငါ’ဆိုတဲ့ အပြတ်ဖြတ်စိတ်ဓာတ်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်ကြီးထွားလာတဲ့ စိတ်အခြေအနေတစ်ခု ဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ရိုက်ခတ်ဖို့ တာစူနေပါပြီ။ ဒီနေရာမှာ မေးစရာ ရှိလာတာက တော်လှန်ရေးအပြီးမှာ ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကို တကယ် နေချင်၊ ထူထောင်ချင်ကြတာလဲဆိုတာပါပဲ။ အာဏာသိမ်းမှုအပါအဝင် စစ်ရာဇဝတ်ခေါင်းဆောင်များ အုပ်ချုပ်စိုးမိုးခဲ့တဲ့ နှစ်ကာလများဆီက အရပ်သားများရဲ့ ခါးသီးတဲ့ အတွေ့အကြုံနဲ့ မလုံမခြုံ ခံစားရမှုတွေကို ဘယ်လိုနည်းနဲ့မှ ပြန်မကြုံချင်ကြတော့ဘူးရယ်လို့ စိတ်ပြင်းပြခဲ့တာကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်ခဲ့တယ်လို့ ဆိုရပါမယ်။ တိုတိုပြောရရင် လွတ်လပ် အေးချမ်း လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်နေထိုင်ချင်ကြလို့ အဲလိုလူ့အဖွဲ့အစည်းမျိုးကို နောင်မျိုးဆက်အတွက် အမွေအဖြစ် ချန်ထားခဲ့ချင်လို့ တော်လှန်ရေးကို ပါဝင်ပူးပေါင်းနေကြတာလို့ ဆိုရမှာပါ။

ဒီတော့ တော်လှန်ရေးကြီး ပြီးလို့ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရတဲ့အခါ ‘ငါတို့’နဲ့ ဆန့်ကျင်တဲ့၊ ‘ငါတို့’နဲ့ ခံယူချက်အရာမှာ မတူတဲ့ ‘ရန်သူနဲ့ ရန်သူ့ဘက်က ရပ်ခဲ့သူတွေ’ကို ခွဲခြားကန့်သတ် နှိမ်ချဆက်ဆံမယ်၊ အဲဒါမှ တရားမျှတမှုကို ပြန်ရမယ်လို့ ယူဆပြောဆိုမှုတွေကို ဆန်းစစ်ကြရအောင်ပါ။ ဒီလိုလုပ်ရင် ကိုယ် လိုချင်နေတဲ့ လွတ်လပ် အေးချမ်း လုံခြုံတဲ့ ပတ်ဝန်းကျင်ဆိုတဲ့ အနေအထားကို အာမခံပေးနိုင်မှာပါလား။ ဒီမေးခွန်းကို စိတ်အေးအေးထားပြီး ဖြေကြည့်ကြဖို့ လိုနေပါပြီ။ တော်လှန်ရေး အောင်မြင်တယ်ဆိုတာ စစ်ကောင်စီ ပြုတ်ကျရုံနဲ့ မရဘူး၊ အာဏာရှင်မှန်သမျှ မပေါ်အောင် လုပ်နိုင်မှ ဖြစ်မယ်လို့ ကြွေးကြော်ခဲ့ကြတယ် မဟုတ်လား။

