ညီမလေးရေ…
ဩဂုတ်လရဲ့ မိုးစက်တွေအောက်မှာပဲ နောက်စာတစ်စောင်ထပ်ရေးလိုက်မိတယ်။
ကိုယ့်ကိုကိုယ်လည်း နာဇီတွေသိမ်းပိုက်ထားတဲ့ ပါရီမြို့ကြီးထဲက လူတစ်ဦးက လွတ်မြောက်ရာဒေသက မိသားစုဝင်တစ်ဦးကိုစာရေးမိနေသလိုခံစားရတယ်။ အဲဒီခံစားချက်က မွန်းကြပ်နေတဲ့စိတ်ကို အထိုက်အလျောက် ပေါ့ပါးစေတာတော့အမှန်ပဲ။ ညီမလေးအတွက်တော့ ပူပင်သောကတွေ ဖြစ်စေမှာပေါ့။
မီဒီယာတွေမှာသတင်းတွေဖတ်မိတဲ့အခါ ဒေါ်လာနဲ့ရွှေဈေးသတင်းတွေက ညီမလေးကို ခြောက်လှန့်နေမှာပဲလို့ အကိုတွေးမိတယ်။ ရွှေဈေးက တစ်ကျပ်သားကို ၂၇သိန်းနဲ့ ဒေါ်လာကတစ်ဒေါ်လာကို ၃၀၀၀ဝန်းကျင်တဲ့နော်။ ဒါပေမယ့်တကယ်တမ်းကျတော့ ဒီသတင်းတွေက ရပ်ကွက်ထဲကဘဝတူပြည်သူတွေရဲ့ လက်ရှိအခြေအနေကို တိုက်ရိုက်ဖေါ်ပြလှတာတော့မဟုတ်ဘူး။
သူတို့မှာ ဒေါ်လာတို့ရွှေတို့မှမရှိကြရှာတာလေ။
သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေတဲ့ ကုန်ဈေးနှုန်းတွေကို ဒီစာထဲမှာအကိုပြောပြမယ်။
ညီမလေးရန်ကုန်မှာရှိတုန်းက ဈေးသွားတဲ့အခါ သယ်စရာများရင်အပြန်မှာစီးလေ့ရှိတဲ့ ကိုဝရဲ့ဆိုက်ကားကိုမှတ်မိတယ်မဟုတ်လား။ ၂၀၂၀ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းကဆိုက်ကားတန်းရှေ့ဆုံးမှာအလံနီထောင်ပြီးလှည့်တာသူ့ဆိုက်ကားပေါ့။ ညီမလေးစီးတဲ့အခါဈေးကနေအိမ်ကို ငါးရာလေ။ အခု တစ်ထောင် ဖြစ်သွားပြီညီမလေး။
ဒီလိုပြောလို့ကိုဝ သူဌေးဖြစ်နေပြီမထင်နဲ့၊ ပိန်လိုက်တာမှညှောင်လို့။ တီဘီနဲ့တူပါရဲ့။ ညည်းလိုက်တာလည်း ဒို့အိမ်ခေါင်မိုးပေါ်က ခိုတွေထက်တောင် သာတယ်။ ၄တန်းအောင်တဲ့ သမီးလေးကိုလည်း ကျောင်းထုတ်လိုက်ပြီတဲ့။ မိသားစု စားမလောက်လို့ ဈေးထဲမှာ မန်ကျည်းရွက်ရောင်းခိုင်းထားတယ်တဲ့။ “အစိုးရကျောင်းလည်းဘာလို့ထားနေတော့မတုန်း”တဲ့။ ခေတ်ပြောင်းတဲ့အခါမှ သက်ကြီးအလယ်တန်းကျောင်းဆိုတာမျိုးရှိရင် ပြန်ထားမယ်တဲ့။ ကိုဝကတော့ပြတ်သားတယ်။
