Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

PDFတွေ မြို့​ကို ဝိုင်းထားတဲ့အခါ

PDFတွေ မြို့​ကို ဝိုင်းထားတဲ့အခါ
PDFတွေ မြို့​ကို ဝိုင်းထားတဲ့အခါ

စောနွေဦး/People’s Spring

လက်နက်​တွေကိုင်ထားတဲ့ လူငယ်​တွေ စစ်ဆေးနေတဲ့ PDF ဂိတ်တခုကို ကျော်လိုက်တဲ့အခါ မကွေးနဲ့ ချင်းနယ်စပ်မှာရှိတဲ့ မြို့လေးထဲကိုရောက်သွားပါတယ်။ မြို့ငယ်လေးထဲမှာတော့ ဈေးဆိုင်​တွေ၊ ဆိုင်ကယ်​တွေနဲ့ ပုံမှန်လည်ပတ်နေပါတယ်။

ဒါ​ပေမယ့် မြို့လယ်လမ်းမဘေးမှာ ခြုံနွှယ်တွေတက်နေတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၊ သမဝါယရုံး စတဲ့ မြို့နယ်အဆင့် အစိုးရရုံးတွေ ဖြစ်ပါပါတယ်။အဲဒီရုံး​တွေဟာ လ​ပေါင်းများစွာ လူသူကင်းမဲ့ စွန့်ပစ်ခံထားရတာ​ကြောင့် ခြုံနွယ်မြက်​တွေက မင်းမူ​နေပါတယ်။

​ဆောမြို့က လူသူကင်းမဲ့ပြီး ခြုံနွယ်​မျက်​တွေမင်းမူ​နေတဲ့ စစ်​ကောင်စီရုံး​များ။ ဓါတ်ပုံ-CJ

ဒီမြို့အတွင်းမှာ စစ်​ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင် မှုမရှိ​တော့ပါဘူး ။ မြို့ထဲက​နေ ဆိုင်ကယ်နဲ့ ၃ မိနစ်​လောက်သွားမယ်ဆိုရင်​တော့ မြို့အစွန်တောင်ကုန်းပေါ်မှာ သဲအိတ်​တွေအထပ်ထပ်၊ ဘန်ကာ​တွေ၊ သံဆူးကြိုးတွေ ကာရံထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကိုတော့ တွေ့ရမှာဖြစ်ပါတယ်၊

Public Service Announcement

Public Service Announcement

ဒါကတော့ ချင်း-မကွေးတိုင်းနယ်စပ်မှာရှိတဲ့ ဆောမြို့လေးရဲ့ လက်ရှိအနေအထားဖြစ်ပါတယ်။စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းယူထားပြီး နှစ်နှစ်ခွဲကျော်လာတဲ့အခါ မ​ကွေးတိုင်းထဲက မြို့ တစ်မြို့အနေအထား ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကဒေသခံကာကွယ်ရေးတပ်-PDFတွေကို မြို့တစ် မြို့​​လောက်ကို သိမ်းပြပါလားလို့ စကားနာထိုး စိန်ခေါ်​လေ့ရှိပါတယ်။ ဒါ​ပေမယ့် ခုခံ​တော်လှန်စစ်အား​ကောင်းတဲ့ ​ဒေသ​တချို့မှာ ​တော်လှန်​ရေးအင်အားစု​တွေက မြို့​တွေ​ပေါ် ကို စတင်​ခြေချ​နေကြပြီ ဖြစ်ပါတယ် ။ မ​ကွေး ၊စစ်ကိုင်းစတဲ့ ​ဒေသ​တွေက မြို့​အချို့ကို စစ်​ကောင်စီ မထိန်းချုပ်နိုင်​တော့ဘဲ စစ်​ကောင်စီဟာ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ခြိမ်း​ခြောက်မှု ပိုခံလာ​နေရပြီဖြစ်ပါတယ် ။

ကန်ပက်လက် PDF က မြို့တွင်စစ်တပ်တပ်စွဲ ရာ ၂ ​နေရာကိုတိုခိုက်ပြီး ကန်ပက်လက်မြို့အဝင်ဆိုင်းဘုတ်တွင် ချင်းပြည်နယ်အလံနှင့်CDF အလံလွှင်ထူးစဥ်။ ဓါတ်ပုံ-CDF ကန်ပက်လက်

