Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဂျပန်အစိုးရ၏ ကယ်ဆယ်ရေး အရေးပေါ် ဗီဇာ သို့မဟုတ် မအလ ဗီဇာ

ဖေဖော်ဝါရီ ၁ရက် ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးအချိန်တွင် ဂျပန်အစိုးရမှ လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ကယ်ဆယ်ရေး အရေးပေါ် ဗီဇာ(きんきゅうひなんそち(緊急避難措置→特定活動とくていかつどう ) ကို မြန်မာလူမျိုးများအတွက် သီးသန့် ထောက်ပံ့မှုပေးခဲ့သည်။

ဂျပန်အစိုးရ၏ ကယ်ဆယ်ရေး အရေးပေါ် ဗီဇာ သို့မဟုတ် မအလ ဗီဇာ
ဂျပန်နိုင်ငံ ကိုဘေ လူဝင်မှုကြီးကြပ်ရေးရုံးတွင် စောင့်နေကြသည့် ရွေ့ပြောင်းလုပ်သားမျာ

◘ ကီရာ

ဂျပန်နိုင်ငံကိုရောက်လာသည့် မြန်မာအလုပ်သမားများ စာချုပ်သက်တမ်းမပြည့်ခင် လုပ်ငန်းခွင်ကနေ ထွက်ပြေးသည့် အရေအတွက်က တဖြည်းဖြည်းမြင့်တက်လာနေသည်။

Public Service Announcement

Public Service Announcement

လုပ်ငန်းခွင်စာချုပ်မပြည့်မီထွက်ပြေးသူများတွင် အသက် ၂၀ စွန်းစွန်းသာရှိသေးသည့် ကိုဟန်မင်းလည်း အပါအဝင်ဖြစ် သည်။

“မျက်နှာတွေဆိုရင် စုတ်ပြတ်သတ်နေတာပဲ။ မလုပ်နိုင်ဘူး တင်ဒါတွေကို မကိုင်နိုင်ဘူး ပြောပေမယ့်လည်း မလုပ်နိုင်လည်း ၃နှစ်အထိ ဆက်လုပ်ရမယ်တဲ့လေ။ ထွက်မပြေးလို့ မရတော့ဘူးလေ ။ထွက်မပြေးရင် လူလဲ အသက်ပါ ပေးရတော့မှာ” ဟု လုပ်ငန်းခွင်မှ ထွက်ပြေးရသည့် အကြောင်းအရင်းကို ကိုဟန်မင်းက ရှင်းပြခဲ့သည်။

ကိုဟန်မင်းသည် မြန်မာနိုင်ငံကမထွက်မီ ကတ်ထူပြားဆေးမှုတ်ရမည့် လုပ်ငန်းတွင်လုပ်ကိုင်ရမည်ဟု ကနဦးသိရှိထားပြီး ဂျပန်နိုင်ငံသို့ အလုပ်သင်အလုပ်သမားအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂျပန်ရောက်သည့်အခါ ၎င်းသိထားသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်မလာခဲ့ခြင်းကြောင့် အလုပ်ဝင်ပြီး ၅လခန့်အကြာတွင် အလုပ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

⦿ အလုပ်မှ ဘာကြောင့် ထွက်ပြေးကြသလဲ

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံသို့ မြန်မာလူမျိုးများသည် အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ၊ ကျွမ်းကျင်လုပ်သားဗီဇာနှင့် အလုပ်သင်ဗီဇာများဖြင့် အများဆုံး လာရောက်ကြပါသည်။ အလုပ်သင်ဗီဇာနှင့် လာရောက်သူများအနက် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များသို့ ရောက်ရှိလာကြသူအများစုသည် လုပ်ငန်းခွင်တွင်း အခက်အခဲများကြောင့် အများဆုံးထွက်ပြေးသူတွေဖြစ်ကြောင်း ဂျပန်ရလုပ်ငန်းခွင်ရောက် စီနီယာများက ပြောကြသည်။

ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံး ထုတ်ပြန်ချက်အရ စာချုပ်သက်တမ်းမစေ့ခင် လုပ်ငန်းခွင်မှ ထွက်ပြေးကြသူများထဲတွင် ဗီယမ်နမ်လူမျိုးများက အများဆုံးဖြစ်ပြီး မြန်မာက စတုတ္ထလိုက်သည်။

၂၀၁၃ တွင် ကုမ္ပဏီများ၏ တိုင်တန်းမှုစာရင်းများအရ လုပ်ငန်းခွင်မှ ထွက်ပြေးသူ အလုပ်သင် အလုပ်သမား မြန်မာလူမျိုး အရေအတွက်သည် ခုနှစ်ဦးရှိပြီး မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းချိန်ကစတင်၍ ထွက်ပြေးသူပိုများလာခဲ့ကြောင်းသိရသည်။ ထွက်ပြေးသည့် မြန်မာလူမျိုးအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၄၄၇ ဦးနှင့် ၂၀၂၂ ခုနှစ် နှစ်ဝက်အထိ ၁၄၆ ဦးအထိ ရှိကြောင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါ အရေအတွက်သည် အတိအကျ မရှိကြောင်းနှင့် ကုမ္ပဏီမှ တိုင်ကြားမှု မပြုလုပ်သည့် လူဦးရေစာရင်းများလည်း ဆက်လက်ရှိနေသေးသည်ဟု ဂျပန်ရွေ့ပြောင်းလုပ်သားများအား ကူညီပေးနေသူများက ပြောသည်။ ထို့အပြင် အလုပ်သင်အလုပ်သမား ထွက်ပြေးမှုအများဆုံး နံပတ်တစ်နေရာတွင် ဗီယမ်နမ်လူမျိုးများဟု ဖော်ပြထားပြီး၂၀၂၁ ခုနှစ်တွင် ထွက်ပြေးသူ ၇၁၆၇ ဦးနှင့် ၂၀၂၂ ခုနှစ် နှစ်ဝက်စာရင်းတွင် ထွက်ပြေးသူ ၃၇၉၈ ဦးအထိ ရှိနေကြောင်း သိရသည်။

ယခင်က ထွက်ပြေးသူများသည် ဗီဇာသက်တမ်းမကုန်ခင်အချိန်အထိ အချိန်ပိုင်းအလုပ်များ ဝင်ရောက်လုပ်ကိုင်ကြသည်။ ဗီဇာသက်တမ်းကုန်ချိန်တွင် ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် ဗီဇာသက်တမ်းတိုးရန် ကြိုးစားသော်လည်း သက်တမ်းတိုးခွင့်မရသဖြင့် တရားမဝင်နေထိုင်သူများ ဘဝသို့ ရောက်သွားကြသည်။ တရားမဝင်နေထိုင်သူများအနေဖြင့် အလုပ်အကိုင်ရှာဖွေရန် မလွယ်ကူကြောင်း ဂျပန်ရွေ့ပြောင်း လုပ်သားများအား ကူညီပေးသူများက ပြောကြသည်။

⦿ မအလ ဗီဇာ

ဖေဖော်ဝါရီ ၁ရက် ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးအချိန်တွင် ဂျပန်အစိုးရမှ လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ကယ်ဆယ်ရေး အရေးပေါ် ဗီဇာ(きんきゅうひなんそち(緊急避難措置→特定活動とくていかつどう ) ကို မြန်မာလူမျိုးများအတွက် သီးသန့် ထောက်ပံ့မှုပေးခဲ့သည်။ အဆိုပါ ဗီဇာတွင်လည်း အချိန်ကန့်သတ်ပြီး အလုပ်လုပ်ခွင့်‌ပေးခြင်း နှင့် အချိန်အကန့်အသတ် မရှိအလုပ်လုပ်ခွင့်ပေးခြင်းဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ ယင်းအချိန်ကန့်သတ်ချက်သည် ဂျပန် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ကျစီမံသူ၏ ဆုံးဖြတ်ချက်အရ ဖြစ်သည့်အတွက် ပုံသေ မရှိသော်လည်း အရေးပေါ်ဗီဇာကိုင်ထားသူများသည် တစ်ပတ် ၂၈နာရီ အလုပ်လုပ်ခွင့်သာ ရရှိကြကြောင်း သိရသည်။

