Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်တော်တို့ အပေါ် မတရား လုပ်တဲ့သူတွေကိုတော့ ဒီ ၂၀၂၂မှာ အပြီးသတ်တိုက်ဖျက်ရမယ်ဆိုတာ ခေါင်းထဲမှာ စွဲမှတ်ပြီးတော့ တစ်ခါတည်း လက်တွဲအလုပ်လုပ်သွားဖို့ပဲလိုတော့တယ်”

အာဏာသိမ်းစစ်ကောင်စီတပ်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် သဘောတူစာချုပ်ပါ အချက်များ အလေးထားလိုက်နာရန်နှင့် ချိုးဖောက်မှုများအပေါ် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဒီဇင်ဘာ ၃၁ ရက်တွင်ဆက်သွယ်ပြီး သဘောထားအမြင်များ မေးမြန်းဖော်ပြလိုက်ပါသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့်မေးမြန်းခန်း

​မေး-စစ်ကောင်စီတပ်က ထုတ်ပြန်ထားတာရှိပါတယ်။ ဒီကာလမှာ သူတို့ ဖမ်းဆီးထားတယ်ဆိုတဲ့ သူအရေအတွက်၊ လက်နက်အရေအတွက်တွေပါတယ် နောက်ပြီးတော့ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့တွေကို သတိပေးသလို ခြိမ်းခြောက်ထားသလို မျိုးပါတာပေါ့။ ဒီထုတ်ပြန်ချက်အပေါ် ဘာပြောလိုလဲ

​ဖြေ-စွပ်စွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပထမအချက်က ကျွန်တော်တို့ အဲဒီ လေးကေ့ကော်မှာရှိတဲ့ ဟိုလူတွေ ဒီလူတွေ သူတို့ ရမယ်ရှာပြီး ဟိုအပြစ်ရှာ ဒီအပြစ်ရှာ ဒါက ဘာကစလဲဆိုတော့ သူတို့ကိုယ်တိုင် စပြီးလုပ်တဲ့ကိစ္စပါ။ သူတို့ ဖော်တဲ့ဆေး သူတို့ စားနေရတာပဲ ရှင်းရှင်းပြောရရင်။ ကိုယ်ဖော်တဲ့ ဆေး ကိုယ်ကုန်အောင်စားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာထပ်သိမ်းတော့ သူ့ကို ဆန့်ကျင်တယ်။ ဆန့်ကျင်တော့ သူက လိုက်သတ်တယ်။ အဲဒါလူထုက မနေရဲ့တော့ ကျွန်တော်တို့ဆီပြေးလာတယ်။ ကျွန်တော်တို့ကလည်း လူသားချင်းစာနာထောက်ထားမှုအရ လက်ခံတယ်။ လက်ခံတော့ နောက်ဆုံးကျ အဲဒီကိုလာ ရန်ရှာတဲ့အခါမှာ ဘယ်လိုမှ မနေသာတော့တဲ့ အနေအထားမှာ လူသားတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်တဲ့အနေနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာအရလည်း ကျွန်တော်တို့က အထိပါးမခံတဲ့အခါ ကျွန်တော်တို့က ပြန်တိုက်တာ။ ဒါတစ်အချက် ဖြစ်လာရတဲ့အကြောင်းအရင်းက သူစွပ်စွဲသလို ဟိုကိစ္စကြောင့် ဒီကိစ္စကြောင့် PDF ကြောင့် ဒါက အပေါ်ယံတွေ။ ဒါက ပထမအချက်။ သူတို့ ပြောတဲ့ဟာ လုံး၀ မှားတယ်။ ကျွန်တော်တို့ ငြင်းပယ်တယ်။ နောက်တစ်ချက်က NCAနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က NCA ချိုးဖောက်တယ်လို့ သူတို့ပြောတာရှိတယ်။ အဲဒါကလည်း လုံး၀ စကားကို ပါးစပ်ထဲ တွေ့ကရာလျှောက်ပြောတာ ဘာမှ အဓိပ္ပါယ်မရှိတာ။ NCAဟာ ဘယ်သူ့ကြောင့် ပျက်စီးလဲဆိုတာ လူတိုင်းလဲ သိနေတာပဲ။ အာဏာထပ်သိမ်းလိုက်တော့ NCA က ဘယ်လိုမှ အလုပ်လုပ်လို့မရဘူး။ နောက်ပြီးတော့ အာဏာမသိမ်းခင်ကတည်းက NCA ရဲ့ အခြေခံမူကို သူတို့ ချိုးဖောက်ဖျက်ဆီးပြီးသား။ NCA မှာပါတဲ့အခန်း ၇ခန်းအရ NCAမှာ ပါတဲ့ သူ့ရဲ့အခြေခံမူဖြစ်တဲ့ နိုင်ငံရေးပြဿနာ နိုင်ငံရေးယဉ်ကျေးမှု အသစ်နဲ့ ဖြေရှင်းမယ်ဆိုတာ စစ်ကောင်စီရဲ့ ခေါင်းဆောင်ကိုယ်တိုင်က လက်မှတ်ရေးထိုးထားတယ်။ ဒါပေမဲ့ အဲဒါကို လုံး၀ ဂရုမစိုက်ဘဲနဲ့ ကိုယ်အန်ထားတဲ့ အန်ဖက်ကို ပြန်ပြီးတော့ မျိုစို့တဲ့သူတွေဆိုတာ ဒီနေရာမှာ ကောင်းကောင်းကြီး ရှင်းနေတာပဲ။ အဲဒါကြောင့် သူတို့ ပြောတဲ့ NCA ချိုးဖောက်တယ်ဆိုတာ သူတို့ကိုယ်တိုင် ချိုးဖောက်နေတာ သူများကို သွားအပြစ်ပုံချနေတာ။ ဒါက ရှင်းရှင်းလေးပဲ။ အခန်းက ခုနစ်ခန်းရှိတယ်။ အဲဒီ ခုနစ်ခန်းလုံးသူတို့ ချိုးဖောက်ထားတယ်။ အခုမှ ရမယ်ရှာပြီး NCAကို မလိုက်နာဘူး လုံခြုံရေးအကြောင်းပြပြီး ကျွန်တော်တို့ကို ရန်ရှာတာ။ ဒါကတော့ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်က အပြည့်အ၀ရှိပြီးသား။လုပ်ချင်သလိုလုပ်ရတယ်။ ကျွန်တော်တို့ကတော့ ကိုယ်ယုံကြည်တဲ့ ကိုယ့်ရဲ့ခံယူချက် မူဝါဒအတိုင်း ရပ်တည်သွားမှာပါ။ ဒါက သီးခြား ပြောစရာမရှိပါဘူး။