“မြို့တွေမှာခံစစ်ပြင်ပြီး ထိန်းချုပ်နေတဲ့ စစ်ကောင်စီကကော မြို့တွေကို အမှန်တကယ်ထိန်းထားနိုင်ရဲ့လားပြန်မေးချင်တယ်”ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အရင်က နယ်စွန်၊နယ်ဖျားက စစ်ကောင်စီတပ်စခန်းတွေ၊ နယ်မြေရဲကင်းတွေကို ပစ်မှတ်ထားခဲ့ပေ့မယ်ံ့ အခုအခါမှာ​တော့ မြို့​ပေါ်က စစ်ကောင်စီလုံခြုံရေးယူထားတဲ့ ​နေရာတွေကို ပိုပြီးပစ်မှတ်ထားလာကြပါပြီ။ စစ်တပ်​တွေ ​ခြေကုပ်ယူထားတဲ့ မြို့​ပေါ်ကရဲစခန်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏတိုက်တဲ့ နေရာတွေဖြစ်လာပါတယ်။

မြို့​တွေနဲ့ အနီးဆုံးနေရာ​တွေကို PDFလို့အလွယ်တကူခေါ်ကြတဲ့ ဒေသခံကာကွယ်ရေးတပ်များက တိုးပြီးထိန်းချုပ်လာ​နေပါတယ်။ဒါ​ကြောင့် စစ်​ကောင်စီ ထိန်းချုပ်နိုင်တဲ့​နေရာ​တွေဟာ မြို့​ပေါ်ကွက်ကွက်​လေးနဲ့ သူတို့နယ်​မြေ​တွေက ချုံ့လာပါတယ်။

အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးပြီး​တော့ PDF ​တွေကို စစ်ပညာမွမ်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-NUG-MOD

ဆောမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကတော့ ဆောမြို့နှင့်ပတ်သတ်ပြီးတော့ ဒီလိုပြောပါတယ်။

“မြို့ရဲ့ သုံး ပုံ နှစ်ပုံကိုတော့ ကျွန်တော်တို့ ထိန်းချုပ်ထားပါတယ်ဗျ” ။

စစ်ကောင်စီဟာ မြို့အနီးအနားမှာရှိတဲ့ သူတို့ရဲ့ စခန်းတွေကို လုံခြုံရေးအကာအရံအထပ်ထပ်နဲ့ နေ ,နေကြရပါတယ်။ မြို့တွေလက်မလွတ်ရရေးအတွက် မြို့ပေါ်ရပ်ကွက်တွေကို အသဲအသန် ထိန်းချုပ်နေရပါတယ်။ ဒီလိုထိန်းချုပ်နေတဲ့ ကြားကပဲ မြို့ပေါ်တွေမှာ ပျောက်ကျားတိုက်ခိုက်မှုတွေကိုလည်း မကြာခဏ ခံနေရပါတယ်။

အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးပြီး​တော့ PDF ​တွေကို စစ်ပညာမွမ်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-NUG-MOD

စစ်ကိုင်းထဲမှာဆိုရင် မြို့တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝန်းရံပိတ်ဆို့ထားတာများပါတယ်။ မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေကိုလည်း ကာကွယ်ရေးတပ်တွေကအချိန်အများစု ထိန်းချုပ်ထားပါတယ်။

“အဝေးပြေးလမ်းမတွေကို PDFတွေက ထိန်းထားတယ်။ လမ်းတွေကို တိုက်ပွဲအခြေအနေ၊စစ်ကြောင်း အခြေအနေအရ ဖွင့်တာပိတ်တာတွေကို PDFတွေကလုပ်နေကြပေါ့”လို့ အဝေးပြေး ခရီးသည်ကားမောင်းသမားတစ်ဦးကပြောပါတယ် ။

ဒါ​ကြောင့် စစ်ကောင်စီတပ်တွေဟာ မြို့ထဲသွားရင်တောင် မလုံခြုံတဲ့ အနေအထားရောက်ပြီး မြို့ပြင်ကိုထွက်မယ်ဆိုရင်​တော့ အင်အားအများအပြားနဲ့ စစ်ကြောင်းနဲ့သာထွက်ရဲကြတာဖြစ်ပါတယ်။ စစ်တပ်က အင်အားအများအပြားနဲ့ စစ်​ကြောင်းထိုးထွက်လာရင်​တော့ PDF အများစုက ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိ​သေးဘဲ ​ခေတ္တ​ရှောင်ကြပါတယ်။ ပြီး​ရင်တော့ အဲဒီ​နေရာ၊လမ်း ၊ရွာ​တွေကို PDF ​တွေက ပြန်စိုးမိုးကြပြန်ပါတယ် ။စစ်တပ် စစ် ​ကြောင်း​တွေက အချိန်ပြည့်စစ်​ကြောင်းထိုးနိုင်တာ မဟုတ်လို့ PDF ​တွေက အဲ​နေရာ​တွေကိုအဓိကထိန်းချုပ်​နေကြတာဖြစ်ပါတယ် ။

အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးပြီး​တော့ PDF ​တွေကို စစ်ပညာမွမ်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-NUG-MOD

စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲမှာဆိုရင် စစ်ကောင်စီတပ်တွေက မြို့ထဲကို​တောင် လုံခြုံရေးအပြည့်နဲ့ သွားလာနေရပြီဖြစ်ပါတယ် ။စစ်​ကောင်စီလက်​အောက်ခံ ဌာနဆိုင်ရာအကြီးအကဲတွေ၊ စစ်ကောင်စီအကြီးအကဲတွေကိုမြို့ပြပျောက်ကျားအဖွဲ့တွေက မြို့ထဲမှာ​တောင် အချိန်ယူစောင့်ကြည့်ပြီး ဖမ်းဆီးနိုင်ပြီတဲ့အ​ခြေအ​နေ​ရောက်လာပြီလို့ ဒေသခံကာကွယ်ရေးတပ်​တွေကဆိုပါတယ်။

“သူတို့က သိပ်မလှုပ်ရှားရဲတော့တာလဲ ပါတယ်။ အပြင်ထွက်မယ်ဆိုရင် အယောက် ၃၀၊ အယောက် ၂၀ အုပ်စုလိုက် လက်နက်ခဲယမ်းအပြည့်စုံမှသွားရဲတော့တယ်။ ဒါကတော့ မြို့ထဲမှာပြောတာပါ ” လို့ ကလေးမြို့အနီးတဝိုက်မှာစစ်ရေးလှုပ်ရှားနေတဲ့ CDF (KKG)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေ မြို့ပြင်မှထွက်တဲ့ အ​ခြေအ​နေကိုလည်း သူက ဆက်ပြောပါတယ်။

“မြို့ပြင်မှာဆိုရင် သူတို့က လုံးဝအခက်တွေ့တယ်။ ထိုမာရွာမှာ တပ်ထိုင်ထားတာရှိတယ်။ အဲ့ရွာမှာဆိုရင် တစ်လတစ်ခေါက်၊ နှစ်လတစ်ခေါက် ရိက္ခာပို့တာရှိတယ်။ လူလဲတဲ့အချိန်ရှိတယ်။ အဲလိုမျိုးထွက်လာရင် မိနစ် ၂၀လောက်သွားရတဲ့ နေရာကို ၂ ရက် ၃ ရက်လောက်ကြာသွားတယ်”

မြို့ထဲကိုPDF ​တွေက ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်တပ်အထိနာပြီဆိုရင် မြို့ခံပြည်သူတွေကို ဒုက္ခပေးတတ်လွန်းလို့ PDF​တွေက သေချာတွက်ချက်စဉ်းစားပြီးမှ စစ်ဆင်​ရေးလုပ်ရတယ်လို့လည်း သူကဆက်​ပြောပါတယ်။

“ မြို့ထဲမစ်ရှင်ကြတော့ ပြည်သူလူထုကို ငဲ့ညာတာရှိတယ်။”

မကွေးတိုင်းမြောက်ပိုင်းမှာဆိုရင်စစ်ကောင်စီဟာ ပေါက်၊ မြိုင်၊ရေစကြိုစတဲ့ မြို့တွေမှာ အုပ်ချုပ်ယန္တရားလည်ပတ်နိုင်စွမ်းအ​တော်​လျော့နည်းလာပြီဖြစ်ပါတယ်။

“မြို့တွေကို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဗျူဟာကို အဓိက သုံးပါတယ်။ စစ်ကောင်စီတပ်တွေ အလွယ်အကူလှုပ်ရှားခွင့်မပေးတော့ပါဘူး”လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်(ပကဖ) တစ်ဦးက မှတ်ချက်ပေးပါတယ်။