ဈေးထဲမှာ ညီမလေးအမြဲတမ်းဝယ်လေ့ရှိတဲ့ ဟင်းရွက်သည်လေး မိနှင်းကိုလည်း မှတ်မိတယ် မဟုတ်လား။ တခါတလေနံနံပင်လိုရင် တစ်ရာဖိုးညီမလေးဝယ်လေ့ရှိတယ်လေ။ သူကလည်း ညီမလေးကိုအမြဲတမ်းစေတနာပိုလေ့ရှိတယ်။ ဟိုနေ့က အကိုသူ့ဆီမှာ နံနံပင်ဝယ်ဖို့သွားတယ်၊ ရှေ့မှာဝယ်သူအမျိုးသမီးတစ်ဦး ရှိတော့ ခဏစောင့်နေတုန်း မိနှင်းအသံကိုကြားလိုက်တယ်။
“နံနံပင် တစ်ရာဖိုးဆိုတာမရှိတော့ဘူး အမကြီး၊အနည်းဆုံး သုံးရာဖိုးပဲရမယ်တဲ့”
အကို့လက်ထဲကအဆင်သင့်ထုတ်ထားတဲ့ တစ်ရာတန်လေးကို လူမမြင်အောင်အိတ်ထဲအသာ ပြန်ထည့်မိတယ်။
နံနံပင်မှမဟုတ်ဘူးညီမလေးရေ၊ ငရုတ်သီးတစ်ရာဖိုးဆိုတာလည်း သမိုင်းမှာကျန်ရစ်ခဲ့ပြီ။ အနည်းဆုံးသုံးရာဖိုးပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နိုင်ငံရေးသမားအချို့က ရန်ကုန်ဟာစင်ကာပူကို မကြာခင်အမှီလိုက်မယ်ဆိုတာသွေးထွက်အောင်မှန်လိုက်တာ။ မှီယုံမက ကျော်တောင်တက်တော့မှာ အသေအချာပဲ။
ဂေါ်ဖီတစ်စိတ်က နှစ်ရာကနေ ငါးရာတက်သွားသလိုပဲ ဆားတစ်ထုပ်က နှစ်ရာကနေလေးရာ တက်သွားပြီ။ ကြာပန်းတံဆိပ်ယိုးဒယားဆပ်ပြာထုပ်ကလည်း ထောင့်နှစ်ရာကနေထောင့်ရှစ်ရာ တက်သွားပြီ။
ညီမလေးမှတ်မိလားဒို့တွေ မိုးတွင်းဆိုရင် အိမ်မှာ ရွှေနဂါးတံဆိပ် ခြင်ဆေးခွေ ၅ခွေတစ်ဗှုးကို ကျပ် ၄၅၀နဲ့ သုံးခဲ့ကြတာ၊ခုတော့တစ်ဗှုးကို ကျပ် ၈၅၀ဖြစ်သွားပြီ။ ခြင်တွေပျှော်လိုက်ကြတာမှ မှောင်ရီသန်းတဲ့အချိန်ဆိုရင်သီချင်းတွေတောင်ဆိုလို့။
ဆန်ကြမ်းတွေဖြစ်တဲ့ ဆင်းသွယ်တို့၊မနောသုခတို့ အရင်က တစ်ပြည်ကို၁၂၀၀၊၁၄၀၀ပေါ့။ခုတစ်ပြည်ကို ကျပ် ၂၄၀၀တဲ့။ ဒါအရင်က ပေါ်ဆန်းမွှေးရဲ့ဈေးပဲလေ။ ခုအနိမ့်ဆုံးပေါ်ဆန်းက တစ်ပြည်ကို ကျပ်၄,၀၀၀။
အရင် ငါးကြင်းတစ်ပိဿာကို ၉,၀၀၀၊ခုတော့ ၁၂,၀၀၀၊ ၁၃,၀၀၀ရှိတယ်။
ညီမလေးဘတ်စ်ကားစီးမယ်ဆိုရင်အနိမ့်ဆုံးက ၃၀၀နဲ့ ၅၀၀။ ဂိတ်စ ဂိတ်ဆုံးဆိုရင် ကျပ် ၁၀၀၀ရှိမယ်။ တက္ကစီတော့မေ့ထားလိုက်တာကောင်မယ်ထင်တယ်။ ဟိုနားဒီနား ၃,၀၀၀ပဲ။ တစ်နေ့က အကိုမဖြစ်မနေတက္ကစီစီးမိတော့ အဲယားကွန်းပိတ်ခိုင်းပြီးပြူတင်းတံခါးဖွင့်စီးမိတယ်။ ကိုယ်တက္ကစီစီးနေတာလူမြင်အောင်လို့။ လက်တောင် တံခါးဘောင်ပေါတင်ထားလိုက်သေး။