ဂျပန်ရောက် အလုပ်သင်အလုပ်သမားများနှင့်ဆိုင်သည့် ပြဿနာများကို ဆွေးနွေးဖြေရှင်း အကြံပေးမှုများလုပ်ဆောင်ပေးလျှက်ရှိသည့် ဒါရိုက်တာ ဦးသုခ၏ သားက “ ၂၈ နာရီက ကိုဗစ်တုန်းက အကြောင်းကြောင်းကြောင့် မပြန်နိုင်လို့ ပေးတဲ့သူတွေကနေ စတာ။ ထွက်ပြေးတဲ့သူတွေကိုလည်း အဲ့သဘောနဲ့ပဲ ထားတယ်။ အလုပ်လုပ်ဖို့လာတာမဟုတ်ဘူးလေ မင်းတို့က ပြန်လို့ မရလို့ မပြန်တာ လောလောဆယ်တော့ မပြန်ခင် စရိတ်လေးရတဲ့သဘောနဲ့ အလုပ်လုပ်ကြဆိုတဲ့သဘောမျိုး ၂၈နာရီပေးတာ” ဟု ၎င်းအမြင်ကို သုံးသပ်ပြောသည်။

အဆိုပါ ဗီဇာသည် မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက် ဂျပန်အစိုးရက လူသားချင်းစာနာထောက်ထားမှုအနေဖြင့် လုပ်ဆောင်ပေးခဲ့သည့် အရေးပေါ် ကယ်ဆယ်ရေးဗီဇာတစ်ခုဖြစ်သောကြောင့် မြန်မာလူမျိုးများကြားတွင် မအလ ဗီဇာဟုလည်း ခေါ်ဝေါ်ကြသည်။ လုပ်ငန်းခွင်မှ ထွက်ပြေးသူအများစုမှာ အလုပ်သင်အလုပ်သမားများဖြစ် သည်ဟုပြောဆိုနေကြသော်လည်း အာဏာသိမ်းပြီးနောက်တွင် ဂျပန်ဘာသာစကားသင်တန်းကျောင်းများမှ ကျောင်းသားများနှင့် ကျွမ်းကျင်အလုပ်သမားများပါ ၎င်းတို့ သက်ဆိုင်ရာလုပ်ငန်းခွင်များမှ ထွက်ပြေး၍ မအလ ဗီဇာကို လျှောက်ကြသည်ဟု သိရသည်။

ထို့အပြင် အလုပ်ရှင် အလုပ်သမား စာချုပ်နှစ်ပြည့်သွားသူများသည်လည်း မြန်မာပြည်ပြန်ရန် စိတ်ဆန္ဒမရှိပါက မအလ ဗီဇာကို ပြောင်းလဲ လျှောက်ထားနိုင်ပြီး ဂျပန်တွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရှိကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ကိုငယ်ထွေးသည် ဂျပန်ရောက်ပြီး တစ်လကျော်အကြာတွင် စာချုပ်နှင့်လာသည့်အလုပ်မှ ကာလမပြည့်ခင်နှုတ်ထွက်နိုင်ရန် ညှိနှိုင်းခဲ့ပြီး မအလ ဗီဇာကိုပြောင်းလဲ လျှောက်ထားခဲ့သူတစ်ဦးဖြစ်သည်။