မုံရွာနမခ မှ စစ်ဆရာဝန်ဗိုလ်ကြီးကို မြို့ပြ​ပြောက်ကျားအဖွဲ့က မြို့လယ်တွင် ဖမ်းဆီးသွားပြီး​​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NUG

​ဒါ့အပြင် စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးလို့ခေါ်တဲ့ စစ်ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်တွေဆီ ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းထောက်ပို့ ပစ္စည်း​တွေ အလွယ်တကူ မသယ်ယူနိူင်အောင် လမ်းမတွေကို ထိန်းသိမ်းထားတယ်လို့ သူကဆိုပါတယ်။

မကြာသေးခင်က ပခုက္ကူမြို့မှ ယောဒေသ၊ မြိုင်၊ ပေါက်၊ဆိပ်ဖြူ၊ ဆောစတဲ့ မကွေးတိုင်းအနောက်ပိုင်းကမြို့တွေကို သွားတဲ့ လမ်းမှာ စစ်ရေးအရ အချက်အခြာကျတဲ့ ကမ္မမြို့ပေါ် ကစစ်ကောင်စီတပ်စွဲထားတဲ့ ရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့ကဝင်‌ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မုံရွာနမခ မှ စစ်ဆရာဝန်ဗိုလ်ကြီးကို မြို့ပြ​ပြောက်ကျားအဖွဲ့က မြို့လယ်တွင် ဖမ်းဆီးသွားပြီး​​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NUG

စခန်းအသိမ်းခံရလုအ​ခြေအ​နေမှာ စစ်ကောင်စီတပ်က လေကြောင်းက​နေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ် ။ ကမ္မမြို့ကိုပါ ဗုံးကျဲတာ​ကြောင့် မြို့ခံအားလုံးနီးပါးထွက်ပြေးတိမ်းရှောင့်ခဲ့ရပါတယ်။အဲဒီတိုက်ပွဲပြီးတဲ့​နောက်မှာ ကမ္မမြို့ရဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားဟာ ရပ်တန့်သွားပါတယ်၊

“ကမ္မမြို့ဟာဆိုရင် ပခုက္ကူကနေ စစ်ကောင်စီတပ်တွေထောက်ပို့မယ်ဆိုရင် ယောဘက်ရှိမယ်။ ချင်းပြည်နယ်ရှိမယ်။ မြိုင်၊ ပေါက်စတဲ့ဒေသတွေကို ထောက်ပို့ရာမှာ လုံးဝကို မဖြစ်အနေအသုံးရတဲ့ မြို့တစ်မြို့ဖြစ်တယ်။အနောက်ပိုင်းဒေသတွေကို သွားမယ်ဆိုရင်လည်း ကမ္မမြို့က စစ်ရေးအချက်အခြာကျတဲ့ ဒေသတစ်ခုဖြစ်တယ်”လို့ အနောက်လွင်ပြင် ပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်တေဇကပြောပါတယ်။

ကမ္မမြို့ကို အရင်ကတည်းက စစ်ကောင်စီတပ်တွေက အပြည့်အဝမထိန်းချုပ်ထားနိုင်ပါဘူး။ ကမ္မမြို့ကို ဒီထက်ပိုပြီး စိုးမိုးနိုင်ဖို့အတွက် မြို့နယ်ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ပြီးတိုက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်​တေဇက ဆက်ပြောပါတယ်။

အလားတူ မြိုင်၊ရေစကြိုစတဲ့မြို့တွေမှာဆိုရင်လည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား​တွေဟာ မလည်ပတ်နိုင်တော့ဘဲဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ အလူးအလဲခံနေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှ ရေစကြိုမြို့ရဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကိုပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

“ပုံမှန်ဆိုရင် ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ ကျတော်တို့ တပ်စွဲထားတဲ့ ရပ်ကွက်တွေထဲ မဝင်ရဲဘူး။ ဝင်လာရင် မိုင်းဆွဲတိုက်ခိုက်တယ်။ ပုံမှန်ဆို သူတို့(စစ်ကောင်စီတပ်)မလာရဲ့တဲ့ ရပ်ကွက်တွေရှိတယ်။ အခုလည်းမလာရဲဘူး။ လာပြီဆိုရင်လည်း အခြားရပ်ကွက်က ပတ်ကွင်းသွားတာမျိုး၊ ပျူစောထီးတွေကို ရှေ့ကလွှတ်ပြီး ဝင်တာမျိုးပဲရှိတယ်”လို့ ရေစကြိုမြို့အနီးဝန်းကျင်တွင် စစ်ရေးလှုပ်ရှား​နေတဲ့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၎င်းတို့ရဲ့ တပ်ခွဲအချို့ဟာရေစကြိုမြို့လယ်အထိ တပ်စွဲနိုင်ခဲ့ပြီး မှလက်နက်ခဲယမ်းလိုအပ်ချက်အရ တချို့နေရာ​တွေမှာ ဆုတ်ပေးခဲ့ရတယ်လို့လည်း သူကဆက်​ပြောပါတယ်။

