Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒုချုပ်စိုးဝင်းကို ဘယ်လိုတိုက်ခိုက်ခဲ့လဲ ရှားထူး​ဝေါ် နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူနဲ့​မေးမြန်းခန်း”

ကျနော်တို့ပြည်သူတွေရဲ့အောင်ပွဲဟာ လက်တစ်ကမ်းကိုရောက်နေပါပြီ။ ပြည်သူတွေ ညီညွတ်ပေး ကြဘို့ မိမိတို့တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြပါလို့ပဲ ပြောပါရစေ။

"ဒုချုပ်စိုးဝင်းကို ဘယ်လိုတိုက်ခိုက်ခဲ့လဲ ရှားထူး​ဝေါ် နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူနဲ့​မေးမြန်းခန်း"
"ဒုချုပ်စိုးဝင်းကို ဘယ်လိုတိုက်ခိုက်ခဲ့လဲ ရှားထူး​ဝေါ် နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူနဲ့​မေးမြန်းခန်း"

ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းတွေနဲ့ စစ်​ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင် ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ် )မှာ ဧပြီ ၁၀ ရက်က စစ်အရာရှိ​​တွေနဲ့ အစည်းအ​ဝေးလုပ်​နေတုန်းမှာ တိုက်ခိုက်ခဲ့ပါတယ် ။တိုက်ခိုက်မှုမှာ​ဒုချုပ်စိုးဝင်း ထိခိုက်မှုအ​ခြေအ​နေ ၊ စစ်ဆင်​ရေး​ဆောင်ရွက်ခဲ့ပုံ ၊စစ်ဆင်​ရေးကြီး​တွေဆက်တိုက်​ဆောင်ရွက်လာတဲ့ ကာမီကာဇေဒရုန်း​တွေအ​ကြောင်းကို လူထု​နွေဦး က ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ ရဲ့တာဝန်ရှိသူကို​မေးမြန်းထားပါတယ် ။

-​နေ့သစ်/People’s Spring

မေး-ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲရဲ့ကာမီကာဇေဒရုန်းတွေနဲ့ မော်လမြိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)ထဲအစည်းအဝေးလုပ်နေတုန်းတိုက်ခိုက်ခဲ့တာ ၈ ရက်ရှိပြီ။ နောက်ဆက်တွဲ ဘာသိရသေးလဲ ခင်ဗျ။

