Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မြန်မာပြည်ထဲမှာ စစ်မှုထမ်းဥပဒေနဲ့အတူ ထားရစ်ခဲ့

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

မြန်မာပြည်ထဲမှာ စစ်မှုထမ်းဥပဒေနဲ့အတူ ထားရစ်ခဲ့
မြန်မာပြည်ထဲမှာ စစ်မှုထမ်းဥပဒေနဲ့အတူ ထားရစ်ခဲ့

နေခန့်/People’s Spring

ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲတွင် ပြည်ပထွက်ခွာကြမည့် လူငယ်များအား အသက်(၁၈)နှစ်အရွယ် မောင်ထွန်းတစ်ယောက် လူမှုကွန်ရက်စာမျက်နှာမှတဆင့် တွေ့မြင်လိုက်ရသည်။ ထိုမြင်ကွင်းများအားကြည့်ရင်း ကြည်နူးစွာအားကျခဲ့ရကြောင်း မောင်ထွန်းက ပြောသည်။

“အားကျတယ်။ ကျွန်တော်လည်း အဲလိုသွားချင်ခဲ့တာ။”ဟု မောင်ထွန်းကပြောသည်။

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နေသည့် မောင်ထွန်းမှာ ထိုသတင်းကြားပြီးကတည်းက မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ကြောင်း ၎င်းက. ပြောပြသည်။

မိခင်မရှိတော့သည့်မောင်ထွန်းတွင် အသက်(၃၇)နှစ်အရွယ် အရက်သမားဖခင်နှင့် အရွယ်မရောက်သေးသည့် ညီ၊ နှမစုစုပေါင်း(၃)ဦးရှိသည်။ မိသားစု(၅)ယောက်စာ ထမင်းအိုးအတွက် သူပဲကျုံရာကျပန်းလုပ်ကိုင်ကျွေးမွေးနေရသည်။ သူသာစစ်မှုထမ်းရမည်ဆိုလျှင် မိသားစုအတွက် ခက်ချေတော့မည်။

“ကျွန်တော်မရှိရင် မိသားစုတော်တော်လေး ဒုက္ခရောက်မှာ။”ဟု မောင်ထွန်းက ပြောသည်။

စစ်တပ်၏ စစ်မှုထမ်းဥပဒေအရ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေရသူများသည် ယာယီကင်းလွတ်ခွင့်ရမည်ဟုဆိုသည်။ သို့သော် မောင်ထွန်းဖခင်မှာလည်း အသက်ငယ်သေးသဖြင့် မိအိုဖအိုထဲ အကျုံးမဝင်။

နောက်ထပ်ယာယီကင်းလွတ်ခွင့်ရနိုင်သည့် နည်းလမ်းဖြစ်သော ပညာသင်ကြားနေသူဖြစ်ရန်မှာလည်း မူလတန်းပင်ပြီးဆုံးအောင်မတက်ခဲ့ရသည့် မောင်ထွန်းအတွက်အဆင်မပြေ။ အချို့လူငယ်များကမူ လက်တလောစစ်မှုထမ်းလွတ်ကင်းနိုင်ရန် တက္ကသိုလ်များ၌ ကျောင်းပြန်တက်ရန် စီစဥ်နေကြောင်း လူငယ်များက ပြောသည်။

“အဝေးသင်အပ်ထားလိုက်တယ်။ သွားတော့မတက်ဘူး။”ဟု အသက်(၂၀)အရွယ် လူငယ်တစ်ဦးက ပြောသည်။

မိသားစုအခြေအနေအရ လွတ်​မြောက်နယ်မြေနှင့် PDF ထဲသို့လည်း မောင်ထွန်းမသွားနိုင်ခဲ့ပေ။ ထို့ကြောင့် မောင်ထွန်းမှာ နည်းလမ်းမရှိတော့ပေ။

“ခေါ်ပြီဆိုရင်တော့ မတက်နိုင်တော့ဘူးလေ။ လိုက်ရတော့မှာပဲ။”ဟု မောင်ထွန်းက ပြောသည်။

လက်ရှိ မောင်ထွန်းတို့ရပ်ကွက်အပါအဝင် ရပ်ကွက်(၆)ခုပါ ရပ်ကွက်ကြီး၌ လူငယ်(၆)ဦး ရွေးချယ်ခံထားရသည်။ တစ်ရပ်ကွက်လျှင် အသက်ပြည့်မီသူ လူငယ် ၂၀ ထက်မနည်း ရှိရာ တစ်ဦးအား စစ်မှုထမ်းရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ “အရင်ကပြစ်မှုရှိတဲ့သူတွေကို ဦးစားပေးအရင်ရွေးသွားတာ။”ဟု မောင်ထွန်းက ပြောသည်။

ယခုအသုတ် မောင်ထွန်းတို့မပါသော်လည်း နောက်ထပ်လာမည့်အသုတ်တွေ၌ မပါနိုင်ဟု မည်သူမျှ အာမခံမပေးနိုင်။ ထို့ကြောင့် မောင်ထွန်းတို့တတွေ စိတ်ညစ်ညူးနေရသည်။ မောင်ထွန်း စစ်မှုမထမ်းချင်။ “ဒီအခြေအနေကြီးမှာ ဘယ်သူက စစ်မှုထမ်းချင်မလဲ။”ဟု မောင်ထွန်းက ပြောသည်။

