Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“လွတ်လပ်ပါ‌စေ ညီလေးရေ”

“ကွယ်လွန်ခဲ့ကြပြီးသော ဦးထွန်းရင်၊ ကိုဝေဖြိုးအောင်၊ဒေါ်မိုးနဲ့ဒေါ်သန်းဌေးတို့။ သင်တို့သည် ရောက်ရာအရပ် ရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ကြပါပြီ”

"လွတ်လပ်ပါ‌စေ ညီလေးရေ"
  • ဆလိုင်းမာန်အောင်

မီးကျွမ်းထားသည့် အိမ်ငါးလုံးက တစ်အိမ်နှင့်တစ်အိမ် မလှမ်းမကမ်းတွင်ရှိနေသည်။ ထိုအိမ်များကြားတနေရာတွင် လူနှစ်ဆယ်ခန့်က မြေကြီးပေါ်တွင်ဆောင့်ကြောင့်ထိုင်နေပြီး ခေါင်းကို ငုံ့ထားလျက် လက်အုပ်ချီထားသည်။ သူ့တို့ရှေ့မှ တန်းလျားတစ်ခုပေါ်တွင် သံဃာတော်ငါးပါးက မျက်လွှာချလျက် အိေန္ဒြရရ ရှိနေသည်။သံဃာတော်ငါးပါးစလုံးက ခပ်နွမ်းနွမ်းသင်္ကန်းကို သေသေသပ်သပ်ရုံထားသည်။ မြေကြီးပေါ်မှ လူ ၂၀ခန့်မှာလည်း အင်္ကျီနှင့် လုံခြည် အဟောင်း ကိုယ်စီဖြင့်။ သံဃာတော်များရော တရားနာမည့်သူများပါ ဘေးဒုက္ခသင့်အရပ်မှာ ရှိနေသူများမို့ နွမ်းပါးသူတို့ ဟန်ပန်ကို အတိုင်းသားမြင်ရသည်။

"လွတ်လပ်ပါ‌စေ ညီလေးရေ"

သံဃာတော်ငါးပါးက ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း ဩကာသာ ဩကာသ ဩကာသ စသည် ဖြင့် အစချီလိုက်သည်။ တရားနာသူများက နောက်မှ လိုက်ဆိုသည်။ တရားဟောနေစဉ် သံဃာတော်ငါးပါးစလုံး အသံတိမ်ဝင်သွားပြီး တရားနာသူများ ကြိတ်ငိုရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီ။

Public Service Announcement

Public Service Announcement

” ကွယ်လွန်ခဲ့ကြပြီးသော ဦးထွန်းရင်၊ ကိုဝေဖြိုးအောင်၊ဒေါ်မိုးနဲ့ဒေါ်သန်းဌေးတို့။ သင်တို့သည် ရောက်ရာအရပ် ရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ကြပါပြီ “

သံဃာတော်များက ထိုသို့ရွတ်ဆိုလိုက်စဉ် ယင်းနေရာဝန်းကျင်တွင် ခတ္တမျှ တိတ်ဆိတ်သွားပြီး ငိုရှိုက်သံတချို့ ထွက်ပေါ်လာသည်။ သံဃာတော်ငါးပါးစလုံး မျက်နှာမကောင်း။တရားနာနေသူများက ငိုသူ ငိုသူချင်း နှစ်သိမ့်အားပေးရင်း တရားပွဲကို အဆုံးသတ်လိုက်သည်။

” အားလုံး ကြားကြသမျှ အမျှ၊ အမျှ၊အမျှ ယူ​တော်မူကြပါဂုဏ်​တော်”

“သာဓု၊သာဓု၊သာဓု” ဆိုသည့် အသံက ပဇီကြီးရွာထဲတွင် ပျံ့လွင့် လာသည်။

Public Service Announcement

Public Service Announcement

အဆိုပါမြင်ကွင်းက ယနေ့(ဇွန်လ ၃ရက်) နံနက် ၉နာရီခန့်က ကန့်ဗလူမြို့နယ်၊ ပဇီကြီးရွာလယ်တနေရာ
မီးသင့် အိမ်များကြိုးတိုးကျဲတဲကြားမှ မြင်ကွင်းဖြစ်၏ ။ဧပြီလ ၁၁ ရက်က စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သေဆုံးခဲ့သူများအနက် နောက်ဆုံးလက်ကျန် သက်ပျောက်ဆွမ်းသွပ်ပေးရမည့် ကိုဝေဖြိုးအောင်အပါအဝင် လေးဦးအတွက် ယနေ့ ဆွမ်းသွပ်ပေးခြင်းဖြစ်သည်။

