Connect with us

Hi, what are you looking for?

LuduNwayOo

ရန်ကုန်မှပေးစာများ (၅)

၂၀၂၂ ကမ္ဘာ့ဖလား

၂၀၂၂ ကာတာဖလားနဲ့ပက်သက်ပြီး သတင်းကောင်းတစ်ခုနဲ့သတင်းဆိုးတစ်ခုကိုပြောပြဖို့ရှိတယ်။ သတင်းဆိုးကိုအရင်ပြောရမှာလား။ စိတ်မကောင်းစရာတော့ကောင်းတယ်ညီမလေးရယ်။

ရန်ကုန်မှပေးစာများ (၅)

ညီမလေးရေ…

ဒီနေ့တော့အကိုကတိပေးတယ်။ တို့နိုင်ငံအကြောင်းစိတ်ညစ်စရာတွေမပြောပါဘူးလို့။ ညီမလေး စိတ်ဝင်စားတဲ့ ဘောလုံးပွဲတွေအကြောင်းပြောရအောင်နော့။

လာမယ့် နိုဝင်ဘာ၂၀ဆိုရင် ကာတာနိုင်ငံမှာကမ္ဘာ့ဖလားဘောလုံးပွဲစတင်တော့မယ်။ ပြိုင်ပွဲဝင်ခွင့်ရတဲ့ ၃၂နိုင်ငံရဲ့အမျိုးသားအသင်းတွေဟာခုချိန်ဆိုရင် အပြင်းအထန်လေ့ကျင့်နေကြပြီ။

အကိုကအခုစာထဲမှာဘောလုံးပညာအကြောင်းပြောချင်တာမဟုတ်ပါဘူး။ဘောလုံးကန်တဲ့အကြောင်းကိုညီမလေးလောက်တောင်အကိုကနားမလည်ပါဘူး။ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ကန့်လန့်ကာနောက်ကွယ်က နိုင်ငံရေးအကြောင်းပြောချင်တာပါ။ ဒါမှပွဲတွေကိုစမကြည့်ခင်မှာ နောက်ကွယ်က အခြေအနေတွေကိုသိမှာလေနော့။

Public Service Announcement

Public Service Announcement

၂၀၂၂ ကာတာဖလားနဲ့ပက်သက်ပြီး သတင်းကောင်းတစ်ခုနဲ့သတင်းဆိုးတစ်ခုကိုပြောပြဖို့ရှိတယ်။ သတင်းဆိုးကိုအရင်ပြောရမှာလား။ စိတ်မကောင်းစရာတော့ကောင်းတယ်ညီမလေးရယ်။

ကာတာနိုင်ငံကို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင်ပေးလိုက်တဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်ကစပြီး ကာတာကိုပြည်ပကလာပြီးအလုပ်လုပ်ကြတဲ့ အလုပ်သမား ၆,၅၀၀ ကျော်သေဆုံး သွားခဲ့ကြရပြီ ဆိုတာပါပဲ။ ဒါဟာနိုင်ငံတကာမီဒီယာတွေကြားထဲမှာတော့ ဟိုးလေးတကျော်ဖြစ်ခဲ့ကြရတယ်။ တို့ပြည်တွင်းမှာတော့ သိပ်လူပြောမများကြပါဘူး။

စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်တဲ့ အဖွဲ့အချို့ကတော့ သေဆုံးသွားကြသူတွေထဲမှာ တော်တော် များများဟာ ကမ္ဘာ့ဖလားပွဲကြီးကိုကျင်းပဖို့အတွက် ကစားကွင်းတွေ၊ ဟိုတယ်ကြီးတွေ ဆောက်လုပ်ကြရင်းနဲ့ ထိခိုက်ဒါဏ်ရာရပြီးသေဆုံးကြရတယ်လို့ဆိုကြတယ်။ အဲဒီအဖွဲ့တွေအထဲမှာ Fair Square Projects အမည်ရှိတဲ့ ပင်လယ်ကွေ့ဒေသအတွင်းက အလုပ်သမားအခွင်းအရေးတွေကို မှတ်တမ်းတင်တဲ့ အဖွဲ့လည်းအပါအဝင်ပေါ့။