ဖြေ- ဧပြီလ ၁၀ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်တွင် နေ့လည် ၁နာရီခွဲခန့် ကျနော်တို့ ပစ်လွှတ်လိုက်တဲ့ ကာမီ ကာဇေဒရုန်းဟာ စုပေါင်းစစ်ဆင်ရေးခန်းမပေါ် ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ လူအထိအခိုက်မရှိဘဲ အဆောက်အဉီခေါင်မိုးထိမှန်ခဲ့ကြောင်း၊ နောက်ထပ် ၁မိနစ်ခွဲအကြာတွင် နောက်ထပ် ကာမီကာဇေဒရုန်း တစ်စင်း ထပ်မံရောက်ရှိပေါက်ကွဲရာ ခေါင်မိုးအပျက်နဲ့ထပ်မံထိပြီး လူထိခိုက်မှုများ စတင်ကြောင်း၊ ခန်းမ တွင်းမှ အရာရှိကြီးများနှင့်အရေးကြီးပုဂ္ဂိုလ်များကို ကယ်ထုတ်ကာ လေယာဉ်ရပ်ထားတဲ့ဆီ ရှေးရှုစဉ် လေယာဉ်ရပ်နားကွင်းထဲ ကာမီကာဇေဒရုန်းတစ်စီးထပ်မံရောက်ရှိပေါက်ကွဲကြောင်း၊ ၎င်းနောက် တိုင်းမှူးရုံး သို့ VIP များပို့ဆောင်ကာ မော်လမြိုင်လေဆိပ်ရှိ VIP ရဟတ်ယာဉ် အားချင်းခေါ်ရကြောင်း၊ ထို့နောက် ဒုချုပ် စိုးဝင်းအပါ ဒဏ်ရာရသူများကို နေပြည်တော်သို့အရေးပေါ်ပို့ကြောင်း၊ ၁/၁၀၀၀ စစ်ဆေးရုံတွင် မသက်သာ သဖြင့် ညပိုင်း ကန်သာယာဆေးရုံသို့ တိုက်ရိုက်ရဟတ်ယာဉ်ဖြင့်ပို့ရကြောင်း၊ အိန္ဒိယမှ အရိုးအကြောခွဲစိတ် ပါရဂူချက်ချင်းခေါ်ယူကုသရကြောင်း၊ အခုတော့ ဒုချုပ်စိုးဝင်းက နေပြည်တော်သို့ပြန်ရောက်နေပြီလို့ ကြား ကြောင်း၊ ဒဏ်ရာကတော့ ရသွားတာမှန်ပြီး သူ့တပ်ကို မိုတီပေးဖို့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်လာဖွယ်ရှိတယ်လို့ ကြားထားကြောင်း၊ အဆိုပါနေ့တိုက်ခိုက်မှုကြောင့် အခြေချဗျူဟာမှူး(၁)ဦး၊ အမြှောက်တပ်ဒုညွှန်ကြားရေး မှူး (၁)ဦး၊ တိုင်းစစ်ဆင်ရေးကာနယ်(၁)ဦးပွဲချင်းပီးသေပြီး ဒုချုပ်စိုးဝင်းဟာ ပေါက်ကွဲဒဏ်ရာထက် အမိုးတန်း ပုခုံးပေါ်ပြုတ်ကျသည့်ဒဏ်ရာက ပိုမိုပြင်းထန်ခဲ့ကြောင်း၊ အရာရှိအရာခံ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း၊ ကစထ မှူး ညွန့်ဝင်းဆွေက ခြေထောက်ပဲထိပြီး စိုးဝင်းလောက် မစိုးရိမ်ရကြောင်း၊ အခုတော့ ၁/၁၀၀၀ စစ်ဆေးရုံမှာ ကုသခံနေရကြောင်း၊ ရတခ တိုင်းမှူးက ပွန်းပဲ့ထိခိုက်ဒဏ်ရာလောက်သာရရှိကြောင်းသိထားပါတယ်။

Public Service Announcement

Public Service Announcement

​မေး-စစ်ဆင်ရေးလုပ်ခဲ့ပုံကို ပြောလို့အဆင်ပြေသလောက် ပြောပြပေးပါဦး။

​ဖြေ- ဒါကရိုးရှင်းပါတယ်။ ကျနော်တို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က တစ်နိုင်ငံလုံးမှာဖြန့်ကျက်ပြီး fixed wing drone စစ်ဆင်ရေးတွေကို စနစ်တကျဆောင်ရွက်နေတာပါ။ တော်လှန်ရေးနယ်မြေအတော်များများမှာ တပ်ခွဲတွေရှိပါတယ်။ အခု ရတခကို ဆောင်ရွက်တာဟာ Alpha Bats တပ်ခွဲဖြစ်ပါတယ်။ ကျနော်တို့က မြေပြင် သတင်းအချက်အလက်တွေကို ရရှိတယ်ဆိုရင် ဘယ် target ကို ဦးတည်တိုက်ခိုက်ရမယ်၊ ဘယ် လောက်အကွာအဝေးက နေရာယူရမယ်၊ ပေါက်ကွဲယမ်းဘယ်လောက်သုံးရမယ်။ ဘယ်လို target မျိုးမှာ ဘယ်လမ်းကြောင်း (Flight Path) သုံးပြီး တိုက်ရမယ်ဆိုတာတွေကို လမ်းညွှန်ပေးခဲ့တဲ့အပေါ် ရဲဘော်တွေက စနစ်တကျ သေချာစွာ အကောင်အထည်ဖော်ဆောင်ရွက်ကြတာဖြစ်ပါတယ်။

​မေး-စစ်ကောင်စီဒုချုပ် စိုးဝင်း အစည်းအဝေးထဲရှိနေတာကိုသိပြီး သူ့ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးလား ။

