Connect with us

Hi, what are you looking for?

LuduNwayOo

ရန်ကုန်မှပေးစာများ (၄)

အာဏာရှင်စနစ်နဲ့ကပ်ရောဂါ

တို့တိုင်းပြည်မှာအသက်ဟာဈေးအချိုဆုံးပါပဲညီမလေးရယ်။ ကြိုက်တဲ့အချိန်မှာကြိုက်တဲ့ရောဂါနဲ့သေသွားခွင့်ရှိတယ်။ အချိန်မရွေးကျည်ဆံတစ်တောင့်ဟာ ကိုယ်အိမ်ထဲကိုဖေါက်ထွင်းလာနိုင်တယ်။

ရန်ကုန်မှပေးစာများ (၄)
အာဏာသိမ်းစစ်​ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖြင်းမှု​​တွေကြောင့် ၂၀၂၁ခုနှစ်လယ်ပိုင်းမှာ ပြည်သူ​သောင်းချီ​သေဆုံးခဲ့တဲ့ Covid-19 တတိယလှိူင်းမှာ လူနာ​တွေအတွက်အောက်စီဂျင်ပြတ်လပ်မှု​ ကြောင့်​အောက်စီဂျင်စက်ရုံ​ရှေ့မှာတန်းစီ​နေသူ​​တွေ။(ဓါတ်ပုံ-The Guardian)

ညီမလေးရေ…

အကို့ဆီကစာလာရင်ညီမလေးစိတ်ညစ်လောက်ပြီ။ သတင်းကောင်းမှပါလေ့မရှိတာကိုး။
ဒီစာကလည်းညီမလေးကိုပျှော်ရွှင်စရာတွေပြောစရာတော့မပါပါဘူး ညီမလေးရယ်။ ဒါပေမယ့် စက်တင်ဘာရဲ့ ရန်ကုန်အခြေအနေတချို့ကိုတော့အကိုပြောပြနိုင်ပါတယ်။

ညီမလေးရောက်နေတဲ့နိုင်ငံမှာ ကိုဗစ်-၁၉ အခြေအနေဘယ်လိုရှိနေတယ်ဆိုတာ ညီမလေးသိကောင်း သိလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ ဒီကပ်ရောဂါတွေရဲ့သတင်းအချက်အလက်တွေက နိုင်ငံရေး မကြေနပ်ချက်တွေရဲ့အောက်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ။

ဒို့နိုင်ငံမှာ ‘ဘယ်သူမှဘာကိုမှမသိတော့ဘူးညီမလေး’။ ‘ဗိုလ်၊ကျား၊သေနတ်၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ’။

Public Service Announcement

Public Service Announcement

တစ်နိုင်ငံလုံးမှာဈေးအချိုဆုံးကဘာလဲသိလားညီမလေး။

‘အသက်’ပဲညီမလေး။ ‘

တို့တိုင်းပြည်မှာအသက်ဟာဈေးအချိုဆုံးပါပဲညီမလေးရယ်။ ကြိုက်တဲ့အချိန်မှာကြိုက်တဲ့ရောဂါနဲ့သေသွားခွင့်ရှိတယ်။ အချိန်မရွေးကျည်ဆံတစ်တောင့်ဟာ ကိုယ်အိမ်ထဲကိုဖေါက်ထွင်းလာနိုင်တယ်။ ဘာမှန်းမသိတဲ့ရောဂါနဲ့ အချိန်မရွေးဘဝကိုဆုံးရှုံးရနိုင်တယ်။ ဒီနိုင်ငံမှာ သေခွင့်ဟာနိုင်ငံသားဖြစ်ခွင့်တဲ့ အဆပေါင်းများစွာ လွယ်ကူတာညီမလေးသိပြီးသားပါ။ ဒါကို’ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်’လို့ ခေါ်ဝေါ်ကြတယ်မဟုတ်လား။