ကာတာနိုင်ငံဟာကမ္ဘာ့ဖလားကိုအိမ်ရှင်လုပ်ခွင့်ရတဲ့အတွက် ဒီအလုပ်သမားတွေအသက်ဆုံးရှုံးခဲ့ရတာလို့ အဲဒီအဖွဲရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့နစ်မက်ဂီးဟန် က The Guardian သတင်းစာကြီးကိုပြောခဲ့တယ်။

သေဆုံးတဲ့အလုပ်သမားအများစုက အိန္ဒိယ၊ဘဂႅလားဒေ့ရှ်၊ပါကစ္စတန်နဲ့နီပေါနိုင်ငံသားတွေများပါတယ်။ တောင်အာရှသားတွေဆိုပါတော့။ကိုယ့်နိုင်ငံမှာအလုပ်အကိုင်အဆင်မပြေလို့ အရှေ့အလယ်ပိုင်းမှာ အလုပ်သွားလုပ်ကြတဲ့လူငယ်တွေပါ။ တကယ်တော့ မြန်မာနိုင်ငံသားတွေလည်း တစ်သောင်း ပါတ်ချာလည် လောက်တော့ကာတာမှာရှိတယ်ညီမလေး။ သေဆုံးသွားတဲ့အထဲမှာ ဘယ်နှယောက်ပါလဲဆိုတာတော့သိဖို့သိပ်ခက်ခဲမယ်။

နိုင်ငံတကာလူ့အခွင့်အရေးကိုစောင့်ကြည့်တဲ့ Amnesty International (AI) အဖွဲ့ကြီးကတော့ ကာတာအစိုးရဟာနိုင်ငံငံခြားသားလုပ်သားတွေထောင်နဲ့ချီပြီသေဆုံးမှုကို သေသေချာချာ စုံစမ်းစစ်ဆေးမှုမပြုလုပ်ခဲ့ဘူးလို့ အဖွဲ့ရဲ့အစီရင်ခံစာမှာရှုံ့ချခဲ့တယ်။

ပညာရှင်တွေကတော့ကာတာနိုင်ငံရဲ့ ပြင်းထန်လွန်းတဲ့အပူချိန်၊ အလုပ်ချိန်ရှည်လျားလွန်းတာနဲ့ လုပ်ငန်းအတွင်းလုံခြုံမှုအစီအစဉ်တွေအားနည်းမှုတွေကြောင့်လိုမှတ်ချက်ချကြတယ်။

ပြဿနာကသေဆုံးသူတော်တော်များများကိုစစ်ဆေးပြီးထုတ်ပြန်တဲ့သေရခြင်းအကြောင်းအရင်းက ‘သဘာဝ အားဖြင့်’ လို့ကာတာအစိုးရကထုတ်ပြန်တာပါပဲ။ ဒါဟာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ် ကျင်းပမယ့် ကာတာကို ခွင့်ပြုခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ – FIFA) အပေါ်နိုင်ငံတကာရဲ့ ကြီးမားတဲ့ဖိအားတွေ ဖြစ်စေခဲ့တာပေါ့။

အကိုဆုတောင်းတာတော့ လာမယ့်နိုဝင်ဘာ၂၀ရက်နေ့ ပွဲစတင်တဲ့အချိန်မှာ အသင်းတွေအားလုံးက သေဆုံးသွားကြသူတွေအတွက် အမှတ်တရတစ်ခုခုလုပ်နိုင်ရင်ကောင်းမယ်လို့ပါ။

ဒါကတော့သတင်းဆိုးပါညီမလေး။ သတင်းကောင်းလည်းရှိပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့ရုရှအသင်းကို ကမ္ဘာ့ဖလား အပါအဝင်တခြားပြိုင်ပွဲတွေမှာလည်းပိတ်ပင်လိုက်တာပါ။ ဒါဟာဖီဖာရဲ့သမိုင်းမှာပထမဆုံးဖြစ်ပါတယ်။ ဖီဖာဟာဘယ်တုန်းကမှနိုင်ငံရေးဖိအားကြောင့် သူ့ပွဲတွေကိုအထိအခိုက်မခံခဲ့ပါဘူး။

