မိုးနှောင်းကာလကို ချဥ်းကပ်ဝင်ရောက်လာချိန်မှာပဲ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အကြောင်း ဒီတစ်ပါတ်မှာပြောပြချင်ပါတယ်။
သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ကချင်ပြည်နယ် ၊ ကချင်နဲ့ စစ်ကိုင်းအစပ် ၊ချင်းပြည်နယ် ၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ တစ်ချိန်တည်းမှာ ကရင်နီပြည်နယ် ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာလည်း တိုက်ပွဲကြီးတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲကြီးတွေဖြစ်ပွားတဲ့ နေရာတွေများလွန်းနေတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းကတိုက်ပွဲတွေအကြောင်းရွေးထုတ်တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဘဏ္ဍာရေး စစ်မျက်နှာမှာ နိုင်ငံတကာရဲ့ အရေးယူဒဏ်ခပ်မှုတွေကြောင့် ဒေါ်လာငွေလိုအပ်ချက်ကြီးမားလာပြီး အကြပ်တွေ့နေတဲ့ စစ်ကောင်စီအတွက် ဒီတစ်ပါတ်မှာ စစ်ရေးမှာလည်း ကြီးမားတဲ့အခက်အခဲတွေကြုံနေပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့PDF တွေက ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်တာ၊ တပ်စခန်း၊ ရဲစခန်းတွေကို သွားရောက် တိုက်ခိုက်တာမျိုး လုပ်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF)နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းပြီးထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်နေရာ အများအပြားကို တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကလည်း မူဆယ်မြို့ပေါ်၊ မြို့အဝင်နဲ့ ကွတ်ခိုင်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေ၊ ဂိတ်တွေကို တန်ပြန်ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းမှာ ဆင်နွှဲခဲ့တာတွေ့ရပါတယ်။
ဩဂုတ် ၂၈ရက် မှာ တရုတ်နယ်စပ်နဲ့ ၁မိုင်ခန့်သာဝေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ခိုမုန်းရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်း(၅)ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် TNLAနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့နယ် ၊ခိုမုန်းရွာအနီးဝန်းကျင်တွေဟာ TNLA တပ်မဟာ(၁) စစ်ဒေသ စိုးမိုးလှုပ်ရှားနေတဲ့ ဒေသဖြစ်ပါတယ် ။
နံနက် ၈ နာရီကနေ ညနေ ၅ နာရီခွဲအထိတစ်နေကုန် တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ တရုတ်နယ်စပ် နဲ့ ၁မိုင်ခန့်သာ ကွာဝေးတဲ့ ခိုမုန်းကျေးရွာအနီးဖြစ်ပြီးတော့ စစ်ကောင်စီတပ် တပ်မ(၉၉)လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇)စစ်ကြောင်းတွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်တဲ့ ရှောင်ဟော်၊ လုံထန်၊ မြို့မ (၁. ၊ ၂ ၊၃)အဖွဲ့တို့ဖြစ်တယ်လို့ TNLA က အသိပေးပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ နမ့်ဖက်ကာမှာရှိတဲ့ (၁၂၃)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားရာသကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ ဒါ့ပပြင် စစ်ကောင်စီရဲ့ အမှတ် (၄၂၀)၊ (၄၁၇)တပ်တွေကလည်း လွယ်ကျယ် မှ နေ၍ TNLA တပ်စွဲထားမယ်ထင်တဲ့ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်ကို လက်နက်ကြီးတွေနဲ့ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်တွင်လည်း ဆက်လက်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က လေကြောင်းပါအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ သြဂုတ် ၃၀ ရက်ညမှာ စစ်တပ်ကလေကြောင်းကနေ စယ်လန့်စေတီတောင်ကို ဗုံး ၈လုံး ကြဲခဲ့ပါသေးတယ် ။