ဖြေ-မှန်ပါတယ်။ ဧပြီ ၉ ရက်နေ့မှာ ဒုချုပ်စိုးဝင်း ရတခ ထဲမှာ ရှိနေတယ်လို့ သတင်းရတယ်။ အဲ့အတွက် ပထမနေ့မှာကတည်းက ကျနော်တို့ တိုက်ခိုက်မှုလုပ်ခဲ့တယ်။ ဒါပေမယ့် အားချင်းဆောင်ရွက်ရလို့ ထိရောက်မှု နည်းခဲ့ပေမယ့် ရတခထဲက အရာရှိတွေ ခြောက်ခြားခဲ့ရတာကတော့ အမြတ်ထွက်တယ်။ သူတို့ဟာ ပေါ့ပေါ့ တန်တန်ပဲ စဉ်းစားခဲ့ပုံရတယ်။ အထင်သေးတာလည်းပါမယ်။ ကျနော်တို့က ညတွင်းချင်း စိုးဝင်းပြန်သွားလိမ့် မယ်လို့ ထင်ထားပေမယ့် သူမပြန်သေးဘူး။ နောက်နေ့ အစည်းအဝေးထပ်လုပ်နေတယ်ဆိုတာကို သိရလို့ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။

၄။ ဆူဆိုက်ဒရုန်း ဘယ်နှစ်စင်းသုံးပြီးတိုက်ခိုက်ခဲ့ပါလဲ။

ဖြေ။ ပထမနေ့က (၂) စင်းထဲနဲ့ အမြည်းကျွေးခဲ့တာပါ။ နောက် ဒုတိယနေ့မှာတော့ (၅)စင်းပါ။ သူတို့ အစည်းအဝေးလုပ်နေတဲ့ ခန်းမကို (၃) စင်း၊ ဟတ်စကီးရပ်ထားတဲ့နေရာကို (၂)စင်းပါ။

​မေး-ဒုချုပ် ရှိနေတဲ့နေရာကို အတိအကျ စစ်ဆင်ရေးလုပ်နိုင်တာဟာ စစ်ကောင်စီဘက်က သတင်းပေးရှိလို့ ဆိုပြီး ပြောဆိုသုံးသပ်မှုတွေလည်းတွေ့ရပါတယ် ။ဒါနဲ့ ပတ်သပ်ပြီး ဘာမှတ်ချက်ပေးလို့ပါလဲ။

ဖြေ-ဒီတော်လှန်ရေးက ပြည်သူ့တော်လှန်ရေးပါ။ ပြည်သူအားလုံးဟာ အကြမ်းဖက်စစ်တပ်နဲ့ စစ်ကောင်စီ ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အမြစ်ပြတ်ချေမှုန်းချင်နေကြတာပါ။ ဒီလိုပါပဲ သူတို့ စစ်ကောင်စီတပ်ထဲမှာလည်း စစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကို မနှစ်သက်ကြတဲ့ ပြည်သူထဲကပြည်သူတွေရှိပါတယ်။ ဒီတာဝန်သိပြည်သူ တွေရဲ့အားဟာ သိပ်ကိုအရေးပါလှပါတယ်။ ဒီလောက်ဆို ကျနော်ပြောတာ လုံလောက်မယ်ထင်ပါတယ်။

​မေး-စစ်ကောင်စီ ဒုချုပ်ထိတယ်၊ သေတယ်လို့တောင်သတင်းတွေထွက်ခဲ့တယ်။ ဒုချုပ်စိုးဝင်းနဲ့ ပတ်သက် ပြီး နောက်ဆုံးဘာထပ်သိရသေးလဲ ။ အသုံးပြုခဲ့တဲ့ယမ်းပြင်းအားက စိုးဝင်းကိုထိခဲ့ရင် ပြင်းထန်နိုင်လား။

ဖြေ-ကျနော်အပေါ်မှာပြောခဲ့ပြီးသလိုပါပဲ။ စိုးဝင်းသေတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒဏ်ရာရတယ်။ နေပြည်တော်ကိုအရင်ပို့ပြီးကုတယ်။ အဲ့ဒီကနေ ကန်သာယာဆေးရုံကိုပြောင်းကုတယ်။ အခု နေပြည်တော်ကို ပြန်ရောက်နေပြီလို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီဒုတိယခေါင်း

