Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ကြောက်ကြောက်နဲ့ တံခါးလှပ်လာတဲ့အခါ

လူတစ်ဦးချင်းစီနဲ့ အင်စတီကျူးရှင်းကြားက အပြန်အလှန် သက်ရောက်မှု၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားက အပြန်အလှန် လေးစားယုံကြည်မှု၊ အဲဒီနှစ်ခုရဲ့ နိုင်ငံအပေါ် ရိုက်ခတ်မှုတွေပါပဲ။

(၂၀၂၁ မတ်လတွင်စစ်​ကောင်စီတပ်သားများ၊ရဲများ ၊အရပ်သားဝတ်စုံဝတ်ထား​သော စစ်သားများက ဆန္ဒပြ​နေ​သော ပြည်သူများကို ဝိုင်းဝန်း ရိုက်နှက် ၊အကြမ်းဖက်​နေစဥ်။ဓါတ်ပုံ-CJ)
(၂၀၂၁ မတ်လတွင်စစ်​ကောင်စီတပ်သားများ၊ရဲများ ၊အရပ်သားဝတ်စုံဝတ်ထား​သော စစ်သားများက ဆန္ဒပြ​နေ​သော ပြည်သူများကို ဝိုင်းဝန်း ရိုက်နှက် ၊အကြမ်းဖက်​နေစဥ်။ဓါတ်ပုံ-CJ)

-မသီတာ(စမ်း​ချောင်း)

စစ်မှုမထမ်း မနေရ ဥပဒေ အသက်ဝင်ပြီလို့ ကြေညာလိုက်ပြီးတဲ့နောက် သက်ရောက်မှုအဖုံဖုံ တုံ့ပြန်မှုအသီးသီးကို မြင်ရတဲ့အခါ တွေးစရာတွေ အများအပြား ရှိလာပါတယ်။ အဲဒါတွေကတော့ လူတစ်ဦးချင်းစီနဲ့ အင်စတီကျူးရှင်းကြားက အပြန်အလှန် သက်ရောက်မှု၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားက အပြန်အလှန် လေးစားယုံကြည်မှု၊ အဲဒီနှစ်ခုရဲ့ နိုင်ငံအပေါ် ရိုက်ခတ်မှုတွေပါပဲ။

တကယ်တော့ စစ်မှုမထမ်း မနေရဆိုတဲ့ ဥပဒေဟာ နိုင်ငံ့ဝန်ထမ်း လက်နက်ကိုင်များသာမက စီးပွါးရေးနောက်ခံ မတူကြတဲ့ ပြည်သူအသီးသီးကိုပါ အခြေခံစစ်ပညာကို တတ်သိနားလည်စေပြီး နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အသင့်ဖြစ်အောင် လုပ်ပေးတယ်၊ တနည်းအားဖြင့် အမြဲတမ်းတပ်မတော်နဲ့ ပြည်သူကြား အဆက်အစပ်ကို ပိုကောင်းအောင် အမြဲရှိနေအောင် လုပ်ပေးတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ စဉ်းစားရမှာက ၂၀၁၀ ခုနှစ်ကတည်းက ရှိခဲ့တဲ့ ဥပဒေကို အခုမှ ဘာလို့ အသက်သွင်းသလဲဆိုတာပါ။ အမြဲတမ်းတပ်မတော်ဆိုတာကြီးက ၂၀၁၀ နောက်ပိုင်းကနေ ခုချိန်ထိ ပြည်သူနဲ့ အဆက်အစပ် တယ် မရှိချင်ခဲ့လို့လို့ ပြောရမှာပေါ့။ နိုင်ငံကြီးထဲက နိုင်ငံကလေးတစ်ခုလိုမျိုး၊ အစိုးရ နှစ်ရပ် ရှိတယ်လို့ ပြောကြရတဲ့ အနေအထားမျိုးကို ၂၀၁၀ နောက်ပိုင်း ဖားတစ်ပိုင်း ငါးတစ်ပိုင်း အစိုးရနှစ်ဆက်မှာ ဖြစ်နေခဲ့တာကို အမှတ်ရကြမှာပါ။ တပ်ပိုင်မြေဆိုတာ ပြည်သူတွေအတွက် မိုးကြိုးစက်ကွင်းသဘော ဖြစ်နေခဲ့တာလည်း သမိုင်းအဆက်ဆက်ကနေ ဒီကနေ့ ဒီအချိန်ထိပါပဲ။ ဒီတော့ အမြဲတမ်းတပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း တဆက်တစပ်တည်း မဖြစ်အောင် အမြဲကြိုးစားခဲ့တာ အတော်ကြာခဲ့ပါပြီ။ နောက်ဆုံး ၂၀၂၁ နောက်ပိုင်းမှာဆိုရင် တပ်မိသားစုတွေကို ပြည်သူနဲ့ ထိတွေ့ခွင့်မရအောင် နည်းပေါင်းစုံနဲ့ အားထုတ်နေခဲ့တာ ပိုထင်ရှားလာပါတယ်။ တနည်းအားဖြင့်တော့ အမြဲတမ်းတပ်မတော်ဆိုတဲ့ ကမ္ဘာကြီးက ပြည်သူနဲ့ ထိတွေ့ရမှာကို ကြောက်ခဲ့ စိုးရိမ်ခဲ့ပါတယ်။ ပြည်သူဆိုတာ သူ အနိုင်ကျင့်လို့ရမယ့်၊ ညာဝါးကြိမ်းမောင်း ခိုင်းစားလို့ရမယ့်၊ အုပ်ချင်တိုင်း အုပ်၊ ချုပ်ချင်းတိုင်း ချုပ်လို့ရမယ့် လူတွေလို့ပဲ သဘောထားခဲ့ပါတယ်။ ဒါကြောင့်လည်း ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’ဆိုတဲ့ ဆောင်ပုဒ်ကို ဖျက်ပြီး ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’လို့ ရဲရဲကြီး ပြင်ခဲ့တာပေါ့။