ကိုငယ်ထွေးသည် စာချုပ်သက်တမ်းအတိုင်း သုံးနှစ်အထိ အဆိုပါ လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်ရန် ကိုယ့်ကိုကိုယ် အားတင်းခဲ့သော်လည်း ငြမ်းဆင်ရာတွင် ငါးမီတာအမြင့်က ပြုတ်ကျခဲ့ပြီး လက်ဖဝါးနှင့် လက်ဖျံတို့တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတော့ အလုပ်ဆက်လက်လုပ်ကိုင်ရန် အားလျော့ခဲ့ကြောင်း ပြန်ပြောင်း ပြောပြသည်။

ကိုငယ်ထွေးသည် ဆောက်လုပ်ရေးနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဟူ၍သာ မြန်မာပြည်အေးဂျင်မှ တဆင့် သိခဲ့ရပြီး ဂျပန်ရောက်သည့်အခါ ငြမ်းဆင်နှင့် တောင်ကမ်းပါးယံများကို ကြိုးနှင့်တွယ်တက်ဆင်းပြီး လုပ်ရသည့် အလုပ်ဖြစ်နေကြောင်း သိခဲ့ရသည်ဟု ဆိုသည်။

မြန်မာပြည်မှလာသည့် အလုပ်သင်လုပ်သားများ လုပ်ငန်းခွင်ကနေ ထွက်ပြေးကြရသည့်အကြောင်းမှာ မြန်မာပြည်ကထွက်လာချိန်တွင် သိရှိထားသည့် လုပ်ကိုင်ရမည့် အနေအထား၊ လစာခံစားခွင့်တို့နှင့် တကယ့်အနေအထားကွားခြားချက်ရှိခြင်း၊ ရသည့်ငွေပမာဏနှင့် ဂျပန်နိုင်ငံတွေင် နေထိုင်စားသောက်စား သောက်စားရိတ်က လက်တွေ့တွင် အိမ်ပြန်ပို့ရန် ခက်ခဲ့မှုရှိကြခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်းသိရ သည်။

⦿ မအလဗီဇာပွဲစားများ

မအလဗီဇာ၏ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုမှာ ဗီဇာပွဲစားအကျိုးဆောင်များ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ လုပ်ငန်းခွင်တွင် အဆင်မပြေသည့် အကြောင်းများကို ဂျပန်လူမှုကွန်ရက် ဂရုများတွင် ရင်ဖွင့် ရေးသား အကြံဉာဏ်တောင်းကြသည့်အခါများတွင်လည်း လုပ်ငန်းခွင်မှထွက်ပြေး၍ မအလဗီဇာလျှောက်ရန်တိုက်တွန်းချက်များနှင့် လျှောက်လိုပါက လျှောက်ပေးသည့် အသိများနှင့် မိတ်ဆက်ပေးမည့်အကြောင်း တုံ့ပြန် ရေးသားမှုများကိုလည်း ပုံမှန်လို တွေ့နေရသည်။
မအလဗီဇာ ခေါ် ကယ်ဆယ်ရေး အရေးပေါ် ဗီဇာသည် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်နှင့် တစ်နှစ်တစ်ကြိမ်ဟူ၍ ပုံစံအမျိုးမျိုးဖြင့် ရရှိကြသည်ဖြစ်ကြောင်းနှင့် ဗီဇာလျှောက်ပေးသည့် ပွဲစားများသည် ဖောင်ဖြည့်ကြေးကို ယန်းတစ်သောင်းမှ ယန်းနှစ်သောင်းခွဲအထိ တောင်းတတ်ကြသည်ဟု ဒါရိုက်တာ ဦးသုခ သားက ပြောပြသည်။ ယန်းတစ်သောင်းသည် မြန်မာငွေ နှစ်သိန်းကျော်ဝန်းကျင်အထိ ရှိသည်။

