Connect with us

Hi, what are you looking for?

ဆောင်းပါး

ဝါဆိုလပြည့်မှာ ရွှေတိဂုံဘုရား​စောင်းတန်းကို အကျည်းတန်​စေသူ​တွေ

ဒီလိုနေ့မျိုးမှာ လောင်းကစားဝိုင်းတွေက ရွှေတိဂုံဘုရားရဲ့ ဈေးတန်းမှာလာလုပ်နေခွင့်ရတာက ဘယ်သူတွေ ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

Zack/People’s Spring

“နေတိုးလား ရွှေမှုံရတီလား”

“နေမင်းလား ဝိုင်းစုခိုင်သိန်းလား”

ဒီအသံတွေက ရွှေတိဂုံဘုရားရဲ့ အရှေ့ဘက် စောင်းတန်း ဈေးသည်တွေကြားမှာ ထွက်ပေါ်နေတာပါ။

Public Service Announcement

Public Service Announcement

မင်းသား မင်းသမီး နာမည်တွေ အော်‌နေတာကြောင့် သူတို့ ဇာတ်ကားတွေလား သူတို့ပုံပါတဲ့ ပြက္ခဒိန်လား လို့ စာဖတ်သူတွေ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။

ဒါပေမယ့် တတ်တတ်စင်အောင်လွဲပါတယ်။

တကယ်က မင်းသား မင်းသမီး ပုံတွေနဲ့ ဗီနိုင်းထုတ်ပြီး အလောင်းအစား လုပ်နေတာပါ။

မင်းသားပုံတစ်ဖက် မင်းသမီးပုံတစ်ဖက်ပါတဲ့ အပြားလေးကိုလှည့်ကာ ခွက်တစ်ခုနဲ့ အုပ်လိုက်ပြီး ခွက်လှန်လိုက်တဲ့ အချိန် ကျတဲ့ ပုံက အလျော်ရတာပါ။

ဒိုင်ကတော့ သူတို့ဘက်က မှန်ကန်စွာလုပ်ကိုင်တယ် ဆိုတာကို ပြတဲ့အနေနဲ့ အောက်ခံ အဝတ်စကိုလည်း ခါပြလိုက်ပါသေးတယ်။

ဒါပေမယ့် အလောင်းအစားတို့ ထုံးစံအတိုင်း သူတို့လိုသလို ကစားနေတဲ့ ကစားပွဲတစ်ခုပါပဲ။

သူတို့တွေက ဒိုင်ကိုင်တဲ့သူတွေချည်းသီးသန့်မဟုတ်ပဲ အဖွဲ့လိုက် လှုပ်ရှားကြတာပါ။

သူတို့အဖွဲ့ရဲ့လူတွေက ဘေးလူတွေစိတ်ဝင်စားအောင် ငါးထောင်တန် တစ်သောင်းတန်တွေ အထပ်လိုက်ကိုင်ပြီး အယောင်ပြထိုးပြနေပါသေးတယ်။

ဒီကစားပွဲကလမ်းဘေးမှာ လုပ်နေပေမယ့် စည်းကမ်းချက်တွေက များပါသေးတယ်။

ထိုးကြေးက အနည်းဆုံး ငွေတစ်ထောင်ပါ။ သူတို့ကစားပွဲကို ဓာတ်ပုံ ဗီဒီယိုရိုက်တာကိုလည်း တားမြစ်ထားပါတယ်။ဖုန်းကိုင်ထားရင် ဓါတ်ပုံရိုက်တယ်ထင်လို့ အနားကအမျိုးသမီး​တွေကအစ ဓါတ်ပုံမရိုက်ရဘူးလို့​အော်ပါတယ်။

တရားမဝင်ကစားပွဲမဟုတ်သလို လောင်းကစားဖြစ်တာကြောင့် ဥပဒေနဲ့ ငြှိစွန်းတာကိုတော့ သူတို့သိကြလို့ပါ။

သူတို့အဖွဲ့ကလူတွေက သားကောင်ရှာတာလည်းတော်ပါတယ်။ ကစားပွဲထဲကို စိတ်ရောက်သွားပြီ‌ဆိုတာနဲ့ ကိုယ့်အိတ်ထဲက ငွေတွေအကုန် သူတို့ လက်ထဲရောက်သွားမှာပါ။

ဒီလိုလောင်းကစားပါတဲ့ပွဲတွေက စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နယ်တွေရော မြို့ပြတွေမှာပါ ပြုလုပ်တဲ့ ပွဲတွေမှာ မပါမဖြစ်ပါ။

ဘာကြောင့်လည်းဆိုတော့စစ်တပ်၊ရဲ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့‌တွေအတွက် လိုင်းကြေးရလို့ပါ။

အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရပ်ကွက်ပွဲလေးတွေမှာ ဒီလိုလောင်းကစားအဖွဲ့တွေကို တွေ့ရပါတယ်။

ဒီလိုကစားပွဲကို စိတ်ဝင်စားလို့ ပါတဲ့သူတိုင်းလည်း အရှုံးနဲ့ချည်းပြန်ရတာပါပဲ။

အစပိုင်းမှာ အလျော်ရအောင်လုပ်ပေးတတ်ပေမယ့်ထိုးကြေးများတဲ့အချိန်မှာတော့အစားခံရမှာ အသေအချာပါပဲ။

“ကျွန်တော်တို့နားကပွဲမှာ ဝင်ဆော့တဲ့ကောင်လေးတစ်ယောက်ဆို စီးလာတဲ့ စက်ဘီးရော ဖုန်းရောပြောင်သွားတယ်” လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

တကယ်တော့ ဒီနေ့က ဗုဒ္ဓဘာသာဝင်တွေအထွဋ်အမြတ်ထားတဲ့ ဝါဆိုလပြည့်နေ့ပါ။

ဒီလိုနေ့မျိုးမှာ လောင်းကစားဝိုင်းတွေက ရွှေတိဂုံဘုရားရဲ့ ဈေးတန်းမှာလာလုပ်နေခွင့်ရတာက ဘယ်သူတွေ ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

ဒီမြင်ကွင်းကို မြင်ခဲ့တဲ့ ဘုရားဖူးတစ်ဦးကတော့ ရိုးရိုးလေး မှတ်ချက်ပေးပါတယ်။

“အကျည်းတန်တယ်” တဲ့။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားကိုလာရောက်သူ ပုံမှန်ထက်နည်းပါးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေ များလာတဲ့အတွက် ဒီကနေ့ မတ်လ ၁ရက်ကစပြီး ဘယ်လိုလောင်းကစားမျိုးကိုမဆို အရေးယူတော့မယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။