Connect with us

Hi, what are you looking for?

ဆောင်းပါး

သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားလာတဲ့ ဖိုးတွမ်တီးများ

လူငယ်က အိမ်ထဲဝင်လာပြီးတော့ စာရွက်စာတမ်းတွေနဲ့အဘရဲ့အသက်တို့နာမည်တို့ရေးမှတ်တယ်။ သူ့အဖွဲ့တွေက ဘေးအိမ်မှာ ကန်တော့နေပြီး အဘကိုလည်း ကန်တော့တော့မှာမို့ နေရာပြင်ထားဖို့ ပြောတယ်။ အဘလည်း နေရာလေးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ခုံတွေပစ္စည်းတွေ ဟိုရွှေ့သည်ရွှေ့လုပ်တယ်။

လိမ်လည်သွားသူအမျိုးသားအား CCTV မှတ်တမ်းတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ဇော်ယုထွန်း Facebook

Scorpio/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတစ်နိုင်ငံလုံးမှာ လုံခြုံမှုတွေ ကင်းမဲ့ခဲ့တာ အများအသိပါ။ ပြည်သူတွေဟာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။ ဒီတခါမှာတော့ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားပြီး နေအိမ်ထဲအထိ ဝင်ရောက်လိမ်လည်သွားတဲ့ ဖြစ်စဥ်တွေကို ပြောပြပေးမှာပါ။ အဲဒီဖြစ်စဥ်တွေကတော့ စစ်ကောင်စီတပ်တွေ အများအပြားရှိပြီး တပ်မြို့တော်လို့ တင်စားကြတဲ့ မိတ္ထီလာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

နိုဝင်ဘာ ၂၆ ရက်၊ မနက် ၁၀ နာရီခွဲလောက်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်နယ်မြေ(၄)က အသက် ၇၅ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း အဘတစ်ယောက်ရဲ့ နေအိမ်ကို ရုပ်ရည်သန့်သန့်နဲ့ လူငယ်အမျိုးသားတစ်ယောက် ဝင်လာခဲ့တယ်။

“အဘတို့အရွယ်တွေကို ဝါတာကူလာတို့ ဆိုဖာခုံတို့ လာလှူပေးတာပါ”တဲ့။ “အင်တာနက် ဝိုင်ဖိုင်လည်း တပ်ပေးမှာပါ”တဲ့။

Public Service Announcement

Public Service Announcement

ပင်စင်စားအဘလည်း လာလှူတာဆိုတော့ ဝမ်းသာသွားပုံပဲ။ အိမ်ထဲ ဝင်ခွင့်ပေးလိုက်ပါတယ်။

လူငယ်က အိမ်ထဲဝင်လာပြီးတော့ စာရွက်စာတမ်းတွေနဲ့အဘရဲ့အသက်တို့နာမည်တို့ရေးမှတ်တယ်။ သူ့အဖွဲ့တွေက ဘေးအိမ်မှာ ကန်တော့နေပြီး အဘကိုလည်း ကန်တော့တော့မှာမို့ နေရာပြင်ထားဖို့ ပြောတယ်။ အဘလည်း နေရာလေးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ခုံတွေပစ္စည်းတွေ ဟိုရွှေ့သည်ရွှေ့လုပ်တယ်။

အဲဒီနောက် လူငယ်က ပြောလာတယ်။ ပစ္စည်းတွေသိမ်းဖို့ သေတ္တာကို လုံခြုံအောင် သော့အသစ်တပ်ဆင်ပေးမယ်လို့ အဘကို ပြောပါသတဲ့။ သေတ္တာထဲက တန်ဖိုးကြီးပစ္စည်းတွေလည်း ထုတ်ထားဖို့ ပြောခဲ့ပါသတဲ့။ အဘလည်း သေတ္တာထဲက ရွှေနဲ့ငွေသားတွေကို ထုတ်လိုက်ပါတယ်။

နောက်ပြီး ဝိုင်ဖိုင်အင်တာနက်လည်း တပ်ပေးမှာမို့ ကြိုးအရှည်တိုင်းဖို့ ပေကြိုးကိုထုတ်ပါတယ်။ အဘကို ပေကြိုးတိုင်းဖို့အတွက် ပေကြိုးကို အိမ်အနောက်ထဲ ဆွဲသွားခိုင်းတယ်။ အဘလည်း ပေကြိုးကိုင်ပြီး အိမ်အနောက်ထဲ ဝင်သွားတယ်။

ခဏနေတော့ အဘလည်း သူ့ရွေတွေငွေတွေ အိမ်ထဲထားခဲ့တာသတိရပြီးအိမ်ရှေ့ပြန်ပြေးဝင်တယ်။ အဘနောက်ကျသွားခဲ့ပါတယ်။

မောင်မင်းကြီးသားဟာ အဘပိုင်ဆိုင်တဲ့ ရွှေဆွဲကြိုး၃မတ်သား(၁)ကုံး၊ ဆွဲသီး၂ပဲသား(၁)ခု လက်ကောက်၅မူးသား(၁)ကွင်း၊ လက်စွပ်၁မတ်သား(၁)ကွင်း၊ ၃မူးသား(၁)ကွင်း၊ ကလေးဆွဲကြိုး ၂ပဲသား(၁)ကုံး၊ စိန်လက်စွပ်(၁)ကွင်းနဲ့ ဖုန်းတစ်လုံး၊ ငွေသား သုံးသိန်းခွဲတို့ကို ယူဆောင်ကာ ဆိုင်ကယ်နဲ့ မောင်းပြေးသွားပါတော့တယ်။