အဲဒီလို​ဒေသ​တွေမှာအာဏာသိမ်းမှုကိုထောက်ခံသူတွေက စစ်ကောင်စီအုပ်ချုပ်ရေးက မလည်ပတ်နိုင်တော့ဘဲ သူတို့ ဒုက္ခ​တွေနေကြောင်းကို လူမှုကွန်ယက်တွေ မကြာခဏရင်ဖွင့်လာကြပါတယ်။

မြို့​ပေါ်​တွေမှာပါ ​တော်လှန်​ရေးတပ်ဖွဲ့​တွေရဲ့ ခြိမ်း​​​​ခြောက်မှုပိုခံလာရတဲ့စစ်ကောင်စီတပ်တွေဟာ အ​ကြောက်တရားနဲ့ ​ဒေသခံပြည်သူ​တွေကို ပိုပြီး အကြမ်းဖက်နှိပ်စက်ကြပါတယ်။ပြည်သူ​တွေကို မထင်ရင် မထင်သလို ရိုက်နှက်ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ပါတယ်။ ဒါကြောင့် မြို့ပေါ်နေသူပြည်သူများက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ် ၊ စစ်ကောင်စီနဲ့ ပျူစောထီးတွေ နှိပ်စက်တဲ့ ဒုက္ခတွေ ရင်ဆိုင်ကြရပြန်ပါတယ် ။

စက်တင်ဘာ ၂၅ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှာ စစ်ကောင်စီတပ်တွေက မြို့ထဲကိုဝင်လာတဲ့အခါ မရာလန်းကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလို့ မြို့ပေါ်မှာတိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။

Maraland Defense Force-MDFလို့ခေါ်တဲ့ မရာလန်းကာကွယ်ရေးတပ်ပြောရေးဆိုခွင့်ရှိသူကတော့ လိုင်လင်းပီမြို့မှာ သူတပ်တွေနဲ့ စစ်ကောင်စီတပ်တွေက မြို့တဖက်တခြမ်းစီမှာ အထိုင်ချတပ်စွဲထားတယ်လို့ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲ​​တွေလို့​တောင်​ပြောခဲ့တဲ့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်နားက ခါမ်းပါတ်မြို့မှာ ဆိုရင်လည်း စစ်တပ်ကတပ်စွဲထားတဲ့ ရဲစခန်းကို ​ဒေသခံကာကွယ်​ရေးတပ်​တွေက ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လဆန်းပိုင်းမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။ တစ်ပါတ်​ကျော်ကြာတိုက်ပွဲမှာ စစ်တပ်ကအထိနာတာ​ကြောင့် ​လေ​ကြောင်းကုန်း​ကြောင်းက​နေ စစ်ကူ​တွေပို့ခဲ့ရသလို ​လေ​ကြောင်းက​နေမြို့ထဲကိုပါစစိတပ်က တိုက်ခိုက်ခဲ့ပါတယ်။ စခန်းမသိမ်းနိုင်​သေး​ပေမယ့် မြို့ရဲ့ ရပ်ကွက် အများစုကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက စိုးမိုးထားတာဖြစ်ပါတယ်။