အာဏာသိမ်းပြီးနောက် အစိုးရဝန်ကြီးဌာနရုံးမှ CDM လုပ်ထားသော မန္တလေးမြို့မှ အသက်(၂၈)နှစ်အရွယ် လူငယ်

တစ်ဦးကမူ စစ်မှုထမ်းကိစ္စ ရှောင်နိုင်ရန် လွတ်မြောက်နယ်မြေတနေရာ၌ အလုပ်သွားရောက်လုပ်ကိုင်ရန် စီစဥ်ထားကြောင်း People’s Spring သို့ ပြောသည်။

“သူတို့လက်အောက်မှာတော့ လုပ်စရာ ဘာအကြောင်းမှမရှိဘူး။”ဟု ၎င်းလူငယ်က ပြောသည်။

မတ် ၂၇ ရက်မှ ဧပြီ ၃ ရက်အထိ ပထမအကြိမ် စစ်မှုထမ်းရမည့် အမျိုးသားဦးရေ အယောက် ၅၀၀၀ အား ကျန်းမာရေး စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီက အသိပေးထားသည်။ သို့သော် စစ်မှုထမ်းလူဆွဲမှုကိစ္စမှာ ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။

ဧပြီ(၁၁)ရက်နေ့ကပင် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၌ ရပ်ကွက်အတွင်းလူငယ် ၁၅ ဦးအား စစ်ကောင်စီခန့်အုပ်ကြီးက ရွေးချယ်လိုက်ကြောင်း ထိုရပ်ကွက်အနီးနေထိုင်သူများက ပြောသည်။

စစ်ကောင်စီသည် သင်္ကြန်အပြီးမှ စစ်မှုထမ်းပထမဆုံးအသုတ်ခေါ်ယူမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင်မူ မတ်လကုန်ပိုင်းကတည်းကပင် စစ်သင်တန်းပထမအသုတ် စတင်ခဲ့သည်။

“သူငယ်ချင်းတစ်ယောက် ဆေးစစ်တာတင်ဆိုပြီး ခေါ်သွားတာ တခါတည်းသင်တန်းတက်နေရပြီ။”ဟု ပုသိမ်ကြီးမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

စစ်မှုထမ်းဥပဒေအပြင် သွားရင်းလာရင်း ဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းသည့် ဖြစ်စဥ်များလည်း ကြားနေရသဖြင့် လူငယ်များမှာ သွားသတိ၊ လာသတိဖြင့် နေထိုင်နေရသည်။ ဧည့်စာရင်းလည်းမကြာခဏ စစ်တတ်သဖြင့် ညအိပ်ညနေ အိမ်ပြင်ပနေထိုင်ခြင်းများ ခွင့်မပြုတော့ကြောင်း မိဘများက ပြောသည်။

“စစ်မှုထမ်းသတင်းကြားပြီးကတည်းက အိမ်က အငယ်ဆုံးသားအတွက် စိတ်ပူရလွန်းလို့ ထမင်းတောင်မစားနိုင်ဘူး။”ဟု မန္တလေး ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ အသက် (၇၀)ကျော် အရွယ် ဒေါ်စိန်(အမည်လွှဲ)က ပြောသည်။

မောင်ထွန်းတို့လို လူပျိုတင်မကဘဲ အိမ်ထောင်သည် အမျိုးသားများပါ စစ်မှုထမ်းရန် ရွေးချယ်ခံနေရ၍ ၎င်းတို့၏ ဇနီးမယားမှာလည်း သောကများဖြင့် ရှင်သန်နေရသည်။

မောင်ထွန်းတို့လို ဘယ်မှမထွက်သွားနိုင်ဘဲ ပြည်တွင်းမှာတင် ချောင်ပိတ်မိနေသည့် လူငယ်အများအပြား ရှိနေပါသည်။ နောက်ဆုံးတွင် စစ်တပ်ခေါ်ဆောင်ရာနောက်သို့သာ အထုပ်ကလေးပိုက်ကာ လိုက်သွားရမည့်အနေအထားလည်း ကြုံနေရသည်။

လက်ရှိ ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး Passport ရုံးများတွင်လည်း လူငယ်များကြိတ်ကြိတ်တိုးနေဆဲဖြစ်သည်။ ရန်ကုန် Passport ရုံး၌ အွန်လိုင်းစနစ်ဖြင့် passport ရုံးဝင်ခွင့် လျှောက်ထားမှုမှာ ယခုနှစ် အောက်တိုဘာလကုန်အထိပင် ရောက်ရှိနေပြီဖြစ်သည်။

