ဟာနာဆန်/People’s Spring
မနက်ကိုးနာရီလောက်သာ ရှိသေးပေမယ့် မုံရွာမြို့ပေါ်လမ်းမတွေမှာ လူသွားလူလာကော ယာဥ်သွားယာဥ်လာပါ ရှင်းလင်းသွားခဲ့တယ်။ အရင်ကတော့ ညနေပိုင်းလောက်မှသာ လမ်းပေါ်လူရှင်းသွားတာဖြစ်ပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ မနက်ပိုင်းကတည်းက လမ်းပေါ်ခြောက်ကပ်တိတ်ဆိတ်သွားတာပါ။ အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ဖမ်းဆီးနေတာကြောင့် လူသွားလူလာမရှိတော့တာလို့ မြို့ခံတွေက ပြောပါတယ်။
“ဟေ့ကောင်ခဏ စစ်စရာရှိလို့ဆိုပြီး တားတယ်။ ရပ်လိုက်တာနဲ့ အဲကောင်အပါပဲ”လို့ အသက် ၂၉ နှစ်အရွယ် မုံရွာမြို့ခံ ကိုမင်း(အမည်လွှဲ)က ပြောပါတယ်။
တော်လှန်ရေးအားအကောင်းဆုံးတိုင်းတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာ မုံရွာမြို့မှာ အခြေစိုက်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ အမြောက်အများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ မကြာခဏ ရှိခဲ့တယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် ဇန်နဝါရီ ၂၅ ရက်က စပြီးတော့ မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် ဘယ်သူမှအပြင်မထွက်ရဲကြတော့ဘူးလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“ဒီနေ့နဲ့ဆို လေးရက်ရှိပြီဖမ်းတာ။ ကျွန်တော်တို့ရှေ့တင်ဆွဲတာက်ိုက ငါးယောက်တွေ့ဖူးတယ်။ တချို့ဆို ၇ယောက် ၈ယောက်။ ဆိုင်ကယ်တွေပါရင် ကားပေါ်တခါတည်းတင်သွားတာ။”လို့ မုံရွာမြို့ခံ ကိုမင်းက ဇန်နဝါရီ ၂၈ ရက်က ပြောပါတယ်။
စစ်အုပ်စုဟာ စစ်မှုမထမ်းမနေရ ဥပဒေရဲ့နောက်ဆက်တွဲ နည်းဥပဒေဆိုပြီးတော့ ဇန်နဝါရီ ၂၃ ရက်နေ့မှထပ်မံအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့လူငယ်တိုင်းကိုနိုင်ငံခြားထွက်ခွာခွင့်ပိတ်ပိတ်ထားပါတယ်။ဒါအပြင် စစ်ကောင်စီက အရေးပေါ်အခြေအနေလို့သတ်မှတ်ထားရင် စစ်အုပ်စု စိတ်ကြိုက်လူခေါ်နိုင်ဖို့အတွက် စစ်မှုထမ်းပြီးသူရော မထမ်းရသေးသူတွေကိုရော ဆင့်ခေါ်နိုင်တယ်လို့ဆိုထားပါတယ်။
အဲဒီနည်းဥပဒေဟာ စစ်အုပ်စုအတွက် စစ်သားသစ်စုဆောင်းတာကို စိတ်ထင်တိုင်းလုပ်ခွင့်ရဖို့ လုပ်ကြံထားတာဖြစ်နေပါတယ် ။
ဒီရက်ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့ပေါ်ကို ကားလေးစီးလောက်နဲ့ပတ်နေပြီး လူတွေ့တာနဲ့တခါတည်း ကားပေါ်တင်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“တွေ့တာနဲ့ဆွဲတင်တော့တာ။ အခြေခံလူတန်းစားတွေ တော်တော်ထိတယ်။”လို့ အခြားမုံရွာမြို့ခံတစ်ဦးကလည်း ပြောပြပါတယ်။
စစ်ကောင်စီဟာ အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေတယ်လို့လည်း မုံရွာမြို့ခံတွေက ပြောပါတယ်။