ချင်းပြည်နယ်အ​ရှေ့ပိုင်းက ကန်ပက်လက်မြို့မှာ ဆိုရင်လည်း စက်တင်ဘာ ၂၇ ရက်က စစ်တပ် တပ်စွဲထားတဲ့ ​ထွေအုပ်ရုံးနဲ့ပညာ​ရေးမှူးရုံး​တွေ ကို ချင်း​ဒေသကာကွယ်​ရေးတပ်-ကန်ပက်လက် တိုက်ခိုက်ခဲ့ပါတယ် ။​​ထွေအုပ်ရုံးမှာ စစ်တပ်​သေဆုံးထိခိုက်မှု​တွေရှိပြီ ​တော်လှန်​ရေးအဖွဲ့​တွေက စခန်းကိုသိမ်းနိုင်တဲ့အ​ခြေအ​နေထိရှိ​ပေမယ့် လက်နက်ကြီးနဲ့ ဒရုန်း ပစ်ကူလိုအပ်ချက်​ကြောင့်မသိမ်းခဲ့ပဲပြန်ဆုတ်ခဲ့ကြပါတယ် ။ ဒါ​ပေမယ့် ကန်ပက်လက် မြို့ အဝင်”လောက်နူးမြေကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုင်းဘုတ်မှာ ငါတို့မြိုငါတို့ပိုင်တယ်​ကြွေး​ကြော်သံ​တွေနဲ့ချင်းပြည်နယ်အလံနဲ့ CDF-ကန်ပက်လက်အလံ​တွေကိုလွှင့်ထူခဲ့ကြပါတယ်။

စစ်​ကောင်စီတပ်ရဲ့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ရုံးစိုက်ရာဖြစ်ပြီး ​လေတပ်အထိုင်ချထားတဲ့ မုံရွာမြို့မှာ​တောင် စက်တင်ဘာ ၄ ရက်က မုံရွာမြို့ကသူရဲ့အိမ်ကိုပြန်လာတဲ့ နမခအမှတ် (၂)စစ်ဆေးရုံက ဗိုလ်ကြီးအောင်ဖြိုးသိန်းကို ​တော်လှန်​ရေးအဖွဲ့​တွေကဖမ်းဆီးခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ စစ်​ကောင်စီတပ်က လုံခြုံရေး​တွေချထားတဲ့ကြားက မြို့ပြ​ပြောက်ကျားအဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ မြို့​ပေါ်မှာ​တောင် စစ်​ကောင်စီတပ်အတွက် လုံခြုံမှုမရှိ​တော့ဘူးဆိုတာကို မီးမောင်းထိုးပြလိုက်တာလို့ BlackFalcon Guerrilla Forcesတပ်ဖွဲ့​ခေါင်း​ဆောင် Demon က​ပြောပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ်၊လိုင်လင်းပီမြို့ က​နေ အညာဒေသရဲ့ မြို့တော် မုံရွာအထိ မြို့ပြတွေ နဲ့ မြို့အနီးအနားအထိကို ‌ဒေသခံကာကွယ်ရေးတပ်တွေက တပ်စွဲနိုင်သလို၊ စစ်ရေးလှုပ်ရှားလာနိုင်ပြီဆိုတာ​တွေ့ရမှာဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက်ကဆိုရင် တန့်ဆည်မြို့ မှာစစ်တပ်တပ်စွဲထားတဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး၊ ပညာရေးမှူးရုံး၊ တရားရုံးနဲ့ ရွှေဒေါင်းမင်း စက်သုံးဆီဆိုင် နေရာ ၄ နေရာကို ညသန်းခေါင် ၁၂ နာရီကျော်မှာ PDF ခရိုင်တပ်ရင်း​တွေဦး​ဆောင်ပြီး​တော်လှန်​ရေးတပ်ဖွဲ့​တွေက စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။၃ နာရီနီးပါး ကြာမြင့်ခဲ့တဲ့တိုက်ပွဲမှာ လဝကရုံး၊ ပညာရေးမှူးရုံးနဲ့ တရားရုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်တပ်ဘက်က ၂၅ ဦး​​​ကျော်သေဆုံးပြီး​တော့ လက်နက် မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်း​တွေသိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ​တွေဖြစ်တဲ့ KNU/KNLA ၊ KIO/KIA ၊KNPP/KA ၊CNA/CNF၊ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေနဲ့ ​နွေဦး​တော်လှန်​ရေးမှာ ​ပေါ်​ပေါက်လာတဲ့ ​KNDF ၊ CDF ၊PDF စတဲ့ကာကွယ်​ရေးအဖွဲ့​တွေ ဟန်ချက်ညီညီပူး​ပေါင်းတိုက်ခိုက်မှု​တွေ​ကြောင့် နယ်​မြေစိုးမိုးနိုင်စွမ်းက အညာ​ဒေသ​တွေထက်​ ပိုများပါတယ်။ဒါ​ပေမယ့် အညာ​တော်လှန်​ရေးဟာလည်း စစ်တပ်က ရွာ​တွေမီးရှို့ ၊အစုလိုက်အပြုန်လိုက်သတ်ဖြတ် ၊ရက်ရက်စက်စက်သတ်ပြ​နေတဲ့ကြကပဲ ​တော်လှန်​ရေးအဖွဲ့​တွေဟာ စစ်အာဏာရှင်စနစ် ဖြုတ်ချ​ရေးကို ဇွဲ​ကောင်း​ကောင်းနဲ့ရှေ့ဆက်​နေကြတာဖြစ်ပါတယ် ။