နမူနာအားဖြင့်၁၉၈၂ စပိန်ကမ္ဘာ့ဖလားတုန်းက စစ်ဖြစ်ထားတဲ့ အဂႅလန်နဲ့ အာဂျင်တီးနားပွဲကို အဂႅလန်ကသပိတ်မှောက်ချင်ပေမယ့် ဖီဖာကပွဲကိုမဖြစ်ဖြစ်အောင်စီစဉ်ခဲ့တယ်။ ၁၉၈၀ ခုနှစ်တွေမှာ အီရန်နဲ့အီရတ်အကြားကြမ်းတမ်းရက်စက်တဲ့စစ်ပွဲတွေဖြစ်ခဲ့ပေမယ်လည်း နှစ်သင်းလုံးကို ဖီဖာကအသိအမှတ်ပြုခဲ့တယ်။

အစ္စရေးကိုအာရပ်နိုင်ငံတွေက ပါဝင်ခွင့်မပေးဖို့တောင်းဆိုတဲ့အချိန်မှာလည်း ဖီဖာကဂရုမစိုက်ခဲ့ပါဘူး။ သူ့မူဝါဒကတော့ ‘ခြေစစ်ပွဲအောင်ရင်ကန်၊မအောင်ရင်ထွက်’ပါပဲ။

ဒါပေမယ့်ရုရှ-ယူကရိန်းစစ်ပွဲမှာတော့ဖီဖာဟာပထမဦးဆုံးအကြိမ် နိုင်ငံရေးရဲ့ဦးတည်ချက်လားရာကို တိမ်းညွှတ်ခဲ့ပြီ။

ဆောရီးပါမစ္စတာပူတင်! ယနေ့သင်ကံမကောင်းပါ။

ရုရှကိုဖီဖာကဆုံးမတဲ့နေရာမှာအကိုတို့ အသိအမှတ်ပြုရမယ့်သူတစ်ဦးရှိတယ်ညီမလေးရေ။ အဲဒါကတော့ လက်ရှိဘာစီလိုနာအသင်းရဲ့တိုက်စစ်မှုး ကျောနံပါတ် (၉) လီဝန်ဒေါစကီးပဲ။ ရုရှက ယူကရိန်းကို ကျူးကျော်ပြီးတဲ့အချိန်မှာ ပိုလန်အမျိုးသားအသင်းရဲ့ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ရုရှအသင်းနဲ့ကစားဖို့ကို သပိတ်မှောက်ငြင်းဆိုခဲ့တယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပိုလန်အမျိုးသားဘောလုံးအသင်းကလည်းထောက်ခံခဲ့ကြတယ်။

ဒိနောက်မှာတော့ ချက်အသင်း၊ဆွီဒင်အသင်းတွေကပါ ရုရှအသင်းနဲ့မကစားနိုင်ဘူးလို့ သပိတ်မှောက်ခဲ့ကြပြီး ဖီဖာဟာသမိုင်းတွင်မယ့်ဆုံးဖြတ်ချက်ကိုချခဲ့တာပါပဲ။

The Guardian သတင်းစာကြီးရဲ့ ဆောင်းပါးရှင်တစ်ဦးကတော့ အီသီရိုပီးယားနဲ့မြန်မာကိုလည်း ဖီဖာကထုတ်ပယ်သင့်တယ်လို့ရေးတာတွေ့ရတယ်။ အကိုကတော့အဲဒီဆောင်းပါးကိုဖတ်ပြီးကိုယ်ဖာသာကိုယ်ပြောမိတယ်၊ ‘မပူပါနဲ့လို့၊ မထုတ်လည်း ဘယ်တော့မှ ခြေစစ်ပွဲမအောင်ပါဘူး’လို့။