"ပဇီကြီးရွာမှာ အမျှမဝေနိုင်သေးပါ"
ကို​မောင်ဦး၏ ညီငယ် ကိုဝေဖြိုးအောင်

“စစ်ကြောင်းတွေ မရှိလို့ ခဏငြိမ်နေတုန်းမှာ အလောသုံးဆယ် လုပ်ခဲ့တာပါ။ သူတို့ လွတ်လွတ်လပ်လပ် သွားလို့ရခဲ့ပြီ”

ညီဖြစ်သူ ကိုဝေဖြိုးအောင်အတွက် ဆွမ်းသွပ် သပိတ် လုပ်ပေးပြီးနောက် စိတ်သက်သာရာရသွားဟန်ဖြင့် ကိုမောင်ဦးကရင်ဖွင့်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ရက် နံနက်က ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးရုံးတွင် ရပ်ရေးရွာရေးဆွေးနွေးရန်နှင့်အလှူပွဲ ပူးတွဲကျင်းပနေသည်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်းဗုံးနှစ်လုံးချပြီး Mi35 ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပတ်ချာလည်လှည့်ပစ်ခဲ့သည်။ စစ်ကောင်စီက ပစ်ခတ်ချိန်တွင် ပြည်သူ့လုံခြုံရေးရုံးရှေ့ မဏ္ဍပ်ထဲ၌ ကလေးငယ်များ၊ မိန်းမသားများအပါအဝင်လူ နှစ်ရာကျော်ရှိနေသည်။ မဏ္ဍပ်ထဲတွင် ကိုမောင်ဦး၏ညီ အထွေးဆုံးကိုဝေဖြိုးအောင်လည်း ရှိနေခဲ့သည်။ စစ်ကောင်စီ၏ အဆိုပါလူသတ်ပွဲတွင် ကလေး ၃၀ကျော်၊ အမျိုး သမီး ၅၀ကျော်အပါအဝင် အရပ်သား ၁၇၀ကျော် သေဆုံးခဲ့သည်။ အများအပြား ဒဏ်ရာရခဲ့သည်။

ထိုဖြစ်ရပ်နောက်ပိုင်းတွင်လည်း စစ်ကောင်စီက မြေပြင်မှ စစ်ကြောင်းထိုးသလို လေကြောင်းမှလည်း ခြိမ်းခြောက်နေ၍ ကိုမောင်ဦးတို့ တစ်ရွာလုံးရွာကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ကိုမောင်ဦးအပါအဝင် ပဇီကြီးရွာသားများသည် ရွာနှင့်မလှမ်း မကမ်းတောထဲတွင် ယနေ့အချိန်အထိ ပုန်း‌ေရှာင်နေခဲ့ကြရသည်။ သေဆုံးသူများအတွက် သက်ပျောက် ဆွမ်းသွပ်ပေးချင်သော်လည်း စစ်ကောင်စီရန်ကြောင့် ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ခဲ့ကြ။ထို့ကြောင့် သေဆုံးသူများအတွက် သက်ပျောက် ဆွမ်းသွပ်ကို အလျဉ်းသင့်သလိုသာ လုပ်ခဲ့ကြရသည်။

” ဆွမ်းသွပ်တခါလုပ်ရင် သုံးယောက်၊ လေးယောက်စာအတွက် မှန်းလုပ်ရတာ။ သူတို့ရဲ့ မီးလောင်ထားတဲ့ အိမ်တွေနားမှာ ကုတင်လေးတွေချပြီး လုပ်တာပါ။အားလုံးပြီးသလောက်ရှိခဲ့ပြီ။ ဒီနေ့ကတော့ ကျွန်တော့် ညီအတွက် နောက်ဆုံး ဆွမ်းသွပ်ပေးခွင့်ရတာပါ” ဟု ကိုမောင်ဦးကပြောသည်။