စစ်​ကောင်စီကလည်း PDF ​တွေရဲ့ မြို့​တွေက စစ်စခန်း​တွေ ၊စစ်သား​တွေဆီကိုခြိမ်း​​ခြောက်လာ​တာတွေကြောင့်လည်း တန်ပြန် စစ်သားနဲ့ စစ်လက်နက်အင်အားအများအပြားနဲ့ စစ်​ကြောင်း​တွေထိုးပြီး PDF စခန်း​တွေကို စီးနင်းတိုက်ခိုက်တာ ၊PDF ရှိမယ်ထင်တဲ့ ​ဒေသ​တွေကို စစ်​ကြောင်းထိုးတိုက်ခိုက်တာ​တွေလုပ်ပါတယ်။ဒီလိုစစ်​ကြောင်းချီလာပြီးဆိုရင်​တော့ PDF ​တွေက ​လတ်တ​လောရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိ​သေးပါဘူး။ဒါ​ကြောင့် စခန်းနဲ့ တပ်ဖွဲ့ဝင်​တွေ လက်နက်ခဲယမ်း​တွေဆုံးရှူံးရတဲ့ဖြစ်စဥ်​တွေလည်းရှိပါတယ်။

ဒါ​ပေမယ့် ​​ဒေသခံပြည်သူ​တွေရဲ့အား​ပေး​ထောက်ခံမှုရထားတဲ့ PDF ​တွေဟာ လဲကျရင်ပြန်ထသလို ၊တစ်ဖွဲ့အားနည်းသွားရင် ကျန်အဖွဲ့​တွေက အားဖြည့်ပြီး လက်နက်ခဲယမ်း အားနည်းတဲ့ကြားက​နေ တီထွင်ကြံဆပြီး ဇွဲ​ကောင်း​ကောင်းနဲ့သူတို့ရည်မှန်းချက်ဆီ တဖြည်းဖြည်းချင်းခရီးဆက်​​နေကြတာဖြစ်ပါတယ်။

ကန်ပက်လက် PDF က မြို့တွင်စစ်တပ်တပ်စွဲ ရာ ၂ ​နေရာကိုတိုခိုက်ပြီး ကန်ပက်လက်မြို့အဝင်ဆိုင်းဘုတ်တွင် ချင်းပြည်နယ်အလံနှင့်CDF အလံလွှင်ထူးစဥ်။ ဓါတ်ပုံ-CDF ကန်ပက်လက်

အခုဆိုရင် PDFတပ်ဖွဲ့တွေကြားမှာ​တောင် မြို့ထဲတပ်စွဲနိုင်တဲ့ တပ်ဖွဲ့၊ မြို့နားတပ်စွဲနိုင်တဲ့ တပ်ဖွဲ့တွေကို အားကျတဲ့ စကားလုံးတွေနဲ့ အချင်းချင်း ချီးမွမ်းနေကြပါတယ်။ နွေဦးတော်လှန်ရေး နှစ်နှစ်ခွဲကျော်လာတဲ့အချိန်မှာ မြို့ပြနဲ့ ဝေးကွာနေတဲ့ PDFလူငယ်တွေကလည်း မြို့ပေါ်ကို တက်လာဖို့စိတ်အားထက်သန်နေကြပြီဖြစ်ပါတယ်။

“PDFတွေ မြို့ပေါ်တက်လာနေပြီ။ အခုက ခေတ်ပြောင်းသွားပြီ ဘယ်PDFမှ တောထဲမှာ မနေကြတော့ဘူး။ မြို့နားကိုရောက်နေကြပြီလေ။ လျှပ်စစ်မီးတွေ၊ လေအေးစက်တွေ ဘာတွေနဲ့ နေနေရပြီ။”ဟု Special Ranger Force အဖွဲ့ခေါင်းဆောင် ကိုဖြိုးကိုက ဆိုလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။