​မေး-တိုင်းရင်းသားအဖွဲ့​တွေအ​နေနဲ့ စစ်ကောင်စီက NCAကို သုံးပြီး လိုသလိုပြောဆိုနေတဲ့အပေါ် သတိပြုမိကြပါသလား။

Public Service Announcement

Public Service Announcement

​ဖြေ-တိုင်းရင်းသားလူမျိုးစုတွေက သိတဲ့အတိုင်းပဲ။ အဖွဲ့တွေက များတယ်။ နောက်ပြီးတော့ မူဝါဒကမတူ။ အခြေခံရပ်တည်ချက်ကလည်းမတူ ၊ဖြစ်တည်ပုံကလည်းမတူ။ နောက်ပြီးတော့ သူရဲ့ရည်မှန်းချက် ပန်းတိုင်တွေကလည်း မတူ။ နောက်ပြီး သူ့ရဲ့နောက်ကြောင်း ရာဇဝင် ဖြစ်ပေါ်လာတဲ့အပိုင်းကလည်း မတူတဲ့အခါကျတော့ မူဝါဒ မတူတဲ့အခါကျတော့ ပါးစပ်ကနေ စစ်အာဏာရှင်ဆန့်ကျင်တယ် ပြောပြီးတော့ အဲဒီ ဆန့်ကျင်တဲ့ဟာ ပါးစပ်ကနေ ပြောပေမယ့် လက်ကနေ လိုက်မလုပ်တဲ့ အဖွဲ့ကလည်း ရှိနေတာပဲ။ အဲဒါ ရှင်းရှင်းလေးရယ်။ခင်ဗျားတို့လည်း သိနေတာပဲ။ အဲဒါကြောင့်မို့လို့ ဒီအပိုင်းမှာတော့ ကောင်းကောင်း အသုံးချသွားတ။ နယ်ချဲ့ကို သူတို့ အပြစ်ပုံတယ်။ သူတို့ကိုယ်တိုင် နယ်ချဲ့လို့ တောက်လျှောက် ကျင့်သုံးလာတဲ့အခါကျတော့ အဲဒီ သွေးခွဲအုပ်ချုပ်ရေးနဲ့ အနိုင်ယူခြင်းဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ မတူညီတဲ့အနေအထားကို သူက အခွင့်ကောင်းယူပြီး အသုံးချသွားတာ။ အဲဒါကြောင့် သူက ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေ အပေါ်မှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဟိုနားသွား အချိုသတ်လိုက် ဒီနားသွားတိုက်လိုက်နဲ့ ဒါက တစ်လျှောက်လုံး လုပ်လာတဲ့ကိစ္စ အထူးအဆန်းမဟုတ်တော့ဘူး။ ဒါ လုပ်နေကျအတိုင်း သူဆက်လုပ်သွားမှာ။ ဒါကြောင့် တစ်ခုပဲရှိတယ် ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေက ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သိဖို့လိုပြီ။ တစ်ချိန်တည်းမှာပဲ ဒီနေ့ဟာ ၂၀၂၁ရဲ့ နောက်ဆုံးရက် ဖြစ်တဲ့အခါကျတေ့ မနက်ဖြန်ဆို နှစ်သစ်ကူးတော့မယ် ကျွန်တော်ပြောချင်တာက ဗမာပြည်တစ်ပြည်လုံး လူထုအားလုံး တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် အားလုံးပေါ့ဗျာ ကျွန်တော်တို့က ဒီတိုင်းပြည်ထဲမှာပဲ အတူနေကြတဲ့အခါကျတော့ ဘယ်မှလဲ သွားစရာမရှိပါဘူး ။အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အပေါ် မတရား လုပ်တဲ့သူတွေကိုတော့ ဒီ ၂၀၂၂မှာ အပြီးသတ်တိုက်ဖျက်ရမယ်ဆိုတာ ခေါင်းထဲမှာ စွဲမှတ်ပြီးတော့ တစ်ခါတည်း လက်တွဲအလုပ်လုပ်သွားဖို့ပဲလိုတော့တယ်။