“ဘာကြောင့်ထွက်ပြေးရတယ်တို့ ဘာတို့ဆိုပြီး အကြောင်းပြချက်တွေ ရေးပေးတာမဟုတ်ဘဲ ဒီတိုင်း ဖောင်လေး ဖြည့်ပေးတာကိုတစ်သောင်းယူတဲ့သူလဲရှိတယ်။ တချို့ကျတော့လည်း နည်းနည်းလေး ပိုလုပ်ပေးရရင် နှစ်သောင်းခွဲလောက် ယူကြတယ်။ သူတို့က တင်ပေးလိုက်တယ်လေ ကျတာမကျတာက သူတို့အလုပ်မဟုတ်ဘူးလေ။ နောက်ပြီးတော့ အဲ့ဒါမျိုးက အရင်ကဆိုရင် သုံးလလောက်ပဲ ပေးတယ်လေ။ အဲ့မှာ သူက ဖောက်သည်ဖြစ်သွားတော့ သုံးလတစ်ကြိမ် နှစ်သောင်းခွဲ တစ်သောင်းပေးနေရတယ်။ ကုသိုလ်ကံကောင်းလို့ တစ်နှစ်ရသွားတဲ့သူကျတော့ တစ်နှစ်တစ်ကြိမ် အဲ့လိုပေးနေရတာပေါ့။ အဲ့လိုမျိုး ပိုက်ဆံလေးရတယ်ဆိုပြီး ဆွယ်တဲ့သူတွေလဲ ရှိတယ်” ဟု ၎င်းက ပြောပြသည်။

⦿ နိုင်ငံရေးဒုက္ခသည်

မြန်မာ စစ်အာဏာသိမ်းပြီးနောက် ဂျပန်တွင် (なんみんしんせい難民申請 ) နိုင်ငံရေး ဒုက္ခသည်အဖြစ် လျှောက်ထားသူများထဲမှ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ မြန်မာလူမျိုး ၃၂ ဦး ရှိပြီး၊ ၂၀၂၂ခုနှစ်တွင် ၂၆ ဦး ရှိကြောင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံး ထုတ်ပြန်ချက်အရ သိရသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံရေးဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသည့်နှုန်းမှာ ၁၀၀ရာခိုင်နှုန်းတွင် တစ်ရာခိုင်နှုန်းခန့်သာ ဖြစ်ကြောင်း ဂျပန်လူမျိုး ရှေ့နေတစ်ဦးဖြစ်သူ မစ္စတာ ဆိုရာနိုစံက ထောက်ပြ ဝေဖန်ခဲ့သည်။

နိုင်ငံရေးဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာများအနက် ဒုက္ခသည်အဆင့် အသိအမှတ်ပြုခြင်း မခံရသူများကို ကယ်ဆယ်ရေးဗီဇာများ ထုတ်ပေးပါသည်။

အဆိုပါဗီဇာကို ၂၀၂၁ခုနှစ်တွင် ၄၉၈ဦးနှင့် ၂၀၂၂ခုနှစ်တွင် ၁၆၈၂ ဦး ရရှိသည်ဟုသိရသည်။

လက်ရှိအချိန်အထိ ကယ်ဆယ်ရေး အရေးပေါ် ဗီဇာ ရရှိထားသူ ၉၅၂၇ ဦးအထိ ရှိသည်ဟု ဂျပန် လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

မအလ ဗီဇာလျှောက်ကြသူများတွင် အလုပ်သင်အလုပ်သမားများ အများဆုံး ပါဝင်ခဲ့ပြီး ၎င်းတို့လုပ်ငန်းခွင်အခြေအနေများကြောင့် ထွက်ပြေးမှုများ ပိုများလာခြင်းဖြစ်နိုင်ကြောင်း မစ္စတာ ဆိုရာနိုစံက ၎င်းအမြင်ကိုဆက်လက် သုံးသပ်ပြသည်။

