အောက်တိုဘာ – ၃၀၊၂၀၂၆
စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဦးဇာနည်အောင်ကို မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဒုရဲမှူးမြင့်ဇော်က တရားလိုပြုလုပ်ပြီး ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) နဲ့ထပ်မံတရားစွဲဆိုထားတာပါ။
ဒီနေ့ (အောက်တိုဘာလ ၃၀ ရက်)မှာတော့ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက် သေတွေဖြစ်တဲ့ ရဲ နဲ့ အုပ်ချူပ်ရေးမှုးတစ်ဦးကို စစ်ဆေးခဲ့ကာ လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ သက်သေ သုံး ဦး ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။

Public Service Announcement
ဦးဇာနည်အောင်ကိုတရားစွဲထားတဲ့ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဆိုတာက ခြေချုပ် ဒါမှမဟုတ် ခံဝန်ချုပ်နဲ့ ထားဖို့ သတ်မှတ်ထားတဲ့ အထူးဥပဒေ တရပ်ဖြစ်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီဥပဒေအရ တစ်နှစ်အတွင်း သတ်မှတ်ထားတဲ့ နေရာမှာ ပဲနေထိုင်ရတာ ၊ ရဲစခန်းဆီ လစဉ်သွားပြီးအကြောင်းကြားရတာတွေလုပ်ဆောင်ရတာပါ။
ဦးဇာနည်အောင်ဟာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေး တိုင်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးဖြစ်ပါတယ်။
သူ့ကို အာဏာသိမ်းစစ်တပ်က စစ်အာဏာသိမ်းမှုကိုဆန့်ကျင်အောင် ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ၊ ကိုဗစ်ကာလ အခမ်းအနားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေး ပုဒ်မ တွေ အပြင် အဂတိလိုက်စားတယ်ဆိုပြီးစွပ်စွဲကာ ထောင် ရှစ်နှစ်ချခဲ့တာပါ။
ဦးဇာနည်အောင်နည်းတူ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကိုစစ်တပ်က ဖမ်းဆီးခဲ့တာပါ။
တိုင်းဝန်ကြီးချုပ်ဖြစ်သူဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦးတို့ကတော့မတရားဖမ်းဆီးအကျဉ်းချခံရချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရတာကြောင့် ထောင်ထဲမှာပဲ ဆုံးပါးခဲ့ရပါတယ်။
ကျန်ဝန်ကြီးတွေကတော့ လွတ်ရက်စေ့လို့ စစ်တပ်က ပြန်လွှတ်ပေးထားပါတယ်။




















































