Connect with us

Hi, what are you looking for?

အတွေးအမြင်

ဉာဏ်များကြသူများ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

-Scorpio/People’s Spring

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

ဒါ့အပြင် လူများများသိပါစေ မြင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ Facebook သုံးစွဲသူတွေကလည်း ဝိုင်းပြီးဝေမျှ Share ပေးခဲ့ကြတယ်။

မနေ့ကတော့အဲဒီကင်မရာမန်းလူငယ် ပျောက်ဆုံးမှုသတင်းနဲ့ပတ်သက်ပြီး သတင်းတစ်ခု တက်လာခဲ့တယ်။ ပြန်တွေ့ပြီဆိုတဲ့သတင်းပါ။ ပုံမှန်ဆိုပျောက်ဆုံးသူပြန်တွေ့ရင် Facebook တင်ပေးခဲ့သူ၊ Share ပေးခဲ့သူတွေက ပျော်တောင်ပျော်ကြတာပါ။

Public Service Announcement

Public Service Announcement

အခု သူပြန်တွေ့တဲ့သတင်းမှာတော့ ပျော်စရာမကောင်းခဲ့ဘူး။အမှန်ကကင်မရာမန်းလူငယ်ဟာ အမှန်တကယ်ပျောက်ဆုံးခဲ့တာမဟုတ်ဘဲ လိမ်လည်ခဲ့တာပါ။

ဖြစ်စဥ်က ကင်မရာမန်း ငြိမ်းချမ်းဦးဆိုသူဟာဇွန် ၂၅ ရက်ကရန်ကုန်မြို့၊သင်္ကန်းကျွန်းမြို့နယ်က နေအိမ်ကနေ အလုပ်သွားချိန် မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုတယ်။

မိသားစုဝင်တွေဟာစိတ်ပူပြီးလူပျောက်ကြော်ငြာတွေကိုလူမှုကွန်ရက်ကနေဖြန့်ဝေခဲ့တယ်။ အသိမိတ်ဆွေတွေ၊ သာမန် Facebook သုံးစွဲသူတွေကလည်း သူလူပျောက်တဲ့သတင်းကို ကိုယ်ချင်းစာပြီး တင်ကြ ဝေမျှပေးကြတယ်။

ဇွန် ၂၇ ရက်နေ့မှာတော့ ငြိမ်းချမ်းဦးရဲ့မိခင်ဆီကိုအမျိုးသားတစ်ဦးကဖုန်းဆက်လာခဲ့တယ်။ငြိမ်းချမ်းဦးကို ပြန်လွှတ်စေချင်ရင် သိန်းတစ်ရာလွှဲပေးဖို့၊မလွှဲပေးဘူးဆိုရင် စစ်မှုထမ်းထဲ ထည့်လိုက်တော့မယ်တဲ့။

ဆက်တဲ့ဖုန်းကို မှတ်ပုံတင်ထားတဲ့နာမည်စစ်လိုက်တော့ ခိုင်ဆုရည်တဲ့။ ခိုင်ဆုရည်ဆိုတာ ပျောက်ဆုံးနေတဲ့ ​ကင်မရာမန်း ငြိမ်းချမ်းဦးရဲ့ ကောင်​မလေးပါ။သူ့ကောင်မလေးဟာ သာမန်လူတောင်မဟုတ်။ ဒေါက်တာပါ။

အတိုချုပ်ရရင် အဲဒီဖြစ်စဥ်ဟာ ကင်မရာမန်းနဲ့ဒေါက်တာ ပေါင်းပြီး ရိုက်လိုက်တဲ့ ကျားဖြန့် ရုပ်ရှင်တစ်ခု ဖြစ်နေခဲ့တာပါ။ ဇွန်လ ၃၀ ရက်နေ့မှာသူတို့နှစ်ဦးကိုတာမွေကဟိုတယ်တစ်ခုမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ပထမတော့ အဲဒီသတင်းဖတ်မိပြီး တခြားသူတွေလိုပဲ လူမှုကွန်ရက်မှာ HaHa ပေးရမယ့်သတင်းလို့ပဲ တွေးမိခဲ့တယ်။ နောက်တော့ ပြန်စဥ်းစားမိတယ်။မဟုတ်သေးဘူး။ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာရော နယ်တွေမှာပါ အာဏာသိမ်းစစ်တပ်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းဖို့ ပေါ်တာဆွဲမှု​တွေကို ဆိုးဆိုးရွားရွားလုပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပါပြီ။