Public Service Announcement

Public Service Announcement

ခုလို နွားကျောင်းသား၊ ထန်းတက်သမား၊ ဆိတ်ကျောင်းသမ၊ ပန်းရံသမတွေမကျန် ခုခံစစ်အတွက် လက်နက်ကိုင် ပြန်ချမယ်လို့ ဆုံးဖြတ်တဲ့ ကာလကျကာမှ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူကြားမှာ အဆက်အစပ်လေး ပြန်လုပ်ရအောင်လို့ တွေးလာတာဟာ ကြောက်ကြောက်နဲ့ ရွေးရတဲ့ ခြေလှမ်းသာ ဖြစ်မှာပါ။ ပြည်သူဆိုတဲ့ သူတို့ကို အမုန်းကြီးမုန်းပြီး ကျိန်စာတိုက်နေတဲ့ လူအုပ်ကြီးထဲက ကျန်းမာသန်စွမ်းတဲ့လူတွေကိုပဲ ရွေးပြီး သူတို့ရဲ့ ‘ငါမိ ငါဖ ကမ္ဘာ’ထဲကို အဝင်ခံဖို့ ဆုံးဖြတ်ရတာဟာ သတ္တိတွေ ရှိလွန်းလို့ မဟုတ်တာတော့ သေချာပါတယ်။ ကာလတို မဟုတ်ဘဲ အမြဲတစေ (သူတို့စကားအရ နောင်အစိုးရလက်ထက်တွေမှာပါ) အချိန်ပိုင်းအလိုက် အလှည့်ကျ တသောသော ဝင်စေမယ့် အရေအတွက်ဟာ သူတို့ အမြဲတမ်းတပ်အင်အားရဲ့ ဘယ်နှရာခိုင်နှုန်းလောက် ဖြစ်မလဲ။ ဘတ်ဂျက်နဲ့ ပြန်တွက်ပြီး တစ်နှစ်မှ ငါးသောင်းလောက်ဆိုရင်တောင် လက်ရှိလက်ကျန်စစ်သည်အင်အားရဲ့ ထက်ဝက်နီးပါး ဖြစ်နေပြီလေ။ အမှုထမ်းသက်က နှစ်နှစ်လို့ပဲ ထားဦး။ ဒုတိယနှစ်က စပြီး အမြဲတမ်းတပ်ရဲ့ အင်အားနဲ့ ခေါ်ယူခံပြည်သူအင်အားက ဆတူနီးပါး ဖြစ်လာမယ့်ကိန်းမျိုး။ ဒါက တိုက်ရေးခိုက်ရေးတင်မက ကျွမ်းကျင်ပညာရှင်တွေကိုပါ ခေါ်ထားရမှာနော်။ တပ်ပိုင်မြေ တပ်ဝင်း တပ်ရုံးတွေထဲ တပ်ဒေတာတွေ တပ်မိသားစုတွေကို တနည်းမဟုတ်တနည်းနဲ့ exposed အဖြစ်ခံရမှာ၊ ထိတွေ့ဖွင့်ဟပြရမှာ။ တကယ်ပဲ အဲလိုအခင်းအကျင်းမျိုးကို လက်ရှိစစ်ကောင်စီဟာ သတ္တိရှိရှိလိုလားလို့လားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒါဖြင့် ဒီဥပဒေ အသက်ဝင်မယ်လည်းဆိုရော ပြည်သူတွေက ဖုန်နေ မှုန်နေအောင်ကို တုန်သွားကြရတာ ဘာလို့လဲ။ သူတို့က ကြောက်ကြောက်နဲ့ တံခါးအသာလှပ်တာ ပြည်သူတွေက ဘာလို့ တုန်လှုပ်နေရတာလဲပေါ့။ ဒါကတော့ ရှင်းပါတယ်။ မြေပြင်အခင်းအကျင်းမှာ ဥပဒေကို ကျင့်သုံးဖို့ အစီအမံတွေ စရုံရှိသေး ဥပဒေကို လက်တလုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာ အာဏာပြတဲ့ သူ့တပ်သား တပ်အရာရှိတွေရဲ့ ရမ်းကားမှုတွေက လက်လက်ထလာလို့ပါ။ ပေါ်တာဆွဲ ငွေညှစ်ဆိုတဲ့ တပ်နည်းတပ်ကျင့်တွေအကြောင်း ကောင်းကောင်းသိနေတဲ့ လူထုဟာ ဥပဒေထက် အဲဒီဥပဒေအကြောင်း ပြောပြီး သောင်းကျန်းမယ့်သူတို့တပ်သားတွေကို ရင်မဆိုင်ချင်ကြတာပါ။ ဒါကြောင့် လူတစ်ဦးချင်းစီနဲ့ အင်စတီကျူးရှင်းကြားက အပြန်အလှန် သက်ရောက်မှုဟာ သိပ်အရေးကြီးတယ်လို့ ဆိုရတာပါ။

