သော်မွန်/People’s Spring
နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။
ဇူလိုင် ၂၀ ရက်မှာ NLD ဗဟိုအလုပ်ကော်မတီ(CWC)က အချက် ၇ချက်ပါ ထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထုတ်ပြန်ချက်ဟာ NLD ပါတီရဲ့ နဂိုရှိရင်းစွဲရပ်တည်ချက်တွေကို ထပ်လောင်းအတည်ပြုတာဖြစ်ကြောင်းနဲ့ လတ်တလော နိုင်ငံတကာ အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂတို့ကမြန်မာ့အရေးဆောင်ရွက်ပေးနေတာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ပါတီဝင်တစ်ဦးက ပြောပါတယ်။
“နိုင်ငံတော်တော်များများက မြန်မာ့အရေးကို ပြောဆိုပေး၊ လုပ်ကိုင်ပေးပေါ့။ အဲဒီလိုတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ရင်ကျေးဇူးတင်ပါတယ်လို့ပြောတာ။ဒါကနိုင်ငံတကာကိုကြိုဆိုတယ်။5PC (အာဆီယံဘုံသဘောတူညီချက် ၅ရပ်)ကို ကြိုဆိုတယ်ဆိုတာ အဓိကပါ။ အဲဒါကလည်း ထပ်လောင်းအတည်ပြုကျေးဇူးတင်ပြောကြားတာပါပဲ”လို့ အဲဒီပါတီဝင်က ဆိုပါတယ်။

Public Service Announcement
ဒါပေမဲ့ NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်ပါ အချက်အချို့နဲ့ပတ်သက်ပြီး ပါတီဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေအကြား အငြင်းပွားစရာ၊ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပထမဆုံးကတော့ NLDဟာ နိုင်ငံရေးရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရမယ်လို့ ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူ အစဥ်အမြဲကိုင်စွဲတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။အဲဒီအချက်ဟာ NLD ပါတီတည်ထောင်တဲ့ ၁၉၈၈ ခုနှစ်ကတည်းက ရေးဆွဲချမှတ်ခဲ့တဲ့ ပါတီရဲ့ မူဝါဒဖြစ်ပြီး လက်ရှိလည်း အဖွဲ့ချုပ်က အဲဒီအတိုင်း ရပ်တည်ထုတ်ပြန်တာဖြစ်တယ်လို့ ဇူလိုင် ၂၀ရက် ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်ချက်ကို သဘောတူတဲ့ NLD အမတ်တစ်ဦးက ပြောပါတယ်။
NLDပါတီဟာနှစ်ပေါင်း ၃၀ကျော်ကြာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းမယ်လို့ တစိုက်မတ်မတ်ရပ်တည်လာတာ မှန်ပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းလိုက်ချိန်မှာတော့ ပကတိအခြေအနေတွေ ပြောင်းလဲသွားပြီလို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်မှုတွေ ပြုလုပ်လာတာကြောင့် နိုင်ငံတဝန်းမှာ ပြည်သူလူထုက လက်နက်စွဲကိုင် တော်လှန်မှု စတင်ခဲ့ရပါတယ်။ အဲဒီလက်နက်စွဲကိုင်တော်လှန်မှုမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ လွှတ်တော်အမတ်အများအပြားပါဝင်သလိုပါတီဝင်ထုကြီးလည်းပါဝင်ခဲ့ကြ၊ ပါဝင်နေဆဲဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေးရဲ့ ဦးဆောင်ကဏ္ဍမှာ ပါဝင်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရNUG ဝန်ကြီးတချို့ဟာ NLD အမတ်များဖြစ်ပြီးပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPHကိုလည်း၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
“CRPHတို့၊NUGတို့စသဖြင့်အဲဒီယန္တရားတွေ ထူထောင်တဲ့ နေရာမှာလည်း NLD ပါတီဝင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍကလည်း ကြီးကြီးမားမားနဲ့ ရှိခဲ့တယ်”လို့နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