Passport လျှောက်ရာတွင်လည်း ပိုမိုခက်ခဲအောင် စစ်ကောင်စီကလုပ်လာသည်။ လာမည့်ဧပြီ(၂၂)ရက်နေ့မှစတင်ကာ UID လက်မှတ်ပါမှသာ လုပ်ပေးတော့မည်ဟု passport ရုံးများက ကြေညာခဲ့ခြင်းဖြစ်သည်။

UID လက်မှတ်ရရှိရန်လည်း လဝကရုံးများ၌ အချိန်ကြာမြင့်စွာလုပ်ကိုင်နေရပြီး လုံခြုံရေးအရလည်း အန္တရာယ်ရှိနေသည်။ ပြီးခဲ့သည့် ဧပြီ(၅)ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရုံး၌ ဗုံးကွဲခဲ့ရာ လဝကရုံးသို့လာရောက်သည့် ပြည်သူ(၂)ဦးသေဆုံးပြီး စစ်ကောင်စီဝန်ထမ်း(၂)ဦးအပါအဝင်(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် UID လက်မှတ်ရရှိရေးအတွက်လည်း အခက်ကြုံနေရသည်။

“UID လက်မှတ်က ကိုယ်သန်းခေါင်စာရင်းပေါက်ရာ မြို့နယ်လဝကရုံးမှာ သွားလုပ်ရတာ။အချက်အလက်မှားရင် ပိုကြာတယ်။”ဟု သွားရောက်လုပ်ကိုင်ဖူးသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းရှိ လူငယ်များ၏ အကျပ်အတည်းများအား သိမြင်နားလည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)​ပြော​ရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ကျွန်တော်တို့နားလည်​ပါတယ်။ ခက်ခက်ခဲခဲလုပ်လို့မရတဲ့အပိုင်းမှာလည်း အများကြီးရှိပါတယ်။ ဒါပေမယ့်လွတ်နိုင်တဲ့နည်းလမ်းတွေရှိရင် ရှိသလို လုပ်သွားကြပါ။ နောက်ပြီးတော့ အာခံတဲ့နည်းလမ်းတွေဆိုတာလည်း ပြန်မပြောနားမထောင်ဆိုတာတွေကလည်း နည်းပေါင်းစုံနဲ့လုပ်လို့ရပါတယ်။နောက်ဆုံး ဘယ်လိုမှရှောင်လို့ရှားလို့ ပြေးလို့လည်းမရတော့ဘူးဆိုရင် ဘယ်နားရေးပြရမှန်းမသိ၊ ပြေးစရာလည်းပိုက်ဆံ တပြားမှလည်းမရှိ မသွားတတ်မလာတတ်သူတွေကျတော့လည်း နောက်ဆုံး အဲကွင်းထဲ ရောက်သွားတယ်ဆိုတာ နားလည်တယ်။”ဟု ပဒိုစောတောနီးက ပြောသည်။

လူငယ်များ စစ်ကောင်စီလက်အောက် စစ်မှုထမ်းရပြီဆိုသည်နှင့် ဘေးအန္တရာယ်အပေါင်းက ဆီးကြိုနေပါသည်။ ပြီးခဲ့သည့် ဧပြီ(၁၂)ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀)

စစ်အခြေခံသင်တန်းကျောင်းသို့သွားသော သင်တန်းသားများလိုက်ပါလာသည့် ယာဥ်တန်း တိုက်ခိုက်ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး (၁) ဦးနှင့် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

ဖမ်း​ဆီးရမိသည့် သင်တန်းသားများထဲတွင် ပျူရွာများမှ လူငယ်များလည်းပါဝင်သလို စစ်မှုမထမ်းမနေရကြောင့် လိုက်လာရသူများလည်း ပါဝင်ကြောင်း အရာတော်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ကျွန်တော်ပြောချင်တာတော့ စစ်အာဏာရှင်စနစ်အောက်မှာတော့ ကိုယ့်ဘဝကို စတေးမခံပါနဲ့။ ဘာပဲဖြစ်ဖြစ် ရှိတဲ့အင်အားနဲ့ ရှိတဲ့လူနဲ့ ရှိတဲ့ဟာနဲ့ပဲ ဘာပဲဖြစ်ဖြစ် နောက်ဆုံးထွက်သက်တစ်ချောင်း ကုန်သည့်တိုင်အောင်တော့ အဲဒီပရဝဏ်ထဲမှာရှိနေသည့်တိုင်အောင် ကိုယ်ကရုန်းထွက်ကြပါလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။”ဟု ပဒိုစောတောနီးက တိုက်တွန်းသည်။

ယခုနှစ် သင်္ကြန်တွင်း၌ မောင်ထွန်း ကြုံတွေ့နေရသည့် သောကတွေကို သင်္ကြန်ရေနှင့် ဆေးကြောခဲ့ပါသည်။ စစ်မှုထမ်းကိစ္စကို လေးရက်လောက် မောင်ထွန်း မေ့သွားခဲ့သည်။ ယခုတော့ သင်္ကြန်လည်းပြီးသွား၍ ခေါင်းထဲ စစ်မှုထမ်းကိစ္စပြန်ရောက်လာပြီး မောင်ထွန်း ပြန်လည်မှိုင်တွေနေတော့သည်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။