အာဏာရှင်ဆိုတာ တည်ဆဲဥပဒေနဲ့အညီ အာဏာကို ကျင့်သုံးနိုင်ခွင့် ရှိသူတွေထဲကပဲ ဖြစ်လာနိုင်တာမျိုး မဟုတ်ဘူးဆိုတာကို သတိထားကြရမှာပါ။ ဘယ်လိုလူမျိုးမဆို တဘက်သားအပေါ် ခွဲခြားဆက်ဆံပြီး ကိုယ် စိတ်ထင်ရာအတိုင်း စီမံခန့်ခွဲ ဖိနှိပ်တာမျိုးကို ကျူးလွန်မယ်ဆိုရင် အာဏာလက်ဝယ် မရှိလည်း အာဏာရှင်စိတ်ဓာတ် ရှိလို့ အာဏာရှင်လို့ပဲ ဆိုရမှာပါ။ ဒီလိုလူတွေဟာ ကိုယ် နေထိုင်ရာ ဒေသကို လွတ်လပ် အေးချမ်း လုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးနိုင်စွမ်း မရှိသူတွေပါ။ သူတို့ရဲ့ ‘ရန်သူ’အပေါ် ‘ရန်သူ့ဘက်က ရပ်တည်သူတွေ’အပေါ် အညှိုးတကြီး လက်တုံ့ပြန်ချင်တဲ့ စိတ်ကူးတွေဟာ အာဏာရှင်တွေလိုပဲ စိုးရိမ်ကြောက်ရွံ့စရာ ဖြစ်နေပါတယ်။ တော်လှန်ရေးဘက်တော်သားဖြစ်ရုံနဲ့ ဒီလို’အာဏာရှင်စိတ်ဓာတ်’မျိုး ကိန်းအောင်းနေသူတွေနဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အားပေးရမယ်ဆိုရင် အနာဂတ်အတွက် ရင်လေးစရာ ဖြစ်ရပါတယ်။

Public Service Announcement

Public Service Announcement

‘ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခ မရှိတော့တာ မဟုတ်ဘဲ တရားမျှတမှု ရှိနေတာ’လို့ ဆိုတာကိုး။ အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ဆိုရင် တရားမျှတမှုကို ကိုယ်တိုင်အတွက်သာမက လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်ပါ အာမခံပေးဖို့ လိုမှာပါ။ ကိုယ့်ဘက်က မရပ်တည်လို့ စစ်ကောင်စီရဲ့ ယန္တရားထဲ ပါခဲ့လို့ဆိုရုံနဲ့ အပြစ်ဒဏ်ကြီးတွေ ပေးလိုက်မယ်၊ လူမှုရေး ခွဲခြားဆက်ဆံမှုတွေနဲ့ အရှက်ရ နာကြင်စေလိုက်မယ်လို့ တင်ကြိုဆုံးဖြတ်ကြတာဟာ တရားမျှတမှုအစစ်အမှန်ကို ဆောင်ကြဉ်းတာလို့ မဆိုနိုင်ပါဘူး။ မှားမှန်းသိရက်နဲ့ အကြောက်တရားအပါအဝင် အကြောင်းကြောင်းတွေကြောင့် မှားတဲ့ဘက်မှာ ငြိမ်ငြိမ်လေး ရပ်တည်နေကြသူတွေအဖို့ ဒီလိုမျိုး တန်ပြန်နစ်နာထိခိုက်စေလိုတဲ့ အရေးယူမှုမျိုးတွေ အပြုအမူမျိုးတွေကို ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ အသိက မလုံခြုံမှုကို ဖြစ်စေပါမယ်။ တင်ကြိုစိုးရိမ်မှုတွေ ဖြစ်ပါမယ်။ အဲဒီက ပိုလာတဲ့အခါ ‘ဒါဆိုရင် မဖြစ်ဘူး ငါတို့ ရပ်နေတဲ့ အမှားဘက်က ရှုံးသွားလို့ မဖြစ်ဘူး၊ ဘာကြီးဖြစ်ဖြစ် ဒီအမှားဘက်ကိုပဲ ဆက်ရပ်ပေးရမယ်၊ ဒါမှ လုံခြုံမယ်’လို့ တွေးတာမျိုးထိ ဖြစ်လာနိုင်တာပါ။ တနည်းအားဖြင့်တော့ အမှားဘက်မှာ မရပ်တည်တော့ရုံနဲ့ တရားမျှတမှုအတွက် အာမခံချက် ရှိမနေနိုင်ဘူးဆိုတဲ့အထိ တွေးတောပူပန်နိုင်နေတာမျိုးပေါ့။

