Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့ရင် နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် နွေဦးတော်လှန်ရေး နဲ့ တသားတည်းရှိမယ်ဆိုတာလည်းကျွန်တော်တို့ယုံကြည်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

▪︎​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း
▪︎​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း

▪︎​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိို ချုပ်နှောင်ထားဆဲအကျဥ်းထောင်များမှ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ထားလိိုက်ပြီိဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိိသူ ဇော်မင်းထွန်းက ယခုသီတင်းပတ်တွင် ထုတ်ပြောလာသည်။ သို့သော် နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကို မည်သည့်အချိန်က ပြောင်းရွှေ့ထားသည်နှင့် လက်ရှိတွင် မည်သည့်နေရာ၌ ထားရှိသည်၊ ခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေ စသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ နိိုင်ငံတဝန်းဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်များ အရှုံးများနှင့် ရင်ဆိုင်နေရသည်သာမက အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့ကိုယ်တိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိိုက်ခိုက်မှုများနှင့် လက်တွေ့ကြုံလိုက်ပြီးနောက်တွင် လူထုခေါင်း ဆောင်နှစ်ဦးကိို ဖြေလျှော့မှုပေးထားကြောင်း လေသံကို စစ်ကောင်စီက စတင်ထုတ်လွှင့်လိုက်သည်။ ယင်းအခြေအနေများနှင့် ဆက်စပ်၍ အမျိုးသားညီညွတ်ရေးအစိုးရ​ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

လီလီယန်/People’s Spring

မေး – စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ပြောင်းရွှေ့လိုက်ပြီလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လိုမြင်ပါလဲ။

ဖြေ – ဒါက စစ်ကောင်စီကတော့ စိတ်ထားမှန်မှန်နဲ့လုပ်တာမဟုတ်ဘူး။ ဒေါ်အောင််ဆန်းစုကြည်နဲ့ ဦးဝင််းမြင့်တို့ရဲ့ ကျန်းမာရေးကို ထောက်ရှုပြီး လုပ်တာလည်း မဟုတ်ဘူး။ သူတို့ရဲ့ ရာသီဥတုပူတယ်ဆိုတာ သူတို့(စစ်ကောင်စီ)ခံစားနေရတဲ့ သူတို့ အဆုံးအရှုံးများ၊ အကျအဆုံးများပြီး သူတို့ အရာရာ ကျရှုံးနေတဲ့၊ သူတို့ အပူမီးတွေ ခံနေရတဲ့ အပူဒဏ်ကို သူတို့ သက်သာမလားဆိုပြီး လုပ်တာပါ။ ဖိအားတွေ များနေတယ်။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် လူထုရဲ့တော်လှန်ရေးတိုက်ပွဲအရှိန်များ လျော့သွားမလား၊ လူထုက တော်လှန်ရေးကနေ အာရုံပြောင်းသွားမလား၊ မျှော်လင့်ချက် တမျိုးတမြည်ရှိလို့ပဲ နွေဦးတော်လှန်ရေးအရှိန်များ လျော့သွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ တစ်ခု။ နောက်တစ်ခုက ဖိအားတွေ အမျိုးမျိုးများတယ်။ ကြားနေတာတော့ တရုတ်သံအမတ်က တွေ့ဖို့ တောင်းတယ်။ အဲဒီလို ဖိအားတွေ များနေတဲ့အခါ၊ နောက်တစ်ခါ နိုင်ငံတကာက သူတို့အပေါ်မှာ တွေးတာခေါ်တာမှာ၊ ကြည့်တာ၊ ရှုတာများ ပြောင်းသွားမလား အဲဒါလေးကလည်း တစ်ခုပေါ့။ အတိုချုပ်ပြောရင်တော့ သူတို့မှာ ဖိအားတွေများ၊ ဒုက္ခတွေရောက်၊​ အဆုံးအရှုံးတွေ များနေတော့ အပူအပန်တွေ များနေတဲ့အချိန်မှာ သူတို့အနေနဲ့ ထွက်ပေါက်လေးများ၊ အသက်ရှုပေါက်လေးများ ရမလားဆိုပြီး နိုင်ငံရေးအလှည့် အပြောင်း၊ ကစားကွက်တစ်ခုသာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်သာ ကျန်းမာရေးကိုဂရုစိုက်တယ်ဆိုလို့ကတော့ ထောင်ထဲမှာ အကျဥ်းချပြီး ဘယ်သူနဲ့မှ မတွေ့ခိုင်းဘဲထားမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက ဒီခေါင်းဆောင်နှစ်ယောက်ကို ဖမ်းထားတာက တရားဥပဒေနဲ့လည်း မညီဘူး။ arbitrary detention လို့ခေါ်တဲ့ မတရားချုပ်နှောင်ထားတာသာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ တောင်းဆိုချင်တယ်၊ ပြောချင်ပါတယ်။ သူတို့နှစ်ဦးတင်မကပါဘူး။ မတရားဖမ်းဆီးအချုပ်အနှောင်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါလည်း နိုင်ငံတကာက တောင်းဆိုနေတာ၊ ပြည်သူလူထုကလည်း တောင်းဆိုနေတာဖြစ်ပါတယ်။

မေး – စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက လူထုခေါင်းဆောင်နှစ်ဦးကို ဘယ်နေရာနဲ့ ဘယ်တုန်းပြောင်းတယ်ဆိုတာ ထည့်သွင်း အသိမပေးပါဘူး။ ဘာကြောင့်လို့ ယူဆပါလဲ။