မြန်မာ-တရုတ်နယ်စပ် အနီးမှာပါ စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်တာဟာ တရုတ်နိုင်ငံဘက်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်ခွင့်ပြုလို့ စစ်ကောင်စီတပ်က တိုက်ခိုက်ရဲတာဖြစ်နိုင်တယ်လို့ ဒေသခံ အချို့ကပြောပါတယ်။
သြဂုတ် ၂၉ ရက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ က TNLA ရှိရာ လွယ်တယ်မိန်းတောင်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး နားထန်အနီးမှာတစ်ကြိမ်၊ စယ်လန်းရွာအနီးမှ တစ်ကြိမ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ် ။ဒါအပြင် TNLA တပ်ရှိရာ ကွတ်ခိုင်မြို့နယ်လွယ်နောဖောင်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် ခိုမငန်းရွာအနီး တိုက်ပွဲ ထပ်ဖြစ်ခဲ့ပါသေးတယ်။
TNLA ကလည်းတန်ပြန်ထိုးစစ်အဖြစ် မူဆယ်မြို့တွင်း ၊စယ်လန့်ရှိ စစ်ကောင်စီတပ်စခန်း နဲ့ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမှာရှိတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့တယ်လို့သိရပါတယ်။
ထူးခြားတာတစ်ခုက သြဂုတ် ၃၁ ရက် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်မှာ စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အိန်လွန်းတောင်ကို ဗုံးကြဲတာမှာ မြေပြင်က စစ်တပ်အပေါ်မှားကြဲမိလို့ သေဆုံးဒဏ်ရာရသူများတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဒေသခံစစ်ရေးလေ့လာသူတစ်ဦးက “TNLA ကို သွားကြဲတာ သူတို့မြေပုံညွှန်းမှားသွားတာနဲ့တူတယ်။ အချင်းချင်းမှားကြဲမိတာ”လို့ပြောပါတယ်။
တိုက်ပွဲတွေနဲ့ စစ်တပ်က လက်နက်ကြီးတွေ ၊လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် မူဆယ်မြို့နယ်ရှိ စယ်လန့်၊နန်ကတ်၊မိုင်ဆတ်၊ မန်ကန်နဲ့ ခိုမုန်းရွာတို့မှာ ရှိတဲ့ ဒေသခံပြည်သူ တစ်ထောင်ကျော်ဟာမူဆယ်မြို့ပေါ်နဲ့ နမ့်ခမ်းမြို့နယ်တွေဘက်ကိုထွက်ပြေးတိမ်းရှောင်ကြရပါတယ် ။
တရုတ်အစီအစဥ်နဲ့ ပြုလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့တို့အစည်းအဝေးပျက်ပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ TNLA တို့ကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်လာတာပါ။ စစ်တပ်က TNLA ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်လာသလို TNLAကလည်း မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်ဒေသတွေမှာ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့၊ တပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေလည်းပြုလုပ်လာပါတယ်။
TNLA ဘက်ကအခုအချိန်ထိ ခုခံကာကွယ်စစ် အနေနဲ့ တိုက်ခိုက်တယ်လို့ ပြောကြားနေပေမယ့် စစ်ကောင်စီတပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်မှုတွေ ခပ်စိပ်စိပ်လုပ်လာတာပါ။ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲမဖြစ်တဲ့လ မရှိခဲ့ဘဲ ဇူလိုင်လက စပြီးတိုက်ပွဲ တွေပိုများလာတယ်လို့ TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကပြောကြားထားပါတယ်။ ဇူလိုင် ၂၃ ရက်နောက်ပိုင်းမှာ မူဆယ်၊ကွတ်ခိုင် ၊လာရှိုး စတဲ့ဒေသတွေမှာ တိုက်ပွဲအကြိမ်ပေါင်း ၃၀ ကျော်အထိ့ဖြစ်ပွားလာတယ်လို့သိရပါတယ်။
အဲဒီနယ်မြေတကြောဟာ KIA တပ်ရင်း(၉) လှုပ်ရှားရာ နယ်မြေတွေလည်းဖြစ်ပြီးတော့ KIAနဲ့ စစ်ကောင်စီတပ်တို့ကြားမှာလည်း သြဂုတ်လကုန်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ် ၂၉ရက်မှာ စစ်ကောင်စီတပ်မ ၉၉ နဲ့ ပြည်သူ့စစ် အင်အား ၁၀၀ လောက်ပါတဲ့စစ်ကြောင်းကို KIAက မန်လွယ်တောင်ခြေမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့ပါတယ်။ KIA ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းသာမကကချင်ပြည်နယ် နမ့်ဆန်ယန်ဒေနဲ့ ဆက်စပ်ဒေသတွေ ၊ စစ်ကိုင်းနဲ့ အစပ်ဖြစ်တဲ့ရွှေကူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ မဘိမ်း စတဲ့ဒေသတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူပေါင်းတပ်တွေကို KIA၊ PDF တို့က ပိုမို တိုက်ခိုက်လာတာကို တွေ့ရပါတယ်။
KIA ဌာနချုပ်နယ်မြေ လိုင်ဇာအနီးက နမ့်ဆန်ယန်ဒေသကို တပ်အင်အားအများအပြားနဲ့ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ပေမယ့် စစ်ကောင်စီတပ်တွေ ရှေ့မတိုးနိုင်ဘဲ KIA ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်း ပစ်ကူအကြိမ်ကြိမ် အသုံးပြုနေရပါတယ်။ ဩဂုတ် ၃၁ရက်နေ့ တစ်နေ့တည်းမှာ နမ့်ဆန်ယန်နဲ့အနီးဆက်စပ်ဒေသတွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။
ဩဂုတ် ၃၀ရက်မှာ နန့်ဆန်ယန်ဒေသနဲ့ လိုင်ဇာအနီး ၊ ဗန်မော်-မြစ်ကြီးနား လမ်းတွေမှာ သြဂုတ် ၃၀ ၊ ၃၁ ရက်တွေမှာ တစ်နေကုန်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပါတယ်။မြေပြင်တိုက်ပွဲတွေမှာ သေဆုံးထိခိုက်မှုများတာကြောင့် လေကြောင်းပစ်ကူ ပိုလုပ်လာတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒါအပြင် ရွှေကူ၊ ဖားကန့်ဒေသနဲ့ စစ်ကိုင်းတိုင်းက ဒေသအချို့မှာ KIAနဲ့PDF တွေ ပူးပေါင်းတိုက်ပွဲဝင်နေတာမှာလည်း စစ်ကောင်စီအထိနာလျက်ရှိပါတယ်။
အဲဒီလို အထိနာနေသလို တစ်ဖက်မှာလည်း KIA ရှိရာ ရှေ့တန်းစစ်မြေပြင်မှာ တပ်ရင်းမှူး အဆင့်ရှိသူတွေကတောင်တိုက်ပွဲဝင်ဖို့ ငြင်းဆန်တာတွေကြောင့် စစ်ကောင်စီက အချင်းချင်း အရေးယူတာတွေလုပ်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နမ့်ဆန်ယန်ထိုးစစ်မှာတပ်မ(၈၈)လက်အောက်ခံ ခလရ(၁၂)၊ ခလရ(၁၃) နဲ့ ခမရ(၄၁၁)မှ တပ်ရင်းမှူး သုံးဦး အာဏာဖီဆန်လို့ အဖမ်းခံထားရသလို ခလရ(၃၇)နဲ့ ခမရ(၃၈၇) က တပ်ရင်းမှူးတွေကလည်း စစ်တိုက်ဖို့ ငြင်းနေတာကြောင့် အဖမ်းခံကြရတယ်လို့ ဆိုပါတယ်။
“ကျနော်ထင်တာ ဘာပဲဖြစ်ဖြစ် ရှေ့တန်းထွက်ရင်တော့ သေမှာပဲ။ သေရင်တော့ မိသားစုနဲ့ တွေ့ရမှာ မဟုတ်ဘူး။ အာဏာဖီဆန်မှုနဲ့ သူ့ကို ထောင်ချရုံက လွဲလို့ အခြားမရှိဘူး ။ ၅နှစ်လောက်ထောင်ချမယ်လေ။ ထောင်ချလို့ ပြန်လာရင် မိသားစုနဲ့တွေ့ရမယ်ပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ အတွေးက အဲဒီလိုတွေးပြီးဖြစ်တယ်ထင်တယ်”ဟု ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောပြပါတယ်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူက ကချင်သတင်းဌာန KNG သို့ဖြေကြားရာမှာ နမ့်ဆန်ယန် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၈၀ ဦးကျော် သေ
ဆုံးခဲ့သလို ဖားကန့် ဆယ်ဇင်းဒေသ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က အချင်းချင်း မှားယွင်းပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃၀ ကျော်သေဆုံးခဲ့တယ်လို့အတည်ပြုပြောကြားထားပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အသိပေးထားပြီး KIA အနေနဲ့ အစွမ်းကုန်တိုက်ခိုက်ပြီး ပြည်သူနဲ့ တစ်သားတည်း စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာလည်းသြဂုတ်လကုန်ပိုင်းမှာ စစ်ကောင်စီ တပ်စွဲရာနေရာတွေကို ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိခိုက်ကျဆုံး များပြားခဲ့ပါတယ်။ ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-ထန်တလန်၊ CDF-ဟားခါး၊ CDF ဇိုဖေ တို့ ပူးပေါင်းပြီး သီလိမ်အမည်ရှိ စစ်ဆင်ရေးတစ်ရပ်ကို ထန်တလန်မြို့တွင်းမှာ ဆင်နွှဲခဲ့ပါတယ်။
ထန်တလန်မြို့တွင်းရှိတပ်ကုန်းနဲ့ အနီးဝန်းကျင်မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီစခန်း ၅ ခု ၊ ထန်တလန်မြို့တွင်းရှိ စခန်းငယ် ၂ခု၊ ဟားခါး-ထန်တလန်ကြားရှိ အော်တိုတာဝါတောင်နေရာတွေကို ဩဂုတ် ၂၇ရက်နဲ့ ၂၈ရက်တို့မှာ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများတာကြောင့် လက်နက်ကြီး၊ လေကြောင်း ပစ်ကူတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလိုချင်းပူးပေါင်းတပ်ဖွဲ့က ၁၅ဦး ကျဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ချင်းပူးပေါင်းတပ်ကကျဆုံးခဲ့တဲ့ရဲဘော်တွေဟာ CDF-ထန်တလန်မှ ၄ဦး ၊ CNA မှ ၅ဦး၊ CDF-ဇိုဖေမှ ၅ဦး နဲ့ CDF – ဟားခါးမှ ၁ဦးတို့ဖြစ်ပါတယ်။စစ်တပ်ကလက်နက်ကြီး နဲ့ လေကြောင်းပစ်ကူပေးခဲ့တာကြောင့်ထိခိုက်ကျဆုံးမှုများခဲ့ရတာလို့သိ့ရပါတယ်။
စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေထဲမှာ ဗိုလ်မှူးအဆင့် အပါအဝင် အရာရှိ အချို့ ပါဝင်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“တပ်ရင်းဌာနချုပ်တွေကို ဦးတည်တိုက်ခိုက်တာမို့လို့ ဆုံးရှုံးမှုတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က ထိုးစစ် အနေအထား ပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
စစ်တပ်ဆီကနေ လက်နက် ၅လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ CDF- ထန်တလန်ကလည်းပြောပါတယ်။
ချင်းပူးပေါင်းတပ် တွေက နဲ့ ဩဂုတ် ၁၂ရက်က ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၈) တပ်ရင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သလိုစစ်တပ်ရဲ့လက်နက်တိုက်ကို ချင်းပူးပေါင်းတပ်က ဝင်စီးပြီး ပွိုင့်ဖိုက် စက်သေနတ်၊ စက်သေနတ်ငယ်တစ်လက်၊ RPG ၂လက်၊ လက်နက်ကြီး ၃လက်၊ လက်နက်ငယ် ၄လက်နဲ့ ပွိုင့်ဖိုက်ကျည်တွေ အများအပြား သိမ်းယူနိုင်ခဲ့ပါတယ်။
အဲဒီလိုပဲ ဩဂုတ် ၁၄ရက်မှာလည်း ခလရ(၂၆၉) တပ်ရင်းဌာနချုပ် လုံခြုံရေးတပ်စခန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၆လက် သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
တစ်ချိန်တည်းမှာပဲ ကရင်ပြည်နယ် ၊ပဲခူးတိုင်း၊ကရင်နီပြည်နယ်တွေမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေသလို ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊တနသာ်ရီတိုင်းစတဲ့ဒေသတွေမှာလည်း တော်လှန်ရေးတပ်တွေက ပြောက်ကျားစစ်ပွဲတွဆင်နွှဲနေကြပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ခံစစ်ရောက်သွားပြီလို့သုံးသပ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မကြုံဖူးအောင် နိုင်ငံတစ်ဝန်းများပြားပြင်းထန်လွန်းတဲ့ ခုံခံတော်လှန်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