တရားမျှတမှုဆိုတာ ကိုယ် ထိခိုက်နစ်နာခံစားခဲ့ရသလို တခြားတပါးသူတွေအပေါ်မှာပါ ထပ်တူခံစားရအောင် လုပ်တာမျိုး မဟုတ်ဘူးဆိုတာတော့ သိကြမှာပါ။ ကျူးလွန်တဲ့ အပြစ်နဲ့ ထိုက်သင့်အားလျော်တဲ့ တာဝန်ယူ တာဝန်ခံစေမှုမျိုးကို နိုင်ငံတကာ လူ့ရပိုင်ခွင့်စံတွေနဲ့အညီ ဖြစ်တည်တဲ့ ဥပဒေများအရ အရေးယူတာကသာ တရားမျှတမှုကို ဆောင်ကြဉ်းပေးမှာပါ။ အနာဂတ် လူ့အဖွဲ့အစည်းမှာ တရားမျှတမှုဘူတာကို လွန်ပြီး လက်စားချေ အနိုင်ကျင့်တဲ့အထိ မရောက်သွားနိုင်မှ အားလုံးအတွက် လွတ်လပ် လုံခြုံ ငြိမ်းချမ်းမှုဆိုတာ တကယ်ဖြစ်လာမှာပါ။

နောက်တစ်ခု မြင်သိနေရတာကတော့ တရားတဲ့ဘက်၊ တော်လှန်ရေးဘက်မှာ ရပ်တည်နေကြသူတွေအချင်းချင်းကြားက အနိုင့်အထက် ဆက်ဆံရေးပုံစံမျိုးစုံပါ။ ဗြောင်ကျကျ ဆဲရေးနှိမ်ချအနိုင်ယူ ပြောကြတာမျိုးကနေ မသိမသာနဲ့ ရိကပါး ထိကပါး ကြောကြ ချေကြ နှိပ်ကွပ်ကြတာမျိုးအထိ လုပ်ကြတာတွေပေါ့။ ‘လက်ကြောင့် ကြေ၊ နှုတ်ကြောင့် သေ’ဆိုတာလိုပေါ့။ ဆိုရှယ်မီဒီယာဆိုတာကတော့ လက်နဲ့နှုတ်ကို တပေါင်းတည်း လှုပ်ရှားရတဲ့နေရာကိုး။ ဒီတော့ ကြေအောင်ရော သေအောင်ပါ စွမ်းတဲ့ ပလက်ဖောင်းလို့တောင် ဆိုရမှာပေါ့။ ဒီပလက်ဖောင်းမှာ လက်နဲ့နှုတ်ကို အသုံးမတတ်ရင် လူအများစုကို စိတ်မလုံခြုံမှုတွေ တင်းကြမ်းပေးလိုက်နိုင်တော့တာပါပဲ။ ပိုဆိုးတာက ဒီပလက်ဖောင်းမှာ စောင်းဆဲ မြောင်းကြိမ်းလုပ်ရင် ရည်ရွယ်သူတင်မက ကြားလူအများကပါ အချောင် အဆဲခံရ အကြိမ်းခံရတာမျိုးပေါ့။ ခေတ်ကလည်း ဆဲနိုင် စောင်းနိုင်တာကိုတောင် ဂုဏ်ဆာနေကြတဲ့ခေတ်မို့ သူ့ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်လူထုဟာ အလိုလိုနေရင်း စိတ်မလုံခြုံမှုတွေ ရလာတော့တာမျိုးပေါ့။ ဒီအလေ့အထဟာလည်း အနာဂတ်လူ့အဖွဲ့အစည်းအတွက် လွတ်လပ် အေးချမ်း လုံခြုံမှုကို အာမခံပေးနိုင်မှာ မဟုတ်ပါဘူး။