နိုင်ငံရေးအရဆက်ပြီးစိတ်ဝင်စားစရာတွေက ထိုင်ဝမ်ကိုတရုတ်ကဝင်တိုက်ရင်လည်း ဖီဖာက တရုတ်ကိုဒဏ်ခတ်မှာလားဆိုတဲ့မေးခွန်းတွေပေါ့။ ဘောလုံးဟာအမြဲတမ်းနိုင်ငံရေးပါညီမလေးရယ်။

ဒီတခါကမ္ဘာ့ဖလားပွဲရဲ့ထူးခြားချက်ကတော့ အရှေ့အလယ်ပိုင်းနဲ့မွတ်ဆလင်ကမ္ဘာမှာ ပထမဆုံး ကျင်းပမယ့်ပွဲပဲညီမလေးရေ။ စိတ်လှုပ်ရှားစရာသိပ်ကောင်းတာပေါ့။ဘာမဆိုဖြစ်နိုင်တာကိုး။

ညီမလေးသွားကြည့်ရင် ဘီယာသောက်လို့ရမလား၊ဟုတ်လား။ ရတယ်၊သူတို့သတ်မှတ်ထားတဲ့ ပွဲကြည့်စဉ်မှာဆိုရင်ရတယ်။ ကြိုပြီးတော့လက်မှတ်ဝယ်ထားဖို့တော့လိုလိမ့်မယ်။

ဘယ်ပွဲကဆူညံမှာလဲ။ ဆူညံမယ့်ပွဲတွေကတော့အမျာကြီးပဲ ညီမလေး။ သေချာတာကတော့ နိုဝင်ဘာ၂၉မှာ အမေရိကန်နဲ့ အီရန်နဲ့ တွေ့မယ့်ပွဲပဲညီမလေးရေ။ ဒီရန်ဖက်နှစ်နိုင်ငံကမဆုံတွေ့ရတာ ၁၉၉၈မှာအီရန်က အမေရိကန်ကိုနိုင်သွားကတည်းကပဲ။ ညီမလေးပြက္ခတိန်ထဲမှာမှတ်ထားလိုက်တော့။

အကိုလား။

ဒီနှစ်တော့ အာဂျင်တီးနားကိုအားပေးမယ်။ မက်ဆီအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ ၁၉၈၆ မက္ကဆီကို ကမ္ဘာ့ဖလားတုန်းက အဂႅလန်အသင်းက အလယ်တန်းနဲ့ နောက်တန်းလူ၅ယောက်ကို ကျော်ဖြတ်ပြီး အာဂျင်တီးနားကပ္ပတိန်မာရာဒိုနာ သွင်းသွားခဲ့တဲ့ဂိုးကို နှစ်တစ်ရာအတွင်းအကောင်းဆုံးဂိုး (Goal of the Century)လို့ခေါ်ခဲ့ကြတယ်။

ဒါမျိုးထပ်ဖြစ်ရစ်ရင်ဖြစ်မှာပေါ့။

ညီမလေး လောင်းမလား။

အကို

ဆက်စပ်သတင်းများ

ရန်ကုန်မှပေးစာများ (၃)

ညီမလေးရေ… စက်တင်ဘာကိုရောက်ပြီ။ ဒါပေမယ့်စက်တင်ဘာဟာ ဩဂုတ်ပါပဲ၊ ဩဂုတ်ကလည်းဇူလိုင်ပါပဲ၊ ဇူလိုင်ကလည်း ဇွန်ပါပဲလေ။ ဒို့တိုင်းပြည်ဟာ အချိန်တွေရဲ့ တိုက်စားမှုကိုအခံနိုင်ဆုံး လူ့အဖွဲ့အစည်းပဲမဟုတ်လား။ မတရားမှုနဲ့ အရှက်သိက္ခာမဲ့မှုဟာ ဒီတိုင်းပြည်ကို ခေတ်အဆက်ဆက်အုပ်စိုးသူတွေရဲ့ စရိုက်လက္ခဏာတွေအဖြစ် ထာဝရရှိနေခဲ့တာမဟုတ်လား။ ထားပါတော့။ ခုရက်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က နိုင်ငံတကာကိုဖျော်ဖြေခဲ့တဲ့ လူရွှင်တော် တစ်ယောက်...