ဇွန်-၂၀၊၂၀၂၆။ရွှေပြည်စိုး၊မေ/People’s Spring
မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ နှစ်လယ်ပိုင်းအထိ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ခဲ့တဲ့ စဉ့်ကူး၊သပိတ်ကျင်း၊တကောင်း၊ မိုးကုတ်မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေ၊ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းအများအပြားကို စစ်တပ်နဲ့ ပျူ စောထီးတွေက ဖွင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။


” လူငယ်တွေကို ပစ်မှတ်ထားပြီဖျက်ဆီးနေတာ။အဲဒီနေရာတွေကနေ စစ်သားစုဆောင်းသလို စစ်တပ်ထဲမရောက်သေးတဲ့ လူငယ်တွေကို မူးယစ်ဆေးကိုလွယ်လွယ် ရအောင် ဖြန့်တယ်။ ဂိမ်းဆိုင်တွေမှာပဲအချိန်ကုန်လာကြတယ်။ နောက်ပြီး ပြည့်တန်ဆာတွေလည်းများလာတယ်”လို့ စဥ့်ကူးမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
မိုးကုတ်မြို့မှာလည်း KTVနဲ့ လောင်းကစားလုပ်ငန်းတွေများပြားလာပြီး စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထားပြီဖျက်ဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ကျောင်းတွေ ပြန်ဖွင့်တယ်။ ဒါပေမယ့် တစ်ဖက်မှာက မြို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်။ လူငယ်တွေ၊ ယောက်ျားလေးတွေရောမိန်းကလေးတွေရော မြို့မှာမထားရဲကြတော့တဲ့အထိ အကျင့်စာရိတ္တပျက်စီးအောင်လုပ်နေတယ်။ ဘယ်မှမသွားနိုင်လို့ကျန်ခဲ့တဲ့သူတွေက ဖျက်ဆီးခံနေရတယ်”လို့ မိုးကုတ်မြို့က အိမ်ထောင်ရှင်မတစ်ဦးကပြောပါတယ်။
၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးတိုက်ပွဲတွေအတွင်း စဉ့်ကူး၊သပိတ်ကျင်း၊တကောင်းမြို့တွေကို ၂၀၂၃နဲ့ ၂၀၂၄ခုနှစ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအောင်းတပ်(TNLA)၊PDF နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေကို စစ်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းကနေ စတင် စစ်ကြောင်းထိုးခဲ့ပြီး နှစ်ကုန်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားတာပါ။ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့အတူ TNLAက စစ်တပ်ထံ ပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။ တကောင်းမြို့ကိုတော့ ပြီးခဲ့တဲ့မတ်လမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထား ဖျက်ဆီးနေသလို တစ်ဖက်မှာတော့ ပျူးစောထီးတွေအကူအညီနဲ့ ဒေသခံတွေကို စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(မန္တလေး)ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်စွာဝင်းခိုင်က ပြီးခဲ့တဲ့ မေလမှာ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို လုံခြုံရေးစစ်ကြောင်းနဲ့ရောက်လာပြီး ဒေသခံတွေကို စားနပ်ရိက္ခာတချို့ ပေးပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း တော်လှန်ရေးတပ်တွေမသိမ်းယူခင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအဟောင်းကိုပဲ ပြန်ခန့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်က အုပ်ချုပ်ရေး ယန္တရားလလည်ပတ်အောင်နည်းမျိုးစုံ ကြိုးပမ်းနေတာတွေ့ရတယ်လို့ ဒေသတွင်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


















