“အကြောင်းအရင်းတွေ အမျိုးမျိုးရှိနေပေမယ့် အလုပ်သင်တွေက အခြေအနေတွေက ဆိုးတဲ့အထဲပါနေတယ်။ ကုမ္ပဏီရဲ့ အခြေအနေတွေက ဆိုးတာကတစ်ကြောင်း၊ လစာအနေအထားနဲ့ ပတ်စပို့စ်တွေ သိမ်းထားတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ပြီးတော့ အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါ အလုပ်ကနေ ထုတ်ပစ်တာမျိုးနဲ့ ဒီအကြောင်းအရာတွေတင် မဟုတ်ဘဲ အကြောင်းအရာတွေ အမျိုးမျိုးရှိနေတယ်။ ဂျပန်အစိုးရကလဲ သူတို့တွေရဲ့ အခြေအနေကိုစဉ်းစားပေးမယ့် ပြောနေပေမယ့်လည်း ဒီနှစ်အထိ ဒီပြဿနာတွေက ရှိနေသေးတုန်းပါပဲ”ဟု မစ္စတာ ဆိုရာနိုစံက ပြောသည်။

မအလဗီဇာသည်လည်း ပုံသေ အမြဲတမ်း ရရှိနေနိုင်မည့် အာမခံရှိသည့် ဗီဇာမျိုး မဟုတ်ကြောင်းကိုလည်း ဂျပန်ရှေ့နေများမှ သုံးသပ်ခဲ့ကြပြီး ဂျပန်ရှေ့နေတစ်ဦးဖြစ်သူ မစ္စ အိရှီဒါစံမှလည်း အဆိုပါ ဗီဇာဖြင့် မြန်မာပြည် ပြန်သူရှိပါက ၎င်းအနေဖြင့် ယင်းဗီဇာကို ထပ်မံသက်တမ်း တိုးမရနိုင်ဖို့ ရာခိုင်နှုန်းများကြောင်း ရှင်းပြခဲ့သည်။ သို့သော် မြန်မာပြည်ပြန်ရသည့် အကြောင်းအရင်းကိုသေချာရှင်းပြနိုင်ပါက ကယ်ဆယ်ရေးဗီဇာဆက်လက်ရနိုင်ကြောင်းကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

လုပ်ငန်းခွင်အခက်အခဲနှင့် ရရှိသည့် လစာနည်းပါးခြင်းများကြောင့် အလုပ်မှထွက်ပြေးကြသူ များဦးရေတိုးလာနေသဖြင့် အလုပ်သင် အလုပ်သမားစနစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာက ဂျပန်အစိုးရအား ဝေဖန် ထောက်ပြခဲ့ကြသည်။ ဂျပန်နိုင်ငံက ကျင့်သုံးနေသည့် အလုပ်သင်အလုပ်သမား စနစ်သည် တနည်းအားဖြင့် ကျွန်ဝယ် စနစ်ဖြစ်သည်ဟု နိုင်ငံတကာ၏ ထောက်ပြ ဝေဖန်မှုများကြောင့် ပြီးခဲ့သည့် လေးလပိုင်းတွင် ယခု အလုပ်သင်စနစ်အား ဖျက်သိမ်း၍ ပိုမိုကောင်းမွန်သည့် စနစ်တစ်ခုအနေဖြင့် ပြောင်းလဲ ချမှတ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရဘက်မှလဲ ထုတ်ပြန် ကြေညာခဲ့သည်။

အလုပ်ကြမ်းသမားများ အထူးလိုအပ်နေသည့် ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံကဲ့သို့ အလုပ်လိုအပ်ချက်ကြီးမားနေသော နိုင်ငံများမှ အလုပ်သမားများကိုသာ အားကိုးနေရသည့်အတွက် ပြည်ပမှ ရွေ့ပြောင်းအလုပ်သမားများအပေါ် ပိုမိုမျှတသည့် စနစ်တစ်ခုနှင့် အစားထိုးပြုပြင်ရန် အများက မျှော်လင့်နေကြပါသည်။