ဆောင်တစ်ယောက်ကို ထိခိုက် ဒဏ်ရာရအောင် လုပ်ပြနိုင်ခဲ့တာကိုက ကျနော်တို့ရှာထူးဝေါ်အဖွဲ့ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ယမ်းပြင်းအား ကြောင့်ပဲ အခုလောက်ထိ အရာရှိအကြီးပိုင်းတွေ သေဆုံးထိခိုက်ဖြစ်ကြတာပါ။

​မေး-ဧပြီ ၄ ရက်မှာ ရှာထူးဝေါ်နည်းပညာသုံး ဆူဆိုက်ဒရုန်းတွေက နေပြည်တော်က စစ်ထောက်ချုပ်ရုံး၊အေလာလေတပ်၊အာဏာသိမ်းခေါင်းဆောင်အိမ်တွေကို တိုက်ခိုက်ခဲ့တယ်။ ၉ ရက်မှာကျ ဒု-ချုပ်တက်တဲ့ အစည်းအဝေးကိုတိုက်ခိုက်ခဲ့တယ်။ ဒီလိုတွေစစ်ဆင်ရေးလုပ်နိုင်အောင် နည်းပညာအဆင့်မြင့်လာအောင် ဘယ်လိုကြိုးစားခဲ့ကြလဲ။အခုလို စစ်ဆင်ရေးကြီးတွေ ရှေ့မှာ ပြည်သူတွေထပ်မြင်တွေ့ရဦးမလား။

ဖြေ။ နည်းပညာပိုင်းကတော့ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးပမ်းနေကြတာပါပဲ။ မူလ အစောပိုင်းကာလတွေတုန်းကဆိုရင် ကျနော်တို့ fixed wing အပေါ် အများစုက အထင်သေးခဲ့ကြတာတွေ ရှိပါတယ်။ ဖြစ်ပါ့မလား၊ ဟုတ်ပါ့မလား။ ဒီလောက်လေးနဲ့ တိုက်ခိုက်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေရှိခဲ့ပါ တယ်။ သူတို့ထင်လည်းထင်ချင်စရာပါပဲ။ ဒါပေမယ့် ကျနော်တို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ဟာ fixed wing drone တွေနဲ့ မုံရွာ နမခ၊ မန္တလေးနန်းတွင်း၊ မော်လမြိုင်ရတခ စတဲ့နေရာတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှု တွေလုပ်ခဲ့ပါတယ်။ လူတွေအဲ့လောက် သတိမထားမိကြဘူး။ မစ်ရှင်ဆောင်ရွက်တဲ့နေရာမှာလည်း တခါ တလေ အစီးရေများများမသုံးနိုင်တဲ့အတွက် ထိရောက်မှုအားနည်းခဲ့တာတွေကြောင့်လည်းပါပါတယ်။ နေပြည်တော်ကို ဆောင်ရွက်တဲ့အခါမှာတော့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ နည်းပညာအင်အားနဲ့ ကာကွယ် ရေးဝန်ကြီးဌာနရဲ့ လိုအပ်တဲ့ပစ္စည်း/ စရိတ်ထောက်ပံ့မှုနဲ့ တကယ့်ကို အကြီးစားတိုက်ခိုက်မှုအတွက် ပြင်ဆင်ခဲ့ကြတာပါ။ အစင်းရေ ၃၀ လောက် တပြိုင်နက်သုံးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ စစ်တပ်အနေနဲ့လည်း ရှော့ရသွားပုံပါပဲ။ ဒီလောက်လေးတွေနဲ့ လုပ်နိုင်တာကို သူတို့လည်း မယုံနိုင်သလိုဖြစ်နေပါသေးတယ်။ အခုတခါ ရတခမှာ စိုးဝင်းကိုပါ လုပ်ပြလိုက်တော့မှ အားလုံးက ကာမီ ကာဇေဒရုန်းရဲ့အစွမ်းကို အံ့အားသင့်ခဲ့ကြပြီး ပြောဆိုအားပေးမှုတွေရှိလာခဲ့တာပါ။ ကျနော်တို့ဟာ ဒီ fixed wing drone တွေနဲ့ပတ်သက်ပြီး တော်လှန်ရေးစကတည်းက တဆင့်ပြီးတဆင့် ကြိုးစားခဲ့ကြတာ (၃)နှစ်နီးပါး အတွေ့အကြုံကောင်းတွေများစွာရထားပါတယ်။ ဆောင်ရွက်မယ့်မစ်ရှင်အလိုက် သွားလိုတဲ့အကွာအဝေး၊ သယ်ဆောင်လိုတဲ့အလေးချိန်၊ တိုက်ခိုက်မှုပုံစံတွေကို ကျွမ်းကျင်ပညာရှင်တွေတိုင်ပင်ပြီး စုပေါင်းအင်အားနဲ့ ကိုယ်တိုင်ဒီဇိုင်းဆွဲထုတ်လုပ်ပြီး ဖန်တီးပုံဖော်နေကြတာဖြစ်ပါတယ်။ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှာ တကယ့် ကို ကျွမ်းကျင်ပညာရှင်တွေလည်း များစွာရှိထားပါတယ်။ နောက်ထပ် အဆင့်မြင့်နည်းပညာတွေကိုလည်း တွေ့ကြရအုံးမှာဖြစ်ပါတယ်။ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးနယ်မြေအားလုံးမှာ တပ်ခွဲ တွေ ရှိထားသလို စစ်ဆင်ရေးတွေကိုလည်း ဆက်လက်ဖော်ဆောင်နေအုံးမှာဖြစ်ပါတယ်။ အကြီးစား အထူး မစ်ရှင်ကြီးတွေကိုလည်း ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။