“မိန်းကလေးတွေလည်းဆွဲတယ်။ မိန်းကလေးတွေဆွဲပြီးတော့မှ မောင်ရှိရင် မောင်နဲ့လဲ။ အကိုရှိရင် အကိုနဲ့လဲ။ ယောကျာ်းရှိရင် ယောကျာ်းနဲ့လဲခိုင်းတာ”လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မုံရွာမြို့ပေါ်အပြင် မုံရွေးကြေးမုံ၊ ပုရစ်ကုန်းတောင်ရွာ၊ မြောက်ရွာတွေနဲ့ အနီးနားက ကျေးရွာတွေက ပြည်သူတွေပါ ဖမ်းဆီးခံလိုက်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာတွေက ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မုံရွာမြို့ပေါ်မှာ လူဖမ်းပွဲတွေလုပ်နေတဲ့အကြောင်း မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အတည်ပြုပါတယ်။
မနေ့က ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၆ နာရီလောက်က မုံရွာ-အလုံလမ်း သုံးထောင့်ချွန်း လမ်းဆုံမှာ ပြည်သူ ၆၀ ကျော် ပေါ်တာဆွဲခံလိုက်ရတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုပါတယ်။ မုံရွာမြို့ပေါ်မှာ ဇန်နဝါရီ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်အတွင်း ပေါ်တာအဆွဲခံရသူ ပြည်သူ ၂၀၀ ကျော်ရှိတဲ့အကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးပါတယ်။
“နယ်မှပြည်သူများလည်း.မြို့ကိုမသွားကြဖို့ သတိပေးလိုပါတယ်။ မြို့နေပြည်သူများလည်း.အိမ်ယာစွန့်ခွာပြီး.လွတ်မြောက်နယ်မြေများသို့ ပြောင်းရွှေ့ရှောင်တိမ်းကြစေလိုပါတယ်။”လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထပ်မံအသိပေးပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် မုံရွာမြို့ပေါ်မှာ လုပ်ငန်းတွေတော်တော်များများ ရပ်နားထားရတယ်လို့ သိရပါတယ်။ ဆိုင်တွေလည်း ဖွင့်သာဖွင့်ထားရပေမယ့် အရောင်းအဝယ်အေးနေတဲ့အကြောင်း ဆိုင်ရှင်တချို့က ပြောပြတယ်။
“ပေါ်တာဆွဲနေလို့ စျေးဝယ်ကိုမလာဘူး။ ဘယ်သူမှမထွက်ရဲကြဘူး။မြို့ကြီးကို ခြောက်ကပ်လို့ပဲ။”လို့ မုံရွာမြို့ပေါ်မှာ လူသုံးကုန်ပစ္စည်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
မဖြစ်မနေ သွားလာရမယ့်လူတွေကလည်း မနက်ခင်း ၁၀ နာရီလောက်အထိပဲထွက်ပြီး ကျန်တဲ့အချိန် အိမ်ထဲမှာပဲ နေနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အလုပ်သွားအလုပ်ပြန်ချိန်လောက်ပဲလူရှိပြီး ကျန်တဲ့အချိန် တမြို့လုံး ခြောက်ကပ်တိတ်ဆိတ်။ ရွာဘက်က ကားတွေလည်း မလာရဲကြတော့ဘူး။ လူငယ်တွေပါရင် ဆင်းပြီးနေခဲ့တော့ပြောတာ။ စျေးတွေလည်းဖွင့်ထားပေမယ့် ဝယ်တဲ့သူမရှိဘူး။”လို့ မုံရွာမြို့ခံ ကိုမင်းက ပြောပါတယ်။
ကြာလာရင်တော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ့လာနိုင်တယ်လို့ မြို့ခံတွေက ရင်ဖွင့်ပါတယ်။
“အလုပ်ကဘယ်လိုမှလုပ်မရတော့ဘူး။ ရပ်ကုန်ပြီ။ဘာလုပ်ရမှန်းကို မသိတော့ဘူး။”လို့ မုံရွာမြို့ခံကိုမင်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်ပါတယ်။