အဲဒီ NLDလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ရှိတော်လှန်ရေးမှာပါဝင်မှုကNLDပါတီရဲ့ပါဝင်မှုအဖြစ်သတ်မှတ်လို့ ရ၊မရက၂၀၂၁ ခုနှစ်ကတည်းက လက်ရှိအချိန်အထိ တိကျတဲ့အဖြေမရှိဘူးလို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ NLD ပါတီဝင်တွေ၊ အမတ်တွေက လက်ရှိတော်လှန်ရေးမှာ ပါဝင်နေကြတာက NLD ပါတီရဲ့လမ်းစဥ်ကနေသွေဖီသွားလား ဆိုတဲ့ မေးခွန်းကို ဖြေဆိုနိုင်သူလည်း ပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပမှာ ဖြစ်စေ မရှိနေဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုနဲ့အတူ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်လည်းဖြစ်၊ NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်အားလုံးကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သေးသလားဆိုတာ စစ်အုပ်စုက လွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။
NLD ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ၂၀၂၆ ဧပြီမှာ စစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ပုံစံ ထားရှိတာကြောင့် ပါတီနဲ့ ကင်းကွာနေတဲ့ အခြေအနေဖြစ်ပါတယ်။
အဲဒီလို ပါတီခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အခြေအနေမှာ NLD ဗဟိုအလုပ်ကော်မတီ(CWC)က ယာယီဦးဆောင်နေတယ်လို့ ပြည်ပရောက် ပါတီဝင်တွေက ပြောပါတယ်။ NLD CWC အဖွဲ့ဝင်တွေ ကိုယ်တိုင်ကလည်း အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC) ပြန်လည် ဦးမဆောင်နိုင်သေးချိန်မှာ CWC က ယာယီဦးဆောင်ထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာ ပြန်လည်လွတ်မြောက်လာတဲ့ NLD CEC အချို့ရှိနေသလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေလည်းရှိနေပါတယ်။ဒါကြောင့်လက်ရှိမှာဘယ်သူတွေက၊ ဘယ်အဖွဲ့က NLD လဲလို့ ငြင်းဆိုနေမယ့်အစား ဘယ်သူမှ တိကျတဲ့ NLD ဦးဆောင်မှု၊ ကိုယ်စားပြုမှု ဘယ်သူ့မှာမှ မရှိနေဘူးဆိုတာက လက်တွေ့ အရှိတရားလို့ လက်ခံလိုက်ရင် ငြင်းစရာမရှိတော့ဘူးလို့ ယူဆကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
“လက်ရှိအခြေအနေသည် ဘယ်သူမှ NLD ကို ဦးဆောင်ခွင့် ရှိမနေဘူးဆိုတာကသာလျှင် လက်တွေ့ကျတဲ့ ပကတိအရှိတရားပဲလို့ ထင်တယ်”လို့ နိုင်ငံရေးအကဲခတ်က ဆိုပါတယ်။
လက်ရှိတော်လှန်ရေး ၅ နှစ်ကျော်အတွင်း အဆင့်ဆင့်ပြောင်းလဲမှုတွေ၊ စုဖွဲ့မှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်မှာ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)စတဲ့ တော်လှန်ရေးအဖွဲ့တွေပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကို ၂၀၂၆ မတ်လ ၃၀ မှာ ဖွဲ့စည်းပြီး စစ်အာဏာရှင်တော်လှန်ရေးကိုပိုအားစိုက်ခဲ့ပါတယ်။
တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီးအမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီး အသွင်ကူးပြောင်းရေးအစိုးရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကိုလက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကိုဖွဲ့စည်းခဲ့တာလို့ အသိပေးထားပါတယ်။
ဒီအခြေအနေမှာ NLD CWC ရဲ့ဇူလိုင် ၂၀ရက် ထုတ်ပြန်ချက်ကြောင့် NUG၊ CRPH တို့နဲ့ တခြား တိုင်းရင်းသားအင်အားစုတွေကြားမှာ တည်ဆောက်ထားတဲ့ ယုံကြည်မှုမှာ အဖုအထစ်၊ ထိခိုက်မှု၊ သက်ရောက်မှု ရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောပါတယ်။
“မေးခွန်းဟောင်းပါပဲ၊အဖြေ မရသေးတဲ့ မေးခွန်းဟောင်းကို ပြန်မေးကြမှာပါ။ ဒီအပေါ်မှာ၊ ဒီထဲမှာ ပါနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဥ်တို့ကစလို့၊ အခု SCEF အထိ ကတိကဝတ်ပြုထားကြတဲ့ သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲဆိုတဲ့ မေးခွန်းမျိုးတွေလည်း ရှိလာလိမ့်မယ်။ သူတို့က ဒီလမ်းကို ဆက်လျှောက်လို့(NUG၊ CRPH၊ SCEF လမ်းကို ဆက်လျှောက်လို့) ပါတီက သပ်သပ်တလမ်းကို သွားရင် သူတို့က ဘယ်လို ဆက်ရပ်တည်မှာလဲဆိုတဲ့အထိ မေးခွန်းတွေက ရှိလာနိုင်တယ်”လို့ သူက မှတ်ချက်ပြုပါတယ်။
နောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထဲက အုပ်စုတစုဟာ လက်ရှိတော်လှန်ရေးအင်အားစုတွေ သွားနေတဲ့ trend(ဦးတည်ရာ)နဲ့ မတူတဲ့ သီးခြား trend တစ်ခုကို သွားဖို့ ကြိုးစားနေတယ်လို့ ယူဆကြောင်း အထက်ပါ တော်လှန်ရေးအင်အားစုဝင်က ပြောပါတယ်။