‘စစ်တပ်’ဆိုတဲ့ အင်စတီကျူးရှင်း ပြိုကွဲသွားရင် တိုင်းပြည် နစ်နာမယ်၊ ပြိုကွဲမယ်ဆိုတဲ့ ဇာတ်ကြောင်းပြောကို နိုင်ငံခြားသားတွေနဲ့ တပ်ထောက်ခံသူတွေက လွဲရင် ပြည်သူအများစုက လက်မခံတာဟာလည်း ဒါတွေကြောင့်ပါပဲ။ ခေါင်းဆောင်ပိုင်းတွေကပဲ အရာရာမှာ တာဝန်ရှိပြီး အောက်ခြေကတော့ အမိန့်ပေးလို့ လုပ်ကြရတာပါလို့ ယူဆကြသူတွေ ရှိပေမဲ့ လမ်းဘေး အပေါ့သွားမိရုံနဲ့ ပေါ်တာဆွဲ-လူသားဒိုင်းလုပ်ပစ်တတ်သူတွေဟာ အပွင့် အခက် မပါတဲ့ သာမန်တပ်သားတပ်ကြပ်မျိုးတွေလည်း ဖြစ်နေပါတယ်။ ဘာအမှားလုပ်လုပ် ဘာအပြစ်ကျူးလွန်လွန် ဘာတာဝန်မှ ခံစရာ မလိုအောင် ‘တပ်လူ’ကိုသာ ကာကွယ်ပေးတတ်တဲ့ တပ်ခေါင်းဆောင်တွေကြောင့်လည်း တပ်သားတပ်ကြပ်တွေရဲ့ စရိုက်နဲ့ အမူအကျင့်တွေဟာ အဲဒီလို စည်းကမ်းမဲ့ရတာပါ။ အဲဒီလို စည်းကမ်းမဲ့တဲ့ တပ်ဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီဆီက ရလာတဲ့ သတင်းစကားကလည်း သူတို့ကိုယ်စားပြုနေတဲ့ တပ်ကြီးတစ်ခုလုံးဟာ ယုံကြည် အားကိုး လေးစားမှုနဲ့ မထိုက်တန်ဘူး၊ မပတ်သက်နိုင်လေ ကောင်းလေဆိုတဲ့ သတင်းစကားပဲ ဖြစ်နေပါတယ်။

တပ်ကသာ တံခါးလှပ်ပြီး ပြည်သူကို ဆက်စပ်ရအောင်လို့ လုပ်ချင်ပေမဲ့ လူထုကတော့ တပ်ကို ရှောင်လေဝေးဝေးလို့ပဲ သဘောထားကြတာဟာ အဲဒီတပ်ထဲက တစ်ဦးချင်းစီရဲ့ စရိုက်၊ အမူအကျင့်တွေဟာ လူမဆန်ဘူးလို့ နားလည်ထားကြလို့ပါပဲ။ ထိပ်ပိုင်းက ခေါင်းဆောင်တွေကို အနားပေးလိုက်ရုံနဲ့ တပ်ဆိုတဲ့ အင်စတီကျူးရှင်းရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်လို့ မရနိုင်မှာ သေချာနေရတဲ့ အကြောင်းကလည်း ကိုယ့်အင်စတီကျူးရှင်းထဲက တစ်ဦးချင်းစီကို သိက္ခာရှိအောင် နေထိုင်ပြုမူစေဖို့ ဘာနည်းလမ်း ဘာအကြောင်းများနဲ့မှ လေ့ကျင့်ထိန်းကျောင်းခဲ့ခြင်း မရှိလို့ပါပဲ။ ဒါကြောင့် လူထုကတော့ လက်ရှိစစ်ကောင်စီရဲ့တပ်ကို နိုင်ငံအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ကို မရှုမြင်နိုင်တာပါ။