​မေး-စစ်ဆင်ရေးတွေပိုအောင်မြင်ဖို့ပြည်သူတွေဘာကူညီပေးလို့ရလဲ ။

​ဖြေ-ပြည်သူတွေဘာကူညီပေးရမလဲဆိုရင် တော်လှန်ရေးကိုမမေ့ဘဲ ငါတို့ဟာ အကြမ်းဖက်သမားတွေရဲ့ မတရားအနိုင်ကျင့် အာဏာသိမ်းထားခြင်းခံနေရပါလားဆိုတဲ့အသိ အမြဲရှိနေပေးဖို့အရေးကြီးပါတယ်။ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကလည်း ပြည်သူထဲကပြည်သူတွေပါပဲ။ ဒီရဲဘော်တွေက တိုင်းပြည်အတွက် တိုက်ပွဲဝင်ပေးနေချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်တဲ့ဝန်ကိုထမ်းပေးကြဖို့ပါ။ အပေါ်မှာပြောခဲ့သလို စစ်ကောင်စီထဲမှာတောင် သူတို့ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကိုမကြိုက်တဲ့သူတွေ ဒုနဲ့ဒေးရှိနေတာ၊ ကျနော်ဆိုလိုတာ ပုန်ကန်ထကြွစရာမလိုပါဘူး။ ပြောက်ကျားနည်းစနစ်တွေ များစွာရှိပါ တယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာသိရင် လုံလောက်ပါတယ်။ ဒီစစ်အာဏာရှင်သက်ဆိုးရှည် နေသမျှကာလပတ်လုံး ပြည်သူတွေဟာ ဒုက္ခဆင်းရဲအပေါင်းနဲ့နေ့စဉ်ကြုံတွေ့နေရအုံးမှာပါ။ ဒါကြောင့် တစ်သံတည်းညီ တစ်ချီတည်းရုန်းလိုက်ကြဖို့တိုက်တွန်းပါတယ်။ ပြည်သူအားလုံးပါဝင်တဲ့ အရေးတော်ပုံကြီး ကို စစ်အာဏာရှင်တွေ ဘယ်လိုနည်းနဲ့မှ မတားဆီးနိုင်လောက်တော့ပါဘူး။

​မေး-ပြည်သူတွေကိုဘာပြောချင်လဲ ။

ဖြေ-ကျနော်တို့ပြည်သူတွေရဲ့အောင်ပွဲဟာ လက်တစ်ကမ်းကိုရောက်နေပါပြီ။ ပြည်သူတွေ ညီညွတ်ပေး ကြဘို့ မိမိတို့တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြပါလို့ပဲ ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။