ဝေဖန်ထောက်ပြတယ်ဆိုတာ ကောင်းစေချင်၊ ပြုပြင်စေချင်တဲ့ စေတနာအပေါ် အခြေတည်တာဖြစ်ပြီး တိုက်ခိုက်အပုပ်ချတာကတော့ ထိခိုက်နစ်နာစေချင်တဲ့ သဘောဆိုးအပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့် ဘယ်လိုပဲ သကာရည်ဖုံးဝေါဟာရတွေ သုံးစွဲပစေ ထိခိုက်နစ်နာစေချင်တဲ့ သဘောဆိုး ရှိနေရင် လေသံနဲ့ တင်ပြပုံတွေမှာ ပေါ်နေတတ်ပါတယ်။ တစ်ယောက်ယောက်က တင်ထား ရေးထားတာ အမှားတွေ ပါသွားတဲ့အခါ ဘယ်လိုတုံ့ပြန်တတ်ကြလဲဆိုတာ ကြည့်ရအောင်။ လူအများ မြင်သာအောင် ကော်မန့်ရေးတာမျိုး၊ စခရင်ရှော့တ်လုပ် ပြန်တင်ပြီး ဘယ်လိုမှားနေလို့ ဘယ်လိုပြင်လိုက်ပါလို့ တင်တာမျိုး လုပ်ကြတတ်တာပေါ့။ ဝေါဟာရတွေက ယဉ်ကျေးနေနိုင်ပေမဲ့ ဒီလိုလူသိရှင်ကြား ထလုပ်တာဟာ ကိုယ်က ပိုသိ ပိုတတ်တယ်လို့ ဂုဏ်ဆာပြပြီး တဘက်သားကို နှိမ်ချတာမျိုးမို့ ထိခိုက်နစ်နာစေချင်တဲ့ တိုက်ခိုက်မှုမျိုးသာ ဖြစ်ပါတယ်။ အဲဒီအစား ချက်ဘောက်စ်ကနေ ဘယ်နေရာမှာ ဘယ်လိုမှားနေလို့ ပြင်လိုက်စေချင်တယ်လို့ သွားပြောတာမျိုးက ပိုကောင်းတဲ့ စေတနာပါတဲ့ ဖြေရှင်းနည်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကာယကံရှင်လည်း စိတ်လုံခြုံ၊ ကြားလူတွေလည်း မလိုဘဲ မသိမမြင် စိတ်မညစ်ရ၊ ကိုယ့်အတွက်လည်း အပိုပင်ပန်းစရာ မဟုတ်ဘဲ အမှားကနေ အမှန်ဖြစ်သွားတဲ့ ရလဒ်ကို ဆောင်ပေးနိုင်တာပေါ့။

တကယ်တော့ အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံခြင်းဟာ လွတ်လပ် လုံခြုံ အေးချမ်းတဲ့ အနာဂတ် လူ့အဖွဲ့အစည်းအတွက် အခြေခံပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားသမှု ရှိသူတွေကတော့ ဘယ်သူ့ကိုမဆို ရန်သူပင် ဖြစ်လင့်ကစား နှိမ်ချဆက်ဆံဖို့ မောက်မာရိုင်းပြဖို့ မရွေးချယ်တတ်ကြပါဘူး။ ဘယ်သူတွေ ဘယ်လောက် ရိုင်းရိုင်း ကိုယ့်ကာယကံ ဝစီကံကိုတော့ အပြစ်ဖြစ်မခံဘူးလို့ ပိုင်းဖြတ်တာဟာ တဘက်သားကို ကြောက်တာမျိုး မဟုတ်ဘဲ ကိုယ့်ကိုယ်ကို လေးစားတာသာ ဖြစ်ပါတယ်။ ပြန်ရိုင်း ပြန်မောက်မာ ပြန်နှိမ်ချ ပြန်ကြော ပြန်ချေနိုင်ရုံနဲ့ ကိုယ်က အနိုင်ရပြီး သူက အရှုံးဖြစ်ရတယ်လို့ ကောက်ချက်မချနိုင်ဘူးလေ။ ကိုယ့်အပြုအမူနဲ့ အပြောအဆိုကသာ ကိုယ့်ရဲ့ တန်ဖိုးမို့ ကိုယ် အထင်သေးတဲ့ ရန်သူက ပြုမူပြောဆိုသလို တန်းတူလိုက်ပြုမူပြောဆိုမယ်လို့ ရွေးချယ်ဖို့ မထိုက်တန်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် အနိုင်ရလိုက်တယ်လို့ ထင်ကြေးနဲ့ ကိုယ့်ပြုမူပြောဆိုပုံတွေကို ဖြစ်ချင်ရာဖြစ် လက်လွတ်စပယ် မပြစ်ထားမိဖို့က အရေးကြီးတာပေါ့။