နောက်တစ်ခုကတော့ ပြည်သူလူထုဟာ နိုင်ငံကို ကာကွယ်ပေးချင် လုံခြုံစေချင်တာ သေချာပါတယ်။ ဒါကြောင့်လည်း သာမန်ပြည်သူတွေကို မတရား နှိပ်စက်သတ်ဖြတ် ဗုံးကြဲနေတဲ့ ဒီတပ်ကို လက်နက်ကိုင်ပြီး ပြန်တိုက်တာဟာ နိုင်ငံတော်ကို ကာကွယ်နေတာလို့ သူတို့ ယုံကြည်နေတာပေါ့။ ၂၀၂၀ ကိုဗစ်ကာလ အတွေ့အကြုံတွေအရ အုပ်ချုပ်သူအပေါ် လေးစားယုံကြည်တဲ့အတွက် တစ်ဦးချင်းရော အစုအဖွဲ့လိုက်ပါ ပူးပေါင်းခဲ့ပြီး ကမ္ဘာ့အဆင့် ၂၆ အထိ ကိုဗစ်ခုခံရေးကို စွမ်းဆောင်ပြခဲ့တာ မြန်မာ့ပြည်သူလူထုပါ။ လူထုဟာ သူတို့ သဘောတူကြည်ဖြူရင် ဥပဒေနဲ့ ဆင့်ခေါ်စရာ မလိုဘဲ ပူးပေါင်းလက်တွဲပြခဲ့ပြီးသားပါ။ အခု တုန်ဆင်းရွံရှာနေကြတာဟာ သူတို့ မကြည်ဖြူသူတွေကို လက်တွဲရမှာမို့သာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပါးစပ်က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောတတ်ပြီး လက်တွေ့မှာ စစ်အင်အားအတွက် ခတ်ကွင်းပြင်တာဟာ စစ်ရေးနည်းက လွဲပြီး ကျန်တာကို မကြံတတ်ကြောင်းလည်း ဝန်ခံရာ ရောက်နေတာမျိုးပါ။ (အင်မတန် စိတ်ရှည်တဲ့ အာဆီယံကြီးရဲ့ သဘောတူညီချက် ငါးချက်ကလည်း သူက ပစ်ထားလို့သာ မရွေ့တာ မဟုတ်လား၊ တကယ်တမ်း နိုင်ငံရေးနည်းကို စမ်းချင်ရင် အဲဒီငါးချက်ကို ရွေ့အောင် လုပ်နိုင်စွမ်းဟာ သူ့လက်ထဲမှာ ရှိနေတုန်းပါပဲ) တပ်အင်အား ချိနဲ့လွန်းလို့ ဒီဥပဒေကို အားကိုးပြီး ကြောက်ကြောက်နဲ့ ကြံမိကြံရာ ကြံတာဆိုရင် အင်အားကြီးမားတဲ့ ပြည်သူဟာ အရာရာကို အဆုံးအဖြတ် ပေးနိုင်နေသေးတာကိုတော့ လျော့မတွက်ဖို့ လိုပါမယ်။ ပြည်သူဟာ သူ့အင်အားကို သူ ကြည်ဖြူရာနဲ့ လက်တွဲပြီး နိုင်ငံတော်ကြီးကို အကာအကွယ် ပေးဖို့ ဆုံးဖြတ်နိုင်နေပါသေးတယ်။ စကစအနေနဲ့ သူ ကျွမ်းကျင်တယ်လို့ ယူဆတဲ့ စစ်ရေးနည်းကို ပြည်သူလူထု အသုံးချပြီး လက်ရှိအခင်းအကျင်းကနေ ဖောက်ထွက်ဖို့ ကြိုးစားတာထက် ပြည်သူလူထုကို အနိုင်ပေးလိုက်တဲ့ နိုင်ငံရေးနည်းကို သုံးတာက ပိုသင့်တော်ကြောင်း သဘောပေါက်လာဖို့ကတော့……..။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။