နိုင်ငံတော်သီချင်းကို’ကမ္ဘာမကျေ’လို့စဆိုတဲ့ နိုင်ငံဟာအများကြီးတော့မရှိနိုင်ဘူးညီမလေးရေ။ နိုင်ငံတော်သီချင်းစဆိုကတည်းက ‘ကမ္ဘာမကျေ’လို့ မကျေနပ်ချက်နဲ့စဆိုတာ နိုင်ငံသိပ်မများလောက်ဘူး။

ဒီအထဲမှာတို့နိုင်ငံကတော့အသေအချာပါတယ်ပေါ့။

တကယ်တမ်းတော့ကမ္ဘာကကြေမသွားပါဘူး ဒီအယူအဆကြောင့်မြန်မာပဲကြေသွားတာပါ။
အကို့အတွက်တော့ဘဝရဲ့အတွေ့အကြုံတွေထဲမှာ ကမ္ဘာ့ကပ်ရောဂါတစ်ခုကိုအာဏာရှင်စနစ်အောက်မှာ ဖြတ်သန်းရတာဟာ အတော်ခါးသီးခက်ခဲတဲ့အတွေ့အကြုံပဲ။ကူကယ်ရာမဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ရက်စက်ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေနဲ့ ပြိုလဲသွားပြီဖြစ်တဲ့စီးပွားရေးစနစ်အောက်မှာ ပြည်သူတွေရဲ့ ဘဝတွေဟာ ကျေမွသွားခဲ့ပါပြီ။

ပါတ်ဝန်းကျင်မှာချောင်းဆိုးသံတွေပြန်ကြားနေရပြီညီမလေး။ လည်ချောင်းနာနေသူတွေကို လည်းပြန်တွေ့နေရပြီ။ နေမကောင်းတဲ့သူတွေကိုလည်းပြန်မြင်နေရပြီ။ မိသားစုတော်တော်များများမှာ ‘နေမကောင်းဘူး’ဆိုတဲ့အသံဟာ ဘုံတူညီမှုဖြစ်လာပြီ။ ကျန်းမာရေးဝန်ကြီးဌာနက ကိန်းဂဏန်းလား။ သူတို့ဘာမှမသိပါဘူးညီမလေးရယ်။ သိရင်လည်းထုတ်ပြောမှာမဟုတ်ပါဘူး။ ၂၀၂၁ ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းကတည်းက သူတို့တွေက ဇွန်ဘီတွေဖြစ်သွားကြပြီလေ။

လူတွေအားလုံးဟာကိုယ့်အိမ်ထဲမှာကိုယ်နေကြ၊ ကိုယ့်စားစရာကိုယ်ရှာစား၊ ကိုယ်ပြဿနာ ကိုယ်ရှင်းစနစ်နဲ့ပဲ သွားနေခဲ့ကြတာကြာပြီ။ တစ်နိုင်ငံလုံးဟာ အော်တိုပိုင်းလော့နဲ့သွားနေခဲ့တာ ကြာလှပေါ့။

ပဉ္စမလှိုင်းလို့တချို့ခေါ်ဝေါ်တဲ့ ကိုဗစ်-၁၉ တိုက်ခိုက်မှုကတော့ စပြီးအရှိန်ကောင်းနေပြီလို့ယူဆရတယ်။ ယူဆရတယ်ဆိုတာဘယ်သူမှအချက်အလက်တွေကိုသေသေချာချာမသိရလို့ပါ။ ပြည်သူတွေ ထပ်သေဆုံးကြရဦးမယ်။ ကြေကွဲစရာတွေကို တတိယလှိုင်းတုန်းကလို့ ကြုံဆုံကောင်း ကြုံဆုံကြရဦးမယ်။

ဒါပေမယ့်အာဏာရှင်ဟာ အာဏာရှင်ပါပဲညီမလေး။

သူ့အတွက်အရေးကြီးတယ်လို့သူယူဆတဲ့ စိတ်ရူးပေါက်မှုကိုပဲသူအရေးယူဆောင်ရွက်တာပါ။
အတိုက်အခံတွေကို လူမှုမီဒီယာမှာ ‘Like’လုပ်သူတွေကိုအရေးယူမတဲ့။