ဒီလိုသတိထားတာဟာ အခုလတ်တလောမှာတင်မက အနာဂတ်လူ့အဖွဲ့အစည်းအတွက်ပါ သက်ရောက်စေမှာ ဖြစ်ပါတယ်။ ‘ရန်-ငါ’စည်းခြားဖို့ဆိုတာ ကိုယ်နဲ့ မတူသူ၊ ကိုယ်နဲ့ ဆန့်ကျင်ဘက်က ရပ်တည်သူ၊ ကိုယ့်ဘက်ကပေမဲ့ ကိုယ်က အထင်မကြီးနေသူတွေနဲ့ မတူ-ခြားနားတဲ့ ‘ကိုယ်/ငါ’ ဖြစ်ကြောင်း လုပ်ကိုင်ပြောဆိုဖို့လို့ ရှုမြင်ကြစေချင်ပါတယ်။ တဘက်သားကို ကိုယ့်အဝန်းအဝိုင်းထဲ ဝင်မလာနိုင်အောင် ကန့်သတ်ချုပ်ချယ်နှိပ်ကွပ်ထားပြီး ကိုယ်က သူ မှားခဲ့သလို၊ မှားနေသလို အပြုအမူ အပြောအဆိုတွေကို လိုက်လုပ်နေတာမျိုးဟာ ရန်-ငါ စည်းခြားနေတာမျိုးမှ မဟုတ်ဘဲလေ။ ဒီတော့ အနာဂတ်မှာ ဘယ်လိုလူ့အဖွဲ့အစည်းမျိုး တည်ထောင်ချင်တာလဲဆိုတာ လူတိုင်းက ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ပြန်ဖြေတတ်ကြဖို့ပါပဲ။ ကိုယ် လိုချင်တာ လွတ်လပ် လုံခြုံ အေးချမ်းတဲ့ တရားမျှတမှု ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းဆိုရင်တော့ ကိုယ်ကိုယ်တိုင်က အပြု၊အပြော၊အကြံဆိုးများနဲ့ စည်းခြားပြီး နေထိုင်သွားကြဖို့ပါပဲ။ ။

မသီတာ-စမ်းချောင်း

မှတ်ချက်။ ။ စာထဲမှာ ‘ကျူးလွန်တဲ့ အပြစ်နဲ့ ထိုက်သင့်အားလျော်တဲ့ တာဝန်ယူ တာဝန်ခံစေမှုမျိုးကို နိုင်ငံတကာ လူ့ရပိုင်ခွင့်စံတွေနဲ့အညီ ဖြစ်တည်တဲ့ ဥပဒေများအရ အရေးယူတာကသာ တရားမျှတမှုကို ဆောင်ကြဉ်းပေးမှာပါ’လို့ အတိအလင်း ပါထားပါရက် ကျူးလွန်သူတွေကို ခွင့်လွှတ်ပေးဖို့ ပြောနေတာလို့ ထင်နေကြတာကို တွေ့ရပါတယ်။ အမှားကျူးလွန်သူကို တရားမဲ့ ခွင့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခွင့်လွှတ်လို့လည်း မရပါဘူး။ ဒီစာဟာ ကြားကာလတရားမျှတမှုအပြင် အနာဂတ်ကာလ တရားမျှတမှုအတွက်ပါ စဉ်းစားဆင်ခြင်စရာတွေကို စဉ်းစားကြစေချင်လို့ ရေးထားတာပါ။

ဆက်စပ်သတင်းများ