​မေး-သူတို့ ထုတ်ပြန်ချက်က အပစ်ရပ်အဖွဲ့တွေကို ညွှန်းဆိုတာမျိုးဆိုတော့ NCA လက်မှတ်ထိုးထားတဲ့ ကျန်အဖွဲ့ တွေကို ဘာပြောလိုပါသလဲ။

​ဖြေ-စစ်ကောင်စီဆိုတာ တောက်လျှောက် စစ်အာဏာရှင်စနစ်က ဆင်းသက်လာတဲ့အဖွဲ့တွေပဲဆိုတော့ တစ်သွေးတည်း တစ်သားတည်း တစ်ပုံစံတည်း ပုံကပေါက်နေတယ်။ ဘယ်လိုပဲ နာမည်ပြောင်းပြောင်း ပုံစံတစ်ပုံစံတည်းထွက်နေတယ်။ အဲဒါကြောင့်မို့လို့ မြောက်ပိုင်းမှာရှိတဲ့အဖွဲ့တွေရော တောင်ပိုင်းမှာ ရှိတဲ့ အဖွဲ့တွေရော အနောက်ဘက်မှာ ရှိတဲ့အဖွဲ့တွေရော အရှေ့ဘက်မှာ ရှိတဲ့အဖွဲ့တွေရော အားလုံးက ကျွန်တော်တို့က တော်လှန်ရေးသမားတွေလို့ ခံယူပြီဆိုရင် မကောင်းမှုကို ဒီအတိုင်းရပ်ကြည့်လို့မရတော့ဘူး။ အခြားကိစ္စတွေ သူ့ကိစ္စ ကိုယ့်ကိစ္စဆိုတာရှိမှာပဲ ဒါပေမဲ့ လူထုမျက်နှာကို ထောက်ရှုခြင်းအားဖြင့် ဒီတစ်ပွဲကတော့ ၂၀၂၂ထဲမှာ အပြတ်လုပ်ဖို့လိုပြီ။ လက်တွဲဖို့ မကောင်းမှုကို ဖယ်ရှားဖို့မတရားမှုကို တော်လှန်ဖို့ဆိုတာကတော့ ကျွန်တော်တို့ လက်ထဲမှာပဲရှိတယ် ကျွန်တော်တို့မလုပ်ရင်ဘယ်သူမှ မလုပ်ပေးဘူးဆိုတာပဲ ပြောချင်တယ်။

​မေး-သူတို့ထုတ်ပြန်ချက် နောက်ဆုံးစာကြောင်းဆိုရင် တည်ငြိမ်းရေးကို အကြောင်းပြပြီး လုံခြုံရေးအရ ဆောင်ရွက်မယ်ဆိုတာမျိုး ဖော်ပြတဲ့အပေါ် KNU အနေနဲ့ဘယ်လို သဘောထား ရှိပါသလဲ။