ပန်းရံလုပ်ရင်း၊ ဆေးသုတ်ရင်း၊ စျေးရောင်းရင်း၊ ကလေးပစ္စည်းသွားဝယ်ရင်း၊ မိဘဖို့ဆေးဝယ်ရင်း ပေါ်တာဆွဲခံလိုက်ရတဲ့လူငယ်တွေ အများကြီးပါ။

နှစ်ရှည်လများ အဆက်အသွယ်ပြတ်တောက်သူပြတ်တောက်၊ အဆက်အသွယ်ရပြန်တော့လည်း ရှေ့တန်းတွေမှာ တဝုန်းဝုန်းတဒိုင်းဒိုင်းကြားထဲ ရောက်လိုရောက်၊ တချို့ဆို လုံးဝပြန်မလာနိုင်တော့တဲ့လမ်း ရောက်ရှိသွားကြတဲ့လူငယ်တွေ များမှများ။ တစ်လကို စစ်တပ်က စစ်မှုထမ်း လူငါးထောင်ခေါ်တယ်ပြောပါတယ်။ လူငါးထောင်ရဲ့မိသားစုဝင် ငါးထောင်ကျော် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကြရတယ်။ သောကများကြရတယ်။

လူတစ်ယောက် ပျောက်ဆုံးပြီဆိုရင် ပထမဆုံး အားကိုးကြရတာက လူမှုကွန်ရက်ပါ။ လူထုသတိပြုမိမှုနဲ့ လူထုရဲ့ ဝိုင်းဝန်းကူညီမှု၊ ရှုတ်ချမှုတွေအပေါ်ပဲ အားကိုးကြရတာပါ။

လူပျောက်ကြော်ငြာတင်ပြီးမှ ကောင်မလေးနဲ့ ဟိုတယ်မှာ သွားအိပ်နေတာ ဆိုတဲ့ ဖြစ်ရပ်ဟာ သာမန်တော့ ရယ်စရာကောင်းလှပေမဲ့ လူထုရဲ့ ရင်ထဲက စာနာစိတ် ကို အဆိပ်ခတ်လိုက်သလိုပါပဲ။

လူတွေက လူမှုကွန်ရက်ပေါ်မှာ နောက်တစ်ခါ လူပျောက်တာတွေ၊ အကူအညီတောင်းတာတွေကို မြင်ရင် “Share” ပေးဖို့၊ ဝိုင်းကူညီဖို့ ဝန်လေးသွားကြမလားစိတ်ပူမိတယ်။စစ်မှုထမ်း ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေကြောင့် တစ်နိုင်ငံလုံးက မိဘတွေ သားသမီးအတွက် ရင်တမမနဲ့ ပူပန်နေရချိန်၊ ရှိစုမဲ့စု လုပ်စာလေးနဲ့ သားသမီးကို ဝေးရာ ရှောင်ခိုင်းဖို့ ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေ အများကြီးရှိနေချိန်မှာ ဒီလို လိမ်လည်မှုမျိုးဟာ အောက်ခြေလူထုရဲ့ တကယ့် အကျပ်အတည်းတွေကို ဟာသတစ်ခုလို အဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ခေတ်ကာလရဲ့အားနည်းချက်၊လူတွေရဲ့ စိုးရိမ်စိတ်ကို ကိုယ်ကျိုးရှာဖို့ အခွင့်ကောင်းတစ်ခုလို သုံးစွဲခဲ့တာဟာ အလွန်ကို ရက်စက်လွန်းလှတယ်။