ဖြေ – သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချရမှုမရှိလို့ပေါ့။ ဘယ်နေရာမှာထားတ​ယ်ဆိုတာ မပြောရဲတဲ့ဘဝပေါ့။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို သူတို့ ရပိုင်ခွင့်ရှိတဲ့၊ သူတို့ရှေ့နေနဲ့လည်း တွေ့ခွင့်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရှေ့နေနဲ့ တွေ့ခွင့်မရှိဘူးဆိုလည်း ကြားသိရတယ်။ အခုထိ တွေ့ခွင့်မရတာ လနှင့်ချီိပြီး ရှိနေပြီ။ အမှုတွေ တရားစွဲပြီး ရှေ့နေနဲ့ ပေးမတွေ့တယ်ဆိုတာ ဒါတွေကလည်း ဘယ်လိုမှ လက်ခံရစရာအကြောင်းမရှိိပါဘူး။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ထွက်ပေါက်ရှာတာ၊ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချရမှု မရှိတာကြောင့် ဘယ်နေရာမှာ ထားတယ်ဆိုတာ၊ ဘယ်နေရာမှာ ရွှေ့လိုက်တယ်ဆိုတာ မပြောရဲတာဖြစ်တယ်။ အမှန်မှန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ လွတ်လပ်ရမယ့် လူပုဂ္ဂိုလ်နှစ်ဦး၊ ခေါင်းဆောင်နှစ်ဦးဖြစ်ပါတယ်။ သူတို့သွားချင်တဲ့နေရာသွား၊ တွေ့ချင်တဲ့သူနဲ့တွေ့၊ ပြောချင်ရာ ပြောနိုင်တဲ့ လူ့အခွင့်အရေး သူတို့မှာ အပြည့်အဝရရှိဖို့ ထိုက်တန်ပါတယ်။ စစ်ကောင်စီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့လုံခြုံရေး၊ ကျန်းမာရေး သူတို့မှာ တာဝန်အပြည့်အဝရှိတယ်ဆိုတာသတိပေးပြောကြားချင်ပါတယ်။

မေး – တကယ်လို့များ လူထုခေါင်းဆောင်တွေ ပြန်လွတ်လာခဲ့ရင် လက်ရှိနွေဦးတော်လှန်ရေးအခင်းအကျင်းအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ။

ဖြေ – ကျွန်တော်တို့တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖို့အတွက် ကြိုးစားတယ်။ တိုက်ပွဲဝင်နေတာလည်း နိုင်ငံရေးအကျဥ်းသားတွေ အကုန်လုံးရဲ့ လွတ်လပ်ရေးလည်းပါပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းတာ ရှိပါတယ်။ ဒါကြောင့် အကယ်၍သာ တကယ်လွတ်မြောက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဝမ်းသာအားရ ကြိုဆိုမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး မလုပ်ဘူးဆိုတာ သူပြောထားပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ အပြည့်အဝရှိမယ်ဆိုတာလည်း ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့ရင် နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် နွေဦးတော်လှန်ရေးနဲ့ တသားတည်းရှိမယ်ဆိုတာလည််း ကျွန်တော်တို့ယုံကြည်ပါတယ်။

မေး – မနှစ်က ယာယီသမ္မတက စစ်တပ်နိုင်ငံရေးကထွက်ရင်၊ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတာ လက်ခံရင်၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု ဖော်ဆောင်တာ လက်ခံရင် စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ စဉ်းစားမယ်လို့ ပြောခဲ့ဖူးတယ်။ အဲ့ဒီမူက ပြောင်းလဲမှုရှိလား။ ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ – ကျွန်တော်တို့ရဲ့ dialogue ဆိုတာ NUG အစိုးရရဲ့ stand ရပ်တည်ချက်က ရှင်းပါတယ်။ သမ္မတကြီး ဒူဝါလရှီးလပြောသွားခဲ့သလို ဒီမူဝါဒတွေက မပြောင်းလဲပါဘူး။​ အဲဒါတွေက ပိုပြီး ခိုင်မာတဲ့ ဘုံသဘောတူညီချက်ထဲမှာ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်တဲ့ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ပူးတွဲထုတ်ပြန်တဲ့ ဘုံသဘောတူညီချက်ထဲမှာလည်း အတိအလင်းပါပါတယ်။ ကျွန်တော်တို့ရဲ့ objective ၆ ခုကို လိုက်နာမယ်လို့ သဘောတူရင် အဲဒါတွေ အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ်ဆိုတာ အတိအလင်းပြောကြားထားတာ ရှိပါတယ်။ (စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တွင် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ဦးတည်ချက် (Objectives)၆ ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်

(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်

(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်

(ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်

(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်

(စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်)

အဲဒီမှာ အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ စစ်တပ်သည် နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်ခြင်းမရှိရပါဘူး။ စစ်တပ်သည် နိုင်ငံမှာ ရွေးချယ်ခံအရပ်သားအစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာသာ ရှိရမယ်ဆိုတာ အတိအလင်းဖော်ပြထားပါတယ်။ ဒီနှစ်ခုဟာ အင်မတန်မှ အရေးကြီးတာဖြစ်ပါတယ်။ ဒီနှစ်ခုအပြင် ၂၀၀၈ ဖွဲ့စည်းပုံပျက်ပြားသွားပြီ။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ထောင်ရာမှာ လုံးဝပူးပေါင်းဆောင်ရွက်မယ်၊ နောက်ပြီးတော့ transitional justice(အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု)ကို လက်ခံမယ်ဆိုရင် အဲဒီ ဘုံသဘောတူညီချက််objective ထဲမှာ ဖော်ပြထားတဲ့ အချက်တွေကို သဘောတူ လိုက်နာမယ််ဆိုရင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောဆိုပြီး ဒါတွေကို ဘယ်လိုအကောာင်အထည်ဖော်မလဲဆိုတာ စကားပြောမ​ယ်ဆိုတာ နားလည်သိရှိနိုင်မယ်လို့ ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။