ဒီကုန်ဈေးနှုန်းတွေအားလုံးဟာ သာမန်ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေကိုထိုးနှက်လိုက်တာပဲ။
ဂရိတွေးခေါ်ပညာရှင်အရစ္စတိုတယ်ကပြောဖူးတယ်တဲ့။
“ဆင်းရဲမွဲတေမှုဆိုတာ တော်လှန်ရေးနဲ့ရာဇဝတ်မှုတွေရဲ့မိဘပဲ”တဲ့။
ပြီးခဲ့တဲ့နှစ်၂၀၂၁က UNDP ကခန့်မှန်းခဲ့တာတော့စစ်အာဏာသိမ်းမှုဟာလူဦးရေတစ်ဝက်ကို ဆင်းရဲ့မွဲတေစေလိမ့်မယ်လို့ဆိုခဲ့တယ်။
ပြီးခဲ့တဲ့လ (ဇူလိုင် ၂၁) တုန်းကတော့မြန်မာ့လူဦးရေရဲ့၄၀ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းရဲ့အောက်ကို ၂၀၂၂ခုနှစ်အတွင်းမှာရောက်သွားပြီလို့ ကမ္ဘာ့ဘဏ်ကကျေညာကြောင်းသတင်းတစ်ပုဒ်ကို အကို ဖတ်လိုက်ရတယ်။ ဒီလိုဆိုရင်တော့တော်လှန်ရေးသမားအရေအတွက်ဟာ မနည်းလှဘူးလို့ တွက်ရမယ်ထင်တယ်။
ဟုတ်တယ်ညီမလေး၊ရာဇဝတ်မှုတွေလည်းမြင့်တက်လာတာပေါ့။ စာရင်းဇယားအတိအကျကတော့ သိကြားမင်းတောင်မသိနိုင်တော့ဘူးထင်တယ်။ ‘ကူညီပါရစေ’ တွေကအလုပ်များနေရှာတယ်လေ။ တစ်နေ့တစ်နေ့ သဲအိတ်ဘန်ကာထဲကထွက်ရတယ်ကိုမရှိကြရှာဘူး။
ရပ်ကွက်ထဲကအပြောင်းအလဲတစ်ခုအကြောင်း ညီမလေးကိုပြောပြရဦးမယ်။ ဒို့လမ်းထိပ်က မသီတာရဲ့လမ်းဘေး မုန့်ဟင်းခါးဆိုင်လေးလေ။ မနက်ဆိုရင် ရပ်ကွက်ထဲက အမျိုးသမီးတွေ မုန့်ဟင်းခါးစားရင် အတင်းတုတ်ကြတဲ့ဆိုင်ပေါ့။
တခါတလေ ညီမလေးမုန်ဟင်းခါးသွားစားရင်းတောင်နေရာမရဘူးမဟုတ်လား၊စားပြီးတဲ့သူတွေကလည်း စကားကောင်းနေတော့နေရာဖယ်မပေးကြဘူးလေ။ ခုတော့သူ့ဆိုင်မှာလူသိပ်မရှိကြရှာတော့ဘူး။ မုန့်ဟင်းခါးတစ်ပွဲကို အကြော်နဲ့ ကျပ် ၉၀၀ဖြစ်သွားပြီတဲ့။ ဒို့ရပ်ကွက်လေးက ဘယ်စားနိုင်ပါတော့မလဲ။
ဒါပေမယ့်ညီမလေးရေ ဒို့အရပ်က အမျိုးသမီးတွေရဲ့ စကားဝိုင်းကတော့ ပျောက်မသွားပါဘူး။ ရပ်ကွက်ဓမ္မာရုံကို ရွှေ့သွားကြတယ်။ ရေနွေးအလကားသောက်ရင်းစကားဆက်ပြောကြတာပေါ့။ အကိုကတော့ သွားလေ့မရှိပါဘူး။ ဟိုနေ့ကတော့ ဓမ္မာရုံရှေ့ကဖြတ်သွားရင်းသူတို့ပြောနေသံကြားတယ်။ ဘာအကြောင်းလဲတော့မသိဘူး။ “အပုလေး” “အပုလေး” တဲ့။
ဒါပါပဲညီမလေးရေ နောက်မှထပ်ရေးဦးမယ်။
အဆင်ပြေရင် နံနံပင်ကို နေလှန်း အခြောက်ခံပြီး အကို့ဆီကို ပို့ပေးပါဦး။
အကို