ကိုဝေဖြိုးအောင်နှင့်အတူ သပိတ်သွပ်ရန် ကျန်နေသေးသည့် ပဇီကြီးရွာခံ ဦးထွန်းရင်၊ ဒေါ်မိုး၊ ဒေါ်သန်းဌေးတို့လေးဦးအတွက် ကိုမောင်ဦးက ဦးဆောင်ကာ ဆွမ်းသွပ်သပိတ်လုပ်ခြင်းဖြစ်သည်။

ဆွမ်းသွပ်လိုက်ပြီဖြစ်သော်လည်း ညီဖြစ်သူ၏ ရုပ်အလောင်းကို ‌ကိုမောင်မျိုးပြန်ရှာမတွေ့ခဲ့။ကိုမောင်ဦးတင်မဟုတ်။ စစ်ကောင်စီ၏ ပဇီကြီးရွာလူသတ်ပွဲတွင် သေဆုံးသူ ၁၇၀ ကျော်အနက် ဆယ်ဦးကိုသာ ရုပ်နှင့်လူ ခွဲနိုင်ခဲ့သည်။ ကျန်သူများအားလုံး ပေါင်၅၀၀ ဗုံးနှစ်လုံးဒဏ်ကြောင့် မမှတ်မိအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်။ ထို့ကြောင့် မှန်းဆ၍သာ ဆွမ်းသွပ်သပိတ်တရားပေးခဲ့ကြရသည်။

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ
စစ်တပ်က တိုက်​လေယာဥ်​ပေါ်မှ ​ပေါင် ၅၀၀ ဗုံးနဲ့ကျဲပြီး​တော့ ရဟတ်ယာဥ်​ပေါ်မှပြင်းအားပြင်းလက်နက်​တွေနဲ့ပစ်ခတ်ပြီးတဲ့​နောက်အပျက်အစီး​တွေ(ဓါတ်ပုံ-CJ)

ညီဖြစ်သူကို နောက်ဆုံးမှ ဆွမ်းသွပ်သပိတ်တရားပေးရခြင်းမှာလည်း ကိုမောင်ဦး၏ မသိစိတ်က လက်မခံနိုင်သော အတ္တကြောင့်ဖြစ်သည်။ ရုပ်အလောင်းမတွေ့၍ သေဆုံးသည်ကို လက်မခံနိုင်ခဲ့။ သို့သော် ညီဖြစ်သူအကြောင်း အိပ်မက်များနှင့် တစ်လကျော်ကြာလာသည်အထိ ပြန်မလာတော့သည့်အခါ သေဆုံးသွားပြီဆိုသည်ကို လက်သင့်ခံခဲ့ရသည်။

ပစ်ခတ်ရပြီး ညပိုင်းတွင် ကိုမောင်ဦး၏ သမီးလေးထံ ညီဖြစ်သူက အိပ်မက်ပေးသည်ဟုဆိုသည်။အိပ်မက်ထဲတွင် ကိုဝေဖြိုးအောင်က သူ့ နွားကို ဆွဲလျက် ကိုမောင်ဦးတို့နောက် ပြေးလိုက်လာနေသည်။ သူမသေကြောင်း အော်ပြောနေပြီး မိသားစုဝင်များကို လိုက်ရှာနေသည်။ နောက်တစ်ပတ်ခန့်အကြာတွင် ရွာထဲရှိ ရှားပင်တစ်ပင်အောက်၌ မျက်နှာညိုးငယ်စွာဖြင့် တစ်ဦးတည်း ထိုင်နေသည်ကို မက်ပြန်သည်။ ထိုအိပ်မက်များက ကိုမောင်ဦးတို့မိသားစုကို စိတ်ထိခိုက်စေသည်။

ထို့ကြောင့်ပင် စစ်ကောင်စီ၏ ကမ္ဘာကျော်လူသတ်ပွဲအလွန် ၅၄ရက်အကြာ ယနေ့ ဇွန်လ ၃ရက်တွင် ညီငယ်အတွက် ဆွမ်းသွပ်သပိတ်တရားပေးခဲ့ခြင်းဖြစ်သည်။

” သူ လွတ်လပ်သွားပြီမို့ ဝမ်းသာပါတယ်။ ကျွန်တော့်ညီလေးဟာ နိင်ငံအတွက် ပေးဆပ်သွားတယ်လို့ပဲ ကျွန်တော် ယုံကြည်တယ်”