အဲဒီနေ့မှာပဲ မိတ္ထီလာမြို့သစ်ဘက်က အဘွားတစ်ယောက်ရဲ့အိမ်ကိုလည်း အလားတူ ဖြစ်စဥ် ထပ်ဖြစ်ပါတယ်။ ပရဟိတ ထောက်ပံ့ငွေလာကူတာပါတဲ့။ အိမ်ထဲရောက်တဲ့အခါ အဘွားရဲ့ခြေသလုံးကိုပါ နှိပ်နယ်ပေးပါသတဲ့။ အဲဒီနောက်မှာတော့ အဘွားဟာ သတိလက်လွတ်ဖြစ်သွားခဲ့တယ်လို့ နီးစပ်သူတွေက ပြောတယ်။ အဘွားသတိရလို့ ဘေးဘီအကူအညီတောင်းတဲ့အချိန် အိမ်ထဲမှာ အဲဒီလူငယ်မရှိတော့ပါဘူး။ သေတ္တာတွေလည်း ရိုက်ဖျက်ထားပြီး အဘွားပိုင်တဲ့ ရွှေနဲ့ငွေတွေ ယူသွားခဲ့ပါသတဲ့။ “သေတ္တာဖျက်စရာ လက်နက်ကိရိယာ အစုံပါတယ်တဲ့။”လို့ ရပ်ကွက်ခံတဦးက ပြောပြတယ်။

အဲဒီဖြစ်စဥ်မတိုင်မီ ရက်ပိုင်းကပဲ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ထဲက အငြိမ်းစားကျောင်းဆရာကြီးတစ်ယောက်အိမ်ကို ည ၇ နာရီလောက်မှာလူငယ်တစ်ယောက်တည်း ရောက်လာပြီး ဆရာကြီးကို ကန်တော့ချင်လို့ပါပြောတယ်။ အထက်ကပုံစံအတိုင်း အယုံသွင်းတယ်။ အဲဒီဆရာကြီးလည်း အတွင်းပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွေက ပြောပြတယ်။

မိတ္ထီလာမြို့က ရတနာမာရ်အောင် ရပ်ကွက်ထဲမှာလည်း ၃ အိမ်လောက် အတွင်းပစ္စည်းတွေ ပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပုံစံတူ လိမ်လည်မှုတွေဟာ မိတ္ထီလာမြို့တင်မကဘဲ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပျဥ်းမနားတဝိုက်မှာလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပျဉ်းမနားမှာ ခဏခဏ ဖြစ်တယ်။ ခံရတဲ့သူတွေမေးကြည့်တဲ့အခါ ကျူးလွန်တဲ့သူက တစ်ယောက်ထဲပဲ။ အသက်ကြီးတဲ့အိမ်တွေ တစ်ယောက်ထဲရှိတဲ့အိမ်တွေကိုကြိုကြည့်ထားတာ။ခံရတဲ့သူတိုင်းအိမ်ထဲရောက်လို့စကားပြောပြီးရင်သူခိုင်းတဲ့အ

တိုင်းလိုက်လုပ်မိကြတယ်တဲ့။”လို့ ပျဥ်းမနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပျဥ်းမနားကအလိမ်ခံရတဲ့သူတစ်ဦးဖြစ်စဥ်ကတော့ ငိုအားထက် ရယ်အားသန်ပါ။ ဘာလို့ဆို အလိမ်ခံရသူက အကြားအမြင်ဆရာမပါတဲ့။

“အကြားအမြင်ဆရာမအိမ် ဒီလိုပဲ ဝိုင်ဖိုင်ကြိုးအလကားတပ်ပေးမယ်ပြောပြီး ဘီဒိုထဲကသိမ်းထားတဲ့ရွှေတွေရယ်၊စုပုံးထဲကငွေတွေရယ်၊ဖုန်းတွေပါ ခိုးသွားကြတာ”လို့ အခြားဒေသခံကပြောပြပါတယ်။

အလိမ်ခံရတဲ့ မိတ္ထီလာနဲ့ နေပြည်တော်၊ ပျဥ်းမနားတဝိုက်မှာတော့ အဲဒီလိမ်လည်မှုဖြစ်စဥ်တွေက ဟိုးဟိုးကျော်နေခဲ့ပါပြီ။ လူလိမ်တွေဟာ တခြားဘယ်ဒေသက သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားလိမ်လည်ကြဦးမလဲဆိုတာ မသိနိုင်သေးပါဘူး။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

ဆောင်းပါး

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံရေးသားတဲ့ ပို့စ်တွေကြောင့် Facebookမှာ လူသိများတဲ့ အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် မြန်မာ အမျိုးသမီး တစ်ဦးဟာ ရွှေ့ပြောင်း မြန်မာ ဒုက္ခသည်တွေကို လက်တွေ့ အလုပ်မဖြစ်တဲ့ ရေနံမြေတွေ လိမ်လည် ရောင်းချခဲ့မှုအတွက် ဒေါ်လာ ၃.၂...

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။