“အဲဒီ trend မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ trend မျိုးဖြစ်အောင် ပုံဖော်ဖို့ ကြိုးစားတယ်ဆိုတာမျိုး မြင်ရတယ်။ အဲဒါသည် တခြားတိုင်းရင်းသားအင်အားစုတွေအတွက်တော့ တသားတည်းရှိနေသေးရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေ လက်ရှိ ပါနေကြသေးတဲ့သူတွေ NUG၊ CRPH ဘက်ကို မေးခွန်းတွေ ရှိလာနိုင်တယ်”လို့ သူက သုံးသပ်ပါတယ်။
ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်တစ်ဦးကလည်း NLD CWC ရဲ့ ထုတ်ပြန်ချက်က နွေဦးတော်လှန်ရေး လမ်းကြောင်းပေါ်ကနေ သွေဖီသွားပြီလို့ ယူဆရတာကြောင့် အခုလို ပြောစရာတွေ ရှိလာတာ ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။
စစ်ပွဲတွေဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်တာ မှန်ပေမယ့် လက်ရှိအခြေအနေက နွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်နဲ့ ဝေးကွာနေသေးတဲ့ အနေအထားတစ်ခု၊ တဖက်မှာ စစ်အုပ်စုက စစ်ရေးအရ အသားစီး ပြန်ရသလို ဖြစ်နေတဲ့ အနေအထားတစ်ခုမှာ တွေ့ဆုံဆွေးနွေးရေး လေသံပစ်တာက အညံ့ခံတဲ့ သဘောသက်ရောက်ကြောင်း ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်က သုံးသပ်ပါတယ်။
“ပြီးတော့ နွေဦးတော်လှန်ရေးရဲ့ အဓိက ခံယူချက်တစ်ခုကမင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုကို တရားမဝင် နိုင်ငံတော်အာဏာလုယူမှု၊နိုင်ငံတော် ပုန်ကန်မှု အဖြစ် အဓိပ္ပါယ်ဖွင့်ထားတာ၊ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကိုလည်း ပုန်ကန်မှု၊ လူသတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ အပြစ်ပေး အရေးယူနိုင်တဲ့အထိ ရည်မှန်းချက်ထားကြတာ။ တွေ့ဆုံဆွေးနွေးလိုက်တာနဲ့ မင်းအောင်လှိုင်ရဲ့ အာဏာလုထားတဲ့ လုပ်ရပ်ကို တရားဝင် အသိအမှတ်ပြုပြီးဖြစ်သွားမယ်။ မင်းအောင်လှိုင်ကို အရေးယူ အပြစ်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်ဟာလည်း အဝေးကြီးကိုရောက်သွားမယ်။ နောက်တစ်ခု စာထုတ်တဲ့သူတွေကို မေးချင်တာက မင်းအောင်လှိုင်က အခု နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံရေးကို လက်ခံလိုက်တဲ့ TNLA လိုမျိုး သူ့ကို သမ္မတ အဖြစ် အသိအမှတ်ပြုရမယ်၊ သမ္မတလို့ ခေါ်ရမယ် ဆိုရင် ဘယ်လို လုပ်မလဲ။ TNLA လမ်းကိုပဲ လိုက်ကြတော့မှာလားလို့ မေးစရာရှိတယ်”လို့ သူက ဆက်ပြောပါတယ်။
NLD CWC စာထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ အာဆီယံရဲ့ ကြားဝင်အားထုတ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြန်လည် လှုပ်လှုပ်ရှားရှားဖြစ်လာချိန်၊ မင်းအောင်လှိုင်ကို အကျပ်အတည်းပေးနိုင်တဲ့အခြေအနေမျိုးမှာ အဓိက ဆွေးနွေးဘက် ဖြစ်လာမလားဆိုပြီး ဒီထုတ်ပြန်ချက်နဲ့ ခုန်ဝင်လိုက်တာလို့ ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်က ရှုမြင်ပါတယ်။
“အာဆီယံက ပြောတဲ့ တွေ့သင့်တွေ့ထိုက်သူတွေထဲမှာ NLD ကိုယ်စားပြုပြီး သူတို့ ပါချင်တာပဲ၊ ဒါကြောင့် ကျွန်တော်တို့လည်းစကားပြောဖို့ စိတ်ဝင်စားတယ်ဆိုတာကို ကမန်းကတန်းထုတ်ပြောရတာလို့မြင်တယ်။ဒါကြောင့်လည်း အငြင်းပွါးဖွယ် အချက်တွေ ပါတဲ့ ဒီစာကို တော်လှန်ရေး ရေချိန် မကြည့်ဘဲ ထုတ်ခဲ့တာ”လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင် ၂၀ရက် NLD CWC ရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတဲ့ လွှတ်တော်အမတ်ကတော့ အဖွဲ့ချုပ်ကို CEC က ပြန်လည်တာဝန်မယူနိုင်ခင် ကာလမှာ CWC က တာဝန်ယူလုပ်ဆောင်နေပြီး ပါတီတွင်း အကွဲအပြဲရှိတယ်လို့ မမြင်မိကြောင်း ပြောပါတယ်။လွန်ခဲ့တဲ့၅နှစ်ကျော်ကာလ တလျှောက်လည်း ပါတီပုံမှန်အစည်းအဝေးတွေနဲ့ ၆ လတကြိမ် ပါတီဗဟိုကော်မတီဝင် ညီလာခံတွေ မပျက်မကွက်ကျင်းပနိုင်ခဲ့ကြောင်း သူက ရှင်းပြပါတယ်။ ပုံမှန်အစည်းအဝေးတွေမှာ ဆွေးနွေးသဘောတူခဲ့တဲ့ အချက်တွေ ဒီထုတ်ပြန်ချက်ထဲမှာ ပါရှိကြောင်းနဲ့ သူတို့အနေနဲ့လည်းအနုနည်းနဲ့တော်လှန်ရေးလုပ်နေကြောင်း အဲဒီလွှတ်တော်အမတ်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့ မိတ်ဆွေနိုင်ငံများရဲ့ အပြုသဘောဆောင် ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း NLD CWC က ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ဟာ မြန်မာ့အရေးကို ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ်ဆက်လက်တည်ရှိကြောင်းထပ်မံအတည်ပြုခဲ့ခြင်းကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။
ဆက်လက်ပြီး ‘အားလုံးပါဝင်ရေး’ဆိုတဲ့ အခြေခံမူဟာ သက်ဆိုင်သူအားလုံးရဲ့ ယုံကြည်မှုကို အခြေခံရမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆင့်လွှဲအာဏာကို သောင်ပြိုကမ်းပြို ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားပြုမှုရှိသောနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများရဲ့ အပြည့်အဝ ပါဝင်မှု မရှိတဲ့ ဘယ်လိုနိုင်ငံရေးဖြစ်စဉ်မျိုးမဆို ပြည်သူလူထုရဲ့ ယုံကြည် လက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြည့်ဝစွာ ရရှိဖို့ ခက်ခဲမယ်လို့ အလေးအနက် ယုံကြည်ကြောင်း NLD CWC က ဆိုပါတယ်။
နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားခြင်းက မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာအဓိကအတားအဆီးတရပ်အဖြစ် တည်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနဲ့ နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့ ရှုမြင်ကြောင်း NLD CWC က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ တရားဝင်ဆင့်လွှဲအာဏာ ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်ဆောင်ရွက်မှုမှာ မရှိမဖြစ် လိုအပ်ကြောင်း NLD CWC က ဖော်ပြပါတယ်။
ဒါပေမဲ့ NLD CWC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါဝင်တဲ့ မြန်မာ့နိုင်ငံရေးပြဿနာရဲ့ မူလအကြောင်းအရင်းမှာ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ လက်နက်အားကိုးနဲ့ အာဏာသိမ်းယူခဲ့ခြင်းကြောင့် ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်လို့ အငြင်းပွားဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးပြဿနာရဲ့ မူလအကြောင်းအရင်းက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၊ စစ်အာဏာသိမ်းတဲ့ အချက်တချက်တည်းကြောင့်မဟုတ်ဘဲ ၁၉၅၈/၆၂ နေဝင်းစစ်တပ်အာဏာသိမ်းချိန်ကစလို့ နှစ်ပေါင်းများစွာ တိုင်းပြည်နဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအပေါ် စစ်တပ်ရဲ့ဖိနှိပ်မှုပုံစံ အမျိုးမျိုး၊ စစ်တပ်ကသာလျှင် နိုင်ငံရေး၊ စီးပွားရေးအလုံးစုံကို လွှမ်းမိုးချုပ်ကိုင်လိုမှုတွေကြောင့် ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထောက်ပြဝေဖန်ကြပါတယ်။ဒါ့အပြင်လက်ရှိတော်လှန်ရေးအင်အားစုအများစု အသုံးပြုလက်ခံထားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ NLD CWC ရဲ့ ထုတ်ပြန်ချက်ပါ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အသုံးအနှုန်းနဲ့ပတ်သက်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။
NLD ပါတီဝင်တစ်ဦးကတော့ အဖွဲ့ချုပ်ဟာ ပြည်သူလူထုကိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုပြီး ကတိကဝတ်ပြုထားကြောင်းနဲ့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း နှစ်သက်ရာ အသုံးအနှုန်းကို သုံးနိုင်ကြောင်း တုန့်ပြန်ပါတယ်။ ။
















