နောက်တစ်ခုကတော့အာဏာသိမ်းစစ်ကောင်စီရဲ့ဝါဒဖြန့်ယန္တရားအတွက်အမြတ်ရတဲ့ သတင်းတစ်ပုဒ် ရသွားစေခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ တက်လာသမျှ လူပျောက်တာတွေ၊ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေဟာ တကယ်တော့ အမှန်တရားမဟုတ်ဘဲ၊ ခုလိုမျိုး ကိုယ်ကျိုးရှာ ဇာတ်လမ်းဆင်ထားတာတွေ သို့မဟုတ် မလိုသူတွေက ကောလာဟလ ဖြန့်ထားတာတွေ ဖြစ်တယ်လို့ အသုံးချ ဝါဒဖြန့်ပါလိမ့်မယ်။

ဒါကနောက်နောင်မြေပြင်မှာတကယ် ဖမ်းဆီးခံရတဲ့ သတင်းတွေ တက်လာရင်တောင် ပြည်သူတွေကြားထဲမှာ ဝေခွဲမရဖြစ်အောင် ယုံကြည်မှု ချေဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

ကင်မရာမန်းဟာ ဘွဲ့ရလူငယ်တစ်ယောက်ဖြစ်မှာပါ။ သူ့ရည်းစားကလည်း ဒေါက်တာဆိုတော့ နှစ်ယောက်လုံး ပညာတတ်တွေလို့ ဆိုရမှာပါ။သို့သော် အသိပညာမှာတော့ နှစ်ယောက်လုံး ဇီးရိုးလို့ ပြောရတော့မှာပါ။

တကယ်တော့ ဒီဖြစ်ရပ်ဟာ သူတို့နှစ်ဦးတည်းကိုတင် ရည်ညွှန်းနေတာ မဟုတ်ပါဘူး။ နိုင်ငံနဲ့ ပြည်သူ မိုးထဲရေထဲ ရောက်နေတဲ့ ခေတ်ပျက်ကြီးထဲမှာ မိမိတို့ တစ်ကိုယ်စာ ပျော်ရွှင်မှုနဲ့ သာယာမှုအတွက် ပတ်ဝန်းကျင်ကို ဒုက္ခပေးပြီး ဉာဏ်ဆင်ကိုယ်ကျိုးရှာနေကြသူတွေ ဒီကနေ့ လူမှုအဖွဲ့အစည်းထဲမှာ အများအပြား ရှိနေပါသေးတယ်။

ကျွန်တော်တို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေတင်မကဘဲ ကိုယ်ချင်းစာစိတ် ကင်းမဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ဉာဏ်ပညာမဲ့ မျိုးဆက်ရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်နေရပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မိတ္ထီလာမြို့ကို ဖြတ်သန်းသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ မိတ္ထီလာရဲ့ပြောင်းလဲသွားတဲ့မြင်ကွင်းကို တအံ့တသြဖြစ်သွားခဲ့တယ်။ ရှမ်းကုန်းမြေမြင့်နဲ့ မြေပြန့်ဆက်သွယ်ရာဆုံမြို့ဖြစ်ပြီး တက္ကသိုလ်တွေ အမျိုးစုံစွာဖွင့်လှစ်ထားတာကြောင့် အာဏာသိမ်းကာလထဲမှာပဲ တခြားဒေသတွေနဲ့မတူ အမြဲစည်ကားနေခဲ့တဲ့ မြို့တော်ထီလာဟာ အခုတော့ သူမဟုတ်သယောင် လမ်းပေါ်မှာ လူသွားလူလာမရှိ တိတ်ဆိတ်ခြောက်ကပ်သွားလို့ပါ။

သတင်း

စစ်ဘေးရှောင်ကိုရင်တစ်ပါး စစ်မှုထမ်းအဆွဲခံရတဲ့ကိစ္စကို ဝေဖန်နေကြတာကြောင့် ငြိမ်းချမ်းရေးဆရာတော်က ဇွန် ၂၈ ရက်မှာ Tik tok ကနေထပ်ရှင်းပြပါတယ်။

သတင်း

စစ်မှုထမ်း ပေါ်တာဆွဲတာကို ထောက်ခံခဲ့တဲ့ ပေါက်ကိုယ်တော်ဟာ သူ့ရဲ့ဆွေမျိုးလူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရပြီး သာမန်စစ်မှုထမ်းမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ၎င်းက ပြောပါတယ်။