​ဖြေ- အဲဒါလည်း ကျွန်တော်တို့ ဘာမှ တုန်လှုပ်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခုခံကကွယ်ပိုင်ခွင့်ဆိုတာ ဟိုး ၁၉၄၉ ကျွန်တော်တို့ တော်လှန်ရေးစကတည်းက လုပ်နေတဲ့ ကိစ္စပဲ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ လေလုံးနဲ့ပဲ ခြိမ်းခြောက်မလား လေယာဉ်ပျံနဲ့ပဲ ခြိမ်းခြောက်မလား ဒါသူတို့ လုပ်နိုင်တာ အကုန်လုံးလုပ်မှာပဲလေ။ ကျွန်တော်တို့ဘက်က ခုခံကာကွယ်ပိုင်ခွင့် အပြည့်အ၀ အသုံးချပြီး အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ရော၊ ကျွန်တော်တို့ လူမျိုးတွေ လုံး၀မပျက်သုဉ်းရေးအတွက်ရော၊ လူ့ဘောင်တစ်ခုလုံး
မပျက်သွားရေးအတွက်ရော အဲဒါတွေက ကျွန်တော်ပြောချင်တာက ဒီတိုင်းပြည်မှာ ရှိတဲ့ လူထုအားလုံးက ဒီအချက်အလက်တွေကို ဂရုပြုပြီး ဒီမကောင်းမှုလုပ်တဲ့အပေါ် ဆက်လက်ပြီး တိုက်ပွဲဝင်မှ ရမယ်ဆိုတာ ဒါပဲ ပြောချင်တယ်။

​မေး-မနေ့က ထုတ်ပြန်ချက်မှာတေ့ာ သူတို့ အဓိက ဖော်ပြတာက လက်နက်တွေဘယ် လောက်ဖမ်းမိထား တယ် လူတွေဘယ်လောက်ဖမ်းမိထားတယ်ဆိုတာမျိုးပေါ့။တချိန်တည်းမှာပဲ မနေ့က မနက်က KNU နယ်မြေမှာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်သားတွေ လက်နက်တွေနဲ့အတူ ဖမ်းမိတာ ရှိတာပေါ့။ ဒီအပေါ်ကို ဖုံးကွယ်လိုတာ မှေးမှိန်အောင် လုပ်တာမျိုးဖြစ်နိုင်လား ဒါကတော့ ထင်မြင်ချက်ကို မေးတာပါ။

​ဖြေ-ကျွန်တော်နားလည်တာက ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူထုတစ်ရပ်လုံးကလည်း မအ တော့ဘူးလေ။ အဲဒါတွေ အကုန်လုံးနားလည်ပြီးသားပါ။ သူတို့ ဘယ်လိုပဲ ဝါဒဖြန့်ဖြန့်လက်တွေ့ မြေပြင်အခြေအနေမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ အားလုံးသိပြီးသားမို့ သူတို့က အကုန်လုံးထိန်းချုပ်နိုင်ပါပြီ ဟိုပြောဒီပြောလုပ်နေပေမယ့် တကယ်တန်းကျတေ့ာ သူတို့ တပ်တွေက ဟိုးတပ်မှူးတွေကအစ
အဖမ်းခံနေရတာ ဘယ်လိုလဲဆိုတာ လူထုကလည်း ကောင်းကောင်းသိတယ်။ ဒီဟာကို သွားပြီး ဖြီးဖြန်းလို့မရတဲ့ခေတ်ကို ရောက်နေတယ်။

​မေး-နောက်ဆုံးအနေနဲ့ မေးလိုတာက နှစ်သစ်အတွက်လူထုတွေကို ဘာသတင်းစကားပါးလိုပါသလဲ။

​ဖြေ- ကျွန်တော်တို့ စိတ်သစ်၊ လူသစ်နဲ့ စုပေါင်းပြီး လူထုတစ်ရပ်လုံးကို ကျွန်တော်တို့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လက်တွဲပြီး စစ်ကောင်စီကို တစ်ခါတည်း အပြုတ်ရှင်းပစ်ရမယ့်အချိန်က ရောက်နေပြီဆိုတာကို စွဲစွဲမြဲမြဲ မှတ်ထားပြီး လုပ်စရာရှိတာကို ဆက်ပြီး လုပ်ရုံပဲ ကျန်တော့တယ်ဆိုတာ သတင်းကောင်းပါးချင်တယ်။ ဆုလည်းတောင်းပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။