ဒါကြောင့်အစောကြီးကတည်းကညီမလေးကိုပြောခဲ့ဖူးတယ်။ မြန်မာနိုင်ငံမှာစိတ်ကျန်းမာရေးပညာရှင် အများအပြားလိုအပ်နေပါတယ်လို့။ လူမှုမီဒီယာမှာထောက်ခံခြင်းမထောက်ခံခြင်းဆိုတာ လူတစ်ဦးရဲ့အခြေခံအခွင့်အရေးမဟုတ်ဘူးလား။ ဒါကိုတားမြစ်ဖို့ကြိုးစားတာဟာစိတ် မကျန်းမာမှုတစ်ခုပဲ။ သူဆေးကုနိုင်ပါစေလို့ပဲဆုတောင်ပေးပါတယ်။

ရပ်ကွက်ထဲမှာရုပ်မကျန်းမာတဲ့ပြည်သူတွေက သူတို့ကြေညာတာတွေကိုလည်းဂရုမစိုက်နိုင်ပါဘူး။ အခုတက်လာတဲ့ ကိုဗစ်လှိုင်းကို ပရုတ်ဆီလေးလူးလိုက်၊ ပါရာစီတမောလေးကိုယ့်ဖာသာစားလိုက်၊ ဘိုင်အိုဂျက်ဆစ်လေးအွန်လိုက်နဲ့ ဖြတ်သန်းနေကြရှာတယ်။

ဆရာမောင်ဆေးနီမှုန့်နဲ့ ရှမ်းအစာဖျက်ဆေးကို စကစကျန်းမာရေးဌာနထက်ပို အားကိုးကြတဲ့ သူပိုများကြတယ်။

စိတ်မကျန်းမာတဲ့သူတွေအုပ်ချုပ်တဲ့တိုင်းပြည်မှာ ရုပ်ကျန်းမာအောင်ဘယ်လိုနေထိုင်ရမယ်ဆိုတာကို တစ်နေ့သုတေသနပြုချင်သူတွေရှိရင်မြန်မာနိုင်ငံဟာအကောင်းဆုံး နေရာပေါ့ညီမလေးရယ်။

ဒါပေမယ့်စိတ်မကျန်းမာကြတာအုပ်ချုပ်သူ အာဏာရှင်တွေသာမကပါဘူး။ ပြည်သူတွေဖြစ်တဲ့ အကိုတို့လည်း မကျန်းမာကြပါဘူး။ တတိယလှိုင်းမှာပြည်းသူတွေအတုန်းအရုန်းသေဆုံးခဲ့တာကိုတရားဝင်ဝမ်းနည်းကြောင်း၊တာဝန်ရှိ ကြောင်း မပြောခဲ့တဲ့ စကစကို အကိုတို့မကြေနပ်နိုင်ဘူး။ ကမ္ဘာ့ကပ်ရောဂါကိုကြုံတွေ့နေချိန်မှာ ဒါကို ဖြေရှင်းဖို့မကြိုးစားပဲ ပြည့်သူ့တော်လှန်ရေးကိုပဲဖိနှိပ်ဖို့အားထုတ်နေတာကိုမကြေနပ်နိုင်ဘူး။ ဒီစိတ်တွေနဲ့အကိုတို့လည်းမကျန်းမာကြပါဘူးညီမလေးရယ်။

တစ်ခုခုတော့ဖြစ်လာတော့မယ်လို့ထင်နေတယ်ညီမလေးရေ။

ကိုဗစ်ဟာ နောက်တစ်ချိန် အကဲစမ်းလာနေပြီ။ ပြည်တွင်းကမိတ်ဆွေမိသားစုတွေကိုသတိပေးကြပါဦး။

နောက်တစ်လှိုင်းကို တို့တွေထပ်ပြီးဖြတ်ကျော်ကြရအောင်လို့။

— အကို

ဆက